လူငယ်တို့၏ အနာဂတ်အရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး

ကြေးမုံသတင်းစာတွင် ဖော်ပြထားသည့် “ချုပ်တည်းခြင်းငှာ မတတ်သာရင်ဖွင့်လို၍သာ” ဟူသော လွင် (မအူပင်) ၏ဆောင်းပါးကို ဖတ်ရှုပြီးနောက် ယခုဆောင်းပါးကို စာရေးသူရေးမိပေသည်။
စာရေးသူတို့ငယ်စဉ်က နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသည့်အတွက် အိမ်တိုင်း၌လျှပ်စစ်မီး မရှိ သကဲ့သို့ ရုပ်မမြင်အသံသာကြားရသည့် ရေဒီယိုသည်လည်း အိမ်တိုင်း၌မရှိပေ။
မြို့တစ်မြို့လျှင် ရုပ်ရှင်ရုံတစ်ရုံသာရှိသကဲ့သို့ အစိုးရအသိအမှတ်ပြု အရက်ဖြူဆိုင်သည်လည်း တစ်ရပ် ကွက်လျှင်တစ်ဆိုင်သာ ရှိပေသည်။ ကျောင်းသားလူငယ်များသည် မိမိတို့၏အားလပ်ချိန်များ ကိုစာ ဖတ်ခြင်း၊ ရေဒီယိုနားထောင်ခြင်း၊ ရုပ်ရှင်ရုံများ၌ ပြသသည့်ရုပ်ရှင်ကားများကို ကြည့်ခြင်းအားဖြင့် သာ အပန်းဖြေကြရသည်။
ယနေ့သည်ကား နည်းပညာများခေတ်မီတိုးတက်နေသော အချိန်အခါဖြစ်၍ လူငယ်များအတွက် အ ပန်းဖြေရန် ခေတ်မီကစားကွင်းကြီးများရှိသကဲ့သို့ ကစားနည်းများသည်လည်း ထူးထွေဆန်းပြားလှသည်။
အိုးပုတ်၊ ချိုးရုပ်၊ ပလုတ်တုတ် နေရာတွင်လျှပ်စစ်နှင့် ဘက်ထရီကိုအသုံးပြု၍ ကစားရသည့် ကစား စရာ များက နေရာယူလာသကဲ့သို့ မြန်မာ့ရိုးရာ ကစားနည်းများဖြစ်သည့် ခြင်းလုံးခတ်ခြင်း၊ ထုတ်ဆီး ထိုးခြင်း၊ ဖန်ခုန်ခြင်း၊ ကြက်ဖခွပ်ခြင်း အစရှိသည့်ကစားနည်းများနေရာတွင်လည်း အင်တာနက်ဂိမ်း များ၊ တီဗွီဂိမ်း များက အစားထိုးနေရာယူလာကြပြီဖြစ်သည်။ လူငယ်အများစုကို မှိုပေါက်သကဲ့သို့ ပေါ များနေသည့် ဘီယာဆိုင်များ၌တွေ့နိုင်သည့်နည်းတူ ဂိမ်းဆော့ကစားသည့်ဆိုင်များ၌လည်း တွေ့နိုင် ပေသည်။
မူလတန်းကျောင်းသားအရွယ် ကလေးများမှအစပြု၍ လူကြီးများအထိ ဂိမ်းကစားကြသည်။ “တန်ဆေး၊ လွန်ဘေး” ဆိုသကဲ့သို့ အားလပ်ချိန်၌ တစ်ခါတစ်ရံကစားခြင်းသည် အကြောင်းမဟုတ် သော်လည်း ဂိမ်း ကစားခြင်းကို စွဲလမ်းနေကြသည့် ကလေးများ၌ ကျောင်းသင်ဘာသာရပ်များတွင် စိတ်ပါဝင်စားမှု အားနည်းသွားတတ်ပေသည်။ လွန်ကဲစွာစွဲလမ်းခြင်းသည် လူငယ်တို့အတွက် အန္တ ရာယ်ရှိစေသည်။ ဂိမ်းကစားခြင်းကို စွဲလမ်းနေသည့် ကလေးတစ်ယောက်ကို မိဘများကဂိမ်းကစား ကြောင်းသိရှိ၍ မုန့်ဖိုး မပေးသည့်အတွက် အိမ်မှပစ္စည်းများကို ခိုးယူရောင်းချလျက် ဂိမ်းကစားသည်အ ထိစာရိတ္တပျက်စီး ယိုယွင်းခဲ့သည်။ မှတ်ဉာဏ်ကောင်းသည့်ကလေး ထိုကလေးသည် ကျောင်းပညာရေး ၌လည်း စိတ်ပါ ဝင်စားမှုမရှိတော့ဘဲ ပညာတစ်ပိုင်းတစ်စဖြင့် လေလွင့်လူငယ်ဘဝသို့ ရောက်ရှိခဲ့ရ သည်။
စာရေးသူသည် ပညာရေးဝန်ထမ်းဖြစ်သည့်အတွက် ကျောင်းသားများ ရုတ်တရက်ပညာရည်နိမ့်ကျ သွားပြီး ဘာသာရပ်ကျရှုံးမှုများရှိလာ၍ မိဘနှင့်တွေ့ဆုံဆွေးနွေးရာတွင် မိဘများက ဂိမ်းကစား၍ဖြစ်ရ ကြောင်း ဖွင့်ဟကြသည်။ မိဘ၊ ဆရာတို့၏ ဆိုဆုံးမမှုကိုနာခံကြသည့် ကျောင်းသားများအား အချိန်မီ ပြုပြင်ထိန်းသိမ်းပေးနိုင်သော်လည်း နာခံမှုမရှိသည့်ကျောင်းသားများအတွက်မူ ဆရာ၊ ဆရာမများက စိတ်မကောင်းဖြစ်ကြရသကဲ့သို့ မိဘများမှာလည်း မျက်ရည်ကျကြရပေသည်။ ကျောင်းတက်ချိန်တွင် ကျောင်းမတက်ဘဲ ဂိမ်းကစားရန်ရောက်လာသည့် ကလေးများကိုမိဘကဲ့သို့ စာနာစိတ်ဖြင့် လက်မခံ သင့်ပေ။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် မှုခင်းသတင်းဂျာနယ်တွင်ပါသည့် သတင်းတစ်ပုဒ်ကို အလျဉ်းသင့်၍ တင်ပြလိုပေသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ ကျောင်းတစ်ကျောင်းမှ ၁၃ နှစ်အ ရွယ် ကျောင်းသားလေးသည် အမြဲကျောင်းပြေး၍ အင်တာနက်သွားပြီး ဂိမ်းဆော့လေ့ရှိပါသည်ကို ဖခင် ကသိ၍ လိုက်ဖမ်းပြီးကလေး၏လည်းပင်းတွင် သံကြိုးစွပ်၍ တိုင်တွင်ချည်ထားပြီးအပြစ်ပေးခဲ့ သည်။ သားသမီးကိုဆုံးမခြင်းသည် အပြစ်မဟုတ်သော်လည်း ပြင်းထန်သောဆုံးမမှုသည် ကလေးသူ ငယ် ကိုနှိပ်စက်ညှဉ်းပန်းရာရောက်၍ ရဲတပ်ဖွင့်ဝင်များက ဖခင်ကိုအရေးယူရန်စီစဉ်နေကြောင်း ဖတ်ရှု ခဲ့ရ သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အင်တာနက်ဂိမ်းဆိုင်များ အလွန်ပေါများပြီး ကျောင်းသားလူငယ် များအား ထိန်းသိမ်းမရနိုင်၍ မိဘများစိတ်ဆင်းရဲနေကြရကြောင်း သိရပေသည်။
ဂိမ်းကစားခြင်းသည် မြန်မာနိုင်ငံရှိလူငယ်ထုအတွင်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်ထုအတွင်း ၌လည်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိပေသည်။ ဂိမ်းကစားခြင်းကြောင့် မျက်စိထိခိုက်ခြင်း၊ အာရုံကြောများအား နည်းလာခြင်း၊ မှတ်ဉာဏ်စွမ်းရည်လျော့ကျလာခြင်း၊ ကျောင်းသင်ဘာသာရပ်များကို စိတ်များဝင်လာ ခြင်း၊ စာရိတ္တပျက်စီးခြင်းတို့ ဖြစ်လာပေသည်။ နိုင်ငံတော်၏ အရန်အင်အားဖြစ်သည့် ကျောင်းသားလူ ငယ်ထု အတွင်း ဂိမ်းကစားမှုပျံ့နှံ့စိမ့်ဝင်နေခြင်းသည် အနာဂတ်မြန်မာနိုင်ငံအတွက် အန္တရာယ်တစ်ခု ဖြစ်ပေ သည်။
သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်တို့၏ အနာဂတ်ရည်မှန်းချက်ခရီးလမ်း ဖြောင့်တန်းစေရန် မိဘ၊ ဆရာများ၊ တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။
ကြေးမုံသတင်းစာ
ဇွန် (၂) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)