ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများက တည်ဆောက်မည့် ဆက်သွယ်ရေး စခန်းပေါင်း နှစ်သောင်းခန့် ရှိလာမည်



ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများမှ တစ်နိုင်ငံလုံး၏ ဆက်သွယ်ရေး ကွန်ရက်အတွက် တည်ဆောက်မည့် ဆက်သွယ်ရေး စခန်း အရေအတွက်သည် နှစ်နှစ် အတွင်း နှစ်သောင်းကျော် ဖြစ်လာ မည်ဟု စုံစမ်း သိရသည်။

ရတနာပုံတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအစ ရှိသည့် အများပိုင် ကုမ္ပဏီများနှင့် Telenor Myanmar, Ooredoo Myanmar အစရှိသည့်ကုမ္ပဏီလေးခုသည် ဆက်သွယ်ရေး စခန်းများကို တည်ဆောက်နေ ကြပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

အထက်ပါ ဆက်သွယ်ရေး ကုမ္ပဏီလေးခု အနက် နော်ဝေကုမ္ပဏီက ၎င်းတို့ တည်ဆောက်သွားမည့် ဆက်သွယ်ရေး စခန်းအရေအတွက် အတိအကျကို အများပြည်သူသို့ ထုတ်ဖော် ပြောကြားလာခြင်း ဖြစ်ပြီး ကျန် မိုဘိုင်း အော်ပရေတာများမှာ အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

နော်ဝေနိုင်ငံ၏ Telenor Myanmar သည် တစ်နိုင်ငံလုံးအနှံ့ ဆက်သွယ်ရေး စခန်းပေါင်း ရှစ်ထောင်ကို တည်ဆောက်သွားမည်ဖြစ်ပြီး တစ်လလျှင် ဆက်သွယ်ရေး စခန်းပေါင်း သုံးရာမှလေးရာ အတွင်း တည်ဆောက်သွားမည်ဟု ယင်းကုမ္ပဏီမှ သိရသည်။

“ကျွန်တော်တို့ရဲ့ ပထမဆုံး ဆက်သွယ်ရေး စခန်းပေါင်း တစ်ထောင်ကို တည်ဆောက်ဖို့ အတွက်ကတော့ စိန်ခေါ်မှု ကြီးကြီးမားမားပါပဲ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်မှုကို လျင် လျင်မြန်မြန် လုပ်သွားမှာပါ” ဟု Telenor Myanmar ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Telenor Myanmar သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစခန်းများ တည်ဆောက်ရန် အတွက် Ericsson, Huawei, Wipro အစရှိသည့် နိုင်ငံခြား နည်းပညာကုမ္ပဏီများနှင့် သဘောတူ စာချုပ်များ ချုပ်ဆိုပြီး လုပ်ကိုင်ဆောင်ရွက်နေပြီ ဖြစ်သည်။

ယင်းကုမ္ပဏီနှင့် အပြိုင် လုပ်ကိုင်မည့် ကာတာနိုင်ငံ၏ Ooredoo ကုမ္ပဏီသည်လည်း ဆက်သွယ်ရေး စခန်းများကို အများအပြား တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းအတွက် လုပ်ငန်းများကို စတင် လုပ် ကိုင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ကာတာကုမ္ပဏီသည် ဆက်သွယ်ရေး စခန်းများ တည်ဆောက်ရန် အတွက် ZTE, NSN (Nokia Solutions Networks) အစရှိသည့် ပြည်ပနည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်းထားပြီ ဖြစ်သည်။

ယခုလက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုနေ ရသူများသည် အစိုးရမှ တည်ဆောက်ပေးထားသည့် ဆက်သွယ်ရေး တာဝါတိုင် မလောက်ငှမှုကြောင့် မကြာခဏ ဆိုသလို ဆက်သွယ်ရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေကြရသည်။



ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...