ပညာရေးယိုပေါက်၊ ပြည်သူ့အားနဲ့ ဆင်းရဲမှုလျှော့ချရေး
Written by ဒေါက်တာမောင်သင်း
ကျွန်တော်တို့ဆီမှာ နှစ်စဉ်ကျောင်းစဖွင့်ရင် ကျောင်းအပ်တဲ့နှုန်းဟာ အားရစရာပါ။ ကျောင်းသင်ပညာ ရေးဟာ “စ” (ကျောင်းအပ်နှံခြင်း)၊ “လယ်” (ကျောင်းတက်မှန်၍ ကျောင်းမြဲနှုန်း မြင့်မားခြင်း)၊ “အဆုံး” (စာတတ်မြောက်ပြီးလူသားရဲ့ အခြေခံစွမ်းရည်များ ပိုင်ဆိုင်အောင် လေ့ကျင့်မွေးထုတ်ခြင်း) ဆိုတဲ့ သုံးပါးစလုံး အောင်မြင်အောင် လုပ်ရမယ့်အလုပ်ပါ။ ကျောင်းအပ်တာဟာ ပညာရေးရဲ့တာထွက်အ ဆင့်သာဖြစ်ပြီး အပ်ထားတဲ့ကျောင်းသားအားလုံး နှစ်ဆုံးထိသင်ကြားမှုရှိပါမှ ပန်းတိုင်ရောက်တာပါ။ အဲဒီကိစ္စဟာ ဆရာ၊ ဆရာမတွေမှာ အဓိကတာဝန်ရှိသော်လည်း မိဘများ၊ ရပ်ကွက်/ကျေးရွာနဲ့ နိုင်ငံ ကိုဆင်းရဲမှုကင်းလွတ်စေချင်သော နိုင်ငံသားအားလုံး ပါဝင်ပူးပေါင်းပါမှ အောင်မြင်မည့်အမျိုးသားရေး လုပ်ငန်းပါ။
နှစ်စဉ်စာသင်နှစ်မကုန်မီ ကျောင်းထွက်ရတဲ့ကလေးတွေကို ပညာရေးယိုပေါက် (ပညာရေးအဟောသိ ကံ) လို့ခေါ်ပါတယ်။ မိဘတွေစီးပွားရေးမပြေလည်လို့ဝိုင်းပြီး ဝင်ငွေရှာရတာမို့၊ ကောက်ရိတ်သိမ်းချိန်မို့ မိဘကူရတာတို့၊ ကလေးဝိုင်းထိန်းရတာတို့ စတဲ့အခက်အခဲတွေကြောင့် ကလေးတွေပညာသင်နှစ်ဆုံး အောင်ကျောင်းမတက်နိုင်ဘဲ ကျေင်းထွက်ခဲ့ကြရပါတယ်။ အဲဒီပညာရေး အဟောသိကံဖြစ်စဉ် ကျွန် တော်တို့ဆီမှာ အမြစ်တွယ်နေတာ ရာစုဝက်ကျော်ကြာခဲ့ပါပြီ။ နိုင်ငံတကာပညာရေးနဲ့ စီးပွားရေးပညာ ရှင်တွေရဲ့ လေ့လာချက်အရ လူ့အဖွဲ့အစည်းမှာ ပညာရေးအဟောသိကံဖြစ်မှုနှုန်းများလေလေ ဆင်းရဲ မှုကင်းပြီးဖွံ့ဖြိုးမှုကိုချီတက်ရန် ပညာရေးယိုပေါက်မဖြစ်မနေ ကျွန်တော်တို့အရင်ပိတ်ရပါလိမ့်မယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ မူလတန်းပညာရေးကို မသင်မနေရအဆင့်ထားပြီး အောင်မြင်အောင် အကောင် အထည်ဖော်ရတဲ့ အဓိကရည်မှန်းချက် နှစ်ချက်ကတော့-
(၁) မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် အလုပ်ခွင်တို့တွင် ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများကို စနစ် တကျ ရင်ဆိုင်ဖြေရှင်းပေးနိုင်မည့်စာပေတတ်မြောက်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ သားကောင်းများ မွေးထုတ်ပေးရန်၊
(၂) ဘဝတစ်လျှောက် စဉ်ဆက်လေ့လာပညာသင်ယူနိုင်မှု အရည်အသွေး အခြေခံအုတ်မြစ်ချပေး ရန်တို့ ဖြစ်ပါတယ်။ အထက်ပါအရည်အသွေးတွေကို ပိုင်ဆိုင်ပြီဆိုလျှင် လူသားတစ်ဦးစီမှာ-
(က) လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန် ကြိုးပမ်းအားထုတ်နိုင်စွမ်း ရှိလာခြင်း၊
(ခ) အသိပညာနှင့် နားလည်သဘောပေါက်မှု မြင့်မားလာခြင်း၊
(ဂ) စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေခြင်း (စူးစမ်းလေ့လာလိုစိတ် ပွားများ လာခြင်း၊ ကိုယ်ကျင့်တရားခိုင်မာမှုကို တန်ဖိုးထားခြင်း၊ အမြင်ကျယ်ခြင်းနှင့် ရှေ့ရေးကိုကြိုတင်မြော် မြင်တတ်ခြင်း၊ အလုပ်ကိုဇွဲရှိရှိ လုပ်ဆောင်နိုင်ခြင်း၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ရပ်ရွာ၏ ဘုံရည်မှန်းချက်အကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိခြင်း။)
မူလတန်းပညာရေးဆိုတာ စာတတ်ရန်သက်သက်သာသာသင်ဖို့မဟုတ်ပါ။ ကျွန်တော်တို့သတိပြုရမှာ ကစာသာသင်တဲ့ မူလတန်းပညာရေးဟာ အောင်မြင်တဲ့ပညာရေးမဟုတ်ဘူးဆိုတာပါပဲ။ စာပေတတ် မြောက်တာနဲ့ အပြိုင်လူသားတိုင်းမှာရှိရမယ့် အခြေခံပညာအရည်အသွေးတွေကို ပိုင်ဆိုင်သွားအောင် လေ့ကျင့်ပေးခြင်းပါ။ အသိပညာမြင့်မှ ဆင်းရဲမှုသံသရာက ရုန်းထွက်လိုစိတ် ထက်သန်ရေးကို ပိုင်ဆိုင် လာပါတယ်။ ဆင်းရဲမှုကင်းမှ ဖွံ့ဖြိုးမှုကိုဆောင်ရွက်နိုင်မှာမို့ “လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုရဲ့အစ မူလတန်းပညာရေးက” ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက လက်ခံကျင့်သုံးနေပါတယ်။ ဒါကြောင့်မူလ တန်းပညာရေးကို မသင်မနေရအဆင့်ဆိုပြီး ချမှတ်အကောင်အထည်ဖော်နေကြတာပါ။ ပညာရေးယို ပေါက်ပိတ်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေးဟာ အစိုးရမှာအဓိကတာဝန်ရှိတာမှန်ပေမယ့် ငါတို့မှာလည်း တာဝန်ရှိ တယ်ဆိုတာ သတိပြုပြီးပူးပေါင်းပါဝင်ဖို့လိုပါတယ်။ မဖြစ်မနေ ပါဝင်သင့်သူများမှာ-
(၁) ကျွန်တော်တို့ကျောင်းဆရာ၊ ဆရာမများ
ကျေးလက်နှင့် ဆင်ခြေဖုံးမှာရှိတဲ့ မူလတန်းကျောင်းတွေက ဆရာ၊ ဆရာမတွေဟာကလေးတွေ ကျောင်းမတက်ရင် နေမကောင်းလို့လား၊ ဘာအဆင်မပြေလို့လဲဆိုပြီး အိမ်တိုင်ရာရောက် မေးမြန်း ဆွေးနွေးနေပြီး မိဘတွေကိုနှစ်သိမ့်တယ်၊ ကလေးထိန်းဖို့ဆိုရင် ကျောင်းခေါ်လာလို့ရတဲ့အရွယ်ဆို ခေါ်လာစေတယ်။ မိဘကိုကူလို့ ကျောင်းပျက်တဲ့ကလေးတွေကို ညဘက်အိမ်ခေါ်ပြီးသင်ပေးတယ် (ငွေပေးရတဲ့ကျူရှင်မျိုး လုံးဝမဟုတ်ပါ။) ကျောင်းဆရာဆိုတာ မိမိရဲ့ကျောင်းသားတွေကို ပညာမျက်စိ ဖွင့်ပေးရမှာသာ တာဝန်ရှိတာမဟုတ်ပါ။ ကျောင်းတည်ရှိရာဝန်းကျင်မှာရှိတဲ့ လူ့အဖွဲ့အစည်း၏အသိ ပညာထွန်းတောက်ရေးကိုပါ ဆောင်ရွက်ပေးရမှာမို့ မိဘများ၏ပညာရေးအမြင်ကျယ်အောင်လည်း ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းအသိဉာဏ်ပညာမြင့်မားအောင် ဆောင်ရွက်ကြမှာ။ ဒါမှပညာရေးယိုပေါက်ကို ပိတ်နိုင်မှာ။
(၂) ကျောင်းအကျိုးတော်ဆောင်အဖွဲ့
ကျောင်းအကျိုးတော်ဆောင်အဖွဲ့ရဲ့ အဓိကအလုပ်က ကလေးတွေရဲ့ပညာရေးကောင်းဖို့ ဝိုင်းဝန်း ကူညီပံပိုးခြင်းပါ။ ကျောင်းမှာလိုအပ်တဲ့သင်ထောက်ကူပစ္စည်း၊ သောက်ရေ၊ အဆောင်အအုံတိုးဖို့၊ ပြင်ဖို့လောက်သာ ဆောင်ရွက်ဖို့မဟုတ်ပါ။ ကိုယ့်ကျောင်းက ကျောင်းသားတွေကျောင်းထွက်တဲ့ယို ပေါက်ကိုလည်း ဂရုပြုပြီးပိတ်နိုင်စွမ်းရှိရပါလိမ့်မယ်။ ပြီးတော့ကလေးတွေမဖြစ်မနေ ကျောင်းပြန်တက် နိုင်အောင် မိဘတွေနဲ့ ဆွေးနွေး၊ နှစ်သိမ့်၊ အကြံပြု၊ လိုတာကူညီဖြည့်ဆည်းပေးပြီး ကျောင်းကိုမ ရောက်ရောက်အောင် ပြန်ပို့တဲ့အလုပ်ကိုလည်း လုပ်ဆောင်သင့်ပါတယ်။ အဲဒီအဖွဲ့ဟာ ရပ်ရွာအပေါ် မှာစေတနာအလွန်ကြီးမားကြပြီး လူမှုရေးကောင်းမွန်ကာ သြဇာကိက္ကမကြီးသူများနှင့် ဖွဲ့စည်းထားတာ မို့ ပညာရေးယိုပေါက်ကို ပိတ်နိုင်တဲ့စွမ်းအားလည်း ရှိကြပါတယ်။ ကလေးပညာကောင်းဖို့တို့တာဝန်ဆို တာရယ်၊ ကလေးတစ်ယောက် ကျောင်းထွက်တာဟာ တို့ရပ်၊ တို့ရွာမှာ ဆင်းရဲမွဲတေမှုနှုန်း မြင့်စေတာ မို့တို့ရပ်၊ တို့ရွာဖွံ့ဖြိုးစေရန် ကလေးအားလုံးကျောင်းမြဲကာ မူလတန်းပညာပြီးဖို့ လိုတယ်ဆိုတဲ့သတိ မမြဲချပ်ပြီးဆောင်ရွက်နိုင်ကြရပါမယ်။
(၃) မိဘများ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများ
တိုင်းပြည်ဆင်းရဲနွမ်းပါးမှုနှင့် တရားခံဟာ ရုပ်ဝတ္ထုရှားပါးခြင်း မဟုတ်ပါ။ ပြည်သူတွေရဲ့ အသိဉာဏ် ပညာဆင်းရဲမွဲတေမှုပါ။ မိဘများသတိပြုရပါလိမ့်မယ်။ ဆင်းရဲမှုသံသရာကို မိဘများဆီကနေ ယနေ့ ကလေးငယ်တွေနဲ့ သူတို့ရဲ့နောက်မျိုးဆက်ဆီ မရောက်အောင် အပြီးတိုင်အမြစ်ဖြတ်ရပါလိမ့်မယ်။ ဖြတ်ဖို့နည်းကတော့ ကလေးတွေအသိဉာဏ်ကြွယ်ဝရန် ဝိုင်းဝန်းကူညီပေးရေးကအဓိကဖြစ်ပါတယ်။ ကျောင်းအပ်ပြီးရင် ပြီးရော၊ ကျောင်းရောက်ရင် စာတတ်ဖို့က ဆရာ၊ ဆရာမတွေတာဝန်ဆိုတဲ့ အစွဲကို မိဘများဖျောက်ဖို့ပါ။ မိဘများနှင့်အတူ ရပ်မိရပ်ဖများနဲ့ တာဝန်ရှိသူအားလုံးဟာ တို့ရပ်၊ တို့ရွာဖွံ့ဖြိုး ရေးဟာ ကလေးတွေရဲ့ မူလတန်းပညာပြီးမြောက်မှုအပေါ် မူတည်နေတယ်ဆိုတာကို မြင်ဖို့ပါပဲ။ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးမှသည်တစ်နိုင်ငံလုံး မူလတန်းပြီးမြောက်ကာ လူ့အဖွဲ့အစည်းတစ်ခုလုံး ပညာရည်မြင့်မားဖို့ပါ။ ဒါကြောင့်တို့ဝိုင်းပြီးကူကိုကူရမယ်ဆိုတဲ့ “တိုင်းပြည်အကျိုးပြု အသိတရား အမြင်” ဖြင့် ရပ်မိရပ်ဖတွေ၊ ကျေးရွာ/ရပ်ကွက် အာဏပိုင်အဖွဲ့အစည်း အားလုံးကဝိုင်းကူဖို့ လိုပါလိမ့် မယ်။
(၄) NGO အဖွဲ့များ
မြန်မာ့ပညာရေးကောင်းမွန်ဖို့ ပြည်တွင်း NGO အဖွဲ့ပေါင်းစုံက မိမိတို့နိုင်သမျှအားနဲ့ ဆော်သြကြပြီး ကျောင်းအဆောက်အအုံ၊ သင်ထောက်ကူပစ္စည်း၊ စာရေးကိရိယာအစုံ၊ ဆရာ၊ ဆရာမလစာတွေပါ ဝိုင်းဝန်းထောက်ပံ့ပေးပါတယ်။ ကျောင်းသားတစ်ဦးချင်းတစ်နှစ်စာ ထောက်ပံ့တာလည်း ရှိပါတယ်။ သာဓုခေါ်ပါတယ်။ NGO အဖွဲ့မျိုးစုံက ထောက်ပံ့ကူညီတဲ့အထဲမှာ ကျောင်းအပ်ပြီးကျောင်းထွက်သွား ကာ အလုပ်လိုက်လုပ်နေသူ၊ လမ်းပေါ်ရောက်နေသူ၊ မိဘကူနေသူစတဲ့ “ပညာရေးယိုပေါက်” ကနေ ကျောင်းအပြင်ရောက်နေသူတွေအားလုံးကို ကျောင်းအတွင်း ပြန်လည်ရောက်ရှိပြီး ကျောင်းမြဲတဲ့က လေးတွေဖြစ်အောင် ကူညီပံ့ပိုးပေးဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။
(၅) ဆရာတော်နဲ့ သီလရှင်များ
ဆရာတော်၊ သံဃာတော်များဟာ မိမိရပ်ရွာအပေါ် အင်မတန်သြဇာကြီးမားကြသူများဖြစ်ကြလို့ မိဘ များနဲ့ရပ်မိရပ်ဖများကို ကလေးတွေကျောင်းမြဲအောင် ဝိုင်းဝန်းတိုက်တွန်းကူညီပေးကြပါရန် ရိုသေစွာ ဖြင့်လျှောက်ထားအပ်ပါတယ်။ ဘုန်းတော်ကြီး၊ သီလရှင်တွေဦးစီးတဲ့ မူလတန်းကျောင်းတွေဆိုရင် မိမဲ့၊ ဖမဲ့အပါအဝင် ကျောင်းမထားနိုင်သူကလေးတွေကို ကျောင်းရောက်အောင်ခေါ်တဲ့အပြင် ကျောင်းသား တွေကို အစားအစာနှင့် အဝတ်အစားပါ ဖြည့်ဆည်းပေးပါတယ်။ ဒါ့အပြင်ဆရာ၊ ဆရာမတွေကို လစာ လည်းပေးပါတယ်။ ဒါ့အပြင်ဆရာ၊ ဆရာမတွေကို လစာလည်းပေးပါတယ်။ ပညာရေးယိုပေါက်အနည်း ဆုံးကို ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေမှာတွေ့ရတာမို့ အားရစရာပါ။ သမိုင်းစဉ်တစ် လျှောက် (ပဒေသရာဇ်ခေတ်မှသည် ကိုလိုနီခေတ်ထိ) မြန်မာစာတတ်မြောက်မှုနှုန်း မြင့်မားအောင် ဆောင်ရွက်ခဲ့ကြသူများပါ။ အဲဒီလိုကျောင်းတွေ တည်တံ့အောင်၊ ဖွံ့ဖြိုးအောင်နဲ့ ပွားများအောင် နိုင်ငံ သားအားလုံး ဝိုင်းဝန်းကူညီပေးကြပါလို့ နှိုးဆော်ပါရစေ။
(၆) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ထင်သာမြင်သာတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆည်မြောင်း၊ ဆေးပေးခန်းစတဲ့ အခြေခံအ ဆောက် အအုံတွေပြည့်အောင် စွမ်းဆောင်ပေးနေတာတွေ့ရလို့ ဝမ်းသာပါတယ်။ အဲဒါတွေကို ထိန်းသိမ်းနိုင် စွမ်းရှိပြီး မိမိရပ်ရွာဒေသကို ပိုမိုဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးပွားရေးကို ဆောင်ရွက်ခြင်းဟာရပ်ရွာဒေသ ရေရှည်ဖွံ့ဖြိုးမှုရဲ့မဏ္ဍိုင်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှုအရှိန်နှုန်း လည်း မြင့်တက် လာမယ်လို့ မြင်မိပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အခြေခံပညာကျောင်း တွေမှာ ကျောင်းမြဲနှုန်းမြင့်မားအောင် ပညာရေးယိုပေါက်တွေကို ဝိုင်းပိတ်ခြင်းက အဓိကလို့ထင်ပါ တယ်။ သို့ပါ၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရပ်မိရပ်ဖများ၊ ပညာရေးဌာနမှ တာဝန် ရှိသူများ၊ ကျေးရွာ/ရပ်ကွက်နဲ့ ဒေသဆိုင်ရာအာဏာပိုင်များနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး လူသားအရင်းအ မြစ်ညံ့သွားတာနဲ့အတူ ဆင်းရဲမှုသံသရာလည်စေမည့် ပညာရေးယိုပေါက်ကိုပိတ်ပြီး ကျောင်းမြဲနှုန်းမြင့် မားလာအောင် မိမိတို့ရပ်ရွာဒေသတွေမှာ စွမ်းဆောင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။
အချုပ်အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီး နိုင်ငံတော်ရဲ့အမျိုးသားရည်မှန်းချက်ဖြစ်တဲ့ “မသင်မနေရ မူလတန်းပညာရေး” ဟာဆောင်းပါးအစမှာ ပြောခဲ့သလို “စ” “လယ်” “ဆုံး” သုံးပါးစလုံး ကောင်းမွန်ဖို့တော့ ပြည်သူ့အားနဲ့ ဝိုင်းဝန်းအကောင်အထည်ဖော်မှ အောင်မြင်မှာပါ။ ကျောင်းနေအ ရွယ်ကလေးတွေ ကျောင်းထွက်နှုန်းနည်းပါးပါမှ နိုင်ငံရဲ့ဆင်းရဲမှု သံသရာက လွတ်မှာဆိုတဲ့အမြင်ကို အားလုံးလက်ကိုင်ထားကာ ကျောင်းမြဲပြီး အခြေခံပညာမူလတန်းပြီးမြောက်နှုန်းမြင့်မားစေရန် နိုင်ငံ သားတိုင်းကဝိုင်းဝန်းကူညီပံ့ပိုးမှုတွေကို လုပ်ကိုလုပ်ရပါလိမ့်မယ်။ ဒါမှသာယနေ့မိဘတွေရဲ့ ဆင်းရဲနွမ်း ပါးမှုသံသရာ (အသိဉာဏ်ဆင်းရဲမှုအပါအဝင်) ကို သူတို့တစ်တွေရဲ့ နောက်မျိုးဆက်ထိ မရောက် အောင် တားဆီးပိတ်ပင်နိုင်မှာ။ သို့ပါ၍ “နိုင်ငံဆင်းရဲမှု ကင်းဝေးရေးအစ နိုင်ငံသားအားလုံး မူလတန်း ပညာရေးပြီးမြောက်မှုဟာအဓိက” လို့အဆိုပြုအပ်ပါတယ်။ ။

ကြေးမုံသတင်းစာ
ဇွန် (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)