သူရဲကောင်း



ပြင်သစ်စာရေးဆရာ Victor Hugo (1802.2.26-1885.5.22) က ဒီလိုစကားတစ်ခွန်း ဆိုခဲ့ပါတယ်။

"ကျရှုံးခြင်းက ကျရှုံးသူကို ပိုပြီးမြင့်မြတ်စေခဲ့တယ်။ လဲနေတဲ့နပိုလီယံက ရပ်နေတဲ့နပိုလီယံထက် ပိုမြင့်မြတ်ခဲ့ပါတယ်"

၁၈၁၅ခုနှစ် Waterlooစစ်ပွဲအပြီးမှာ နပိုလီယံတစ်ယောက် နယ်နှင်ဒဏ်ခံရပြန်တယ်။ ဒီတစ်ခေါက်တော့ သူ့ကို ဝေးလံတဲ့ အတ္တလန္တိတ်သမုဒ္ဒရာနားက Saint Helenaကျွန်းကို နှင်လိုက်ပါတယ်။ ၅နှစ်အကြာမှာ နပိုလီယံဟာ အဲဒီကျွန်းပေါ်မှာပဲ တစ်ယောက်တည်း အထီးကျန်ဆန်စွာနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ဒါပေမယ့် ဒီကနေ့ရဲ့ Waterlooမှာတော့ နပိုလီယံရဲ့ရုပ်တုက မားမားမတ်မတ်ကြီး ရှိနေခဲ့ပါတယ်။ မောက်မာဝင့်ကြွားတဲ့ ဂျပုဘုရင်နပိုလီယံဟာ ချပ်ဝတ်တန်ဆာအပြည့်နဲ့ အားရကျေနပ်စွာ အောင်မြင်တဲ့ ကိုယ်နေဟန်ထား ပြနေခဲ့တယ်။

ဥရောပတိုက်သားတိုင်းရဲ့ရင်ထဲမှာ နပိုလီယံရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရှိခဲ့သလို မြင့်မြတ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး၊ ထက်မြက်တဲ့စစ်သူကြီး၊ သူရဲကောင်းတစ်ဦးအနေနဲ့လည်း ရှိခဲ့ပါတယ်။ ဝါတာလူးစစ်ပွဲမှာ နပိုလီယံဟာ လုံးဝရှုံးနိမ့်သူဖြစ်ခဲ့ပေမယ့် ပြိုင်ဖက်ကို ပြားပြားဝပ်စေခဲ့ပြီး သူ့နာမည်ကို လူတွေထာဝရ စွဲမြဲမှတ်သားသွားစေအောင် အကျိုးသက်ရောက်မှုရှိခဲ့တယ်။

သမိုင်းမှာ နာမည်ကြီးခဲ့သူတချို့၊ ယနေ့ထိ လူတွေစွဲစွဲမြဲမြဲ မှတ်မိနေသူတချို့ဟာ အဖက်ဖက်က ကျရှုံး ခဲ့ဖူးတယ်ဆိုပေမယ့် သူတို့ကို သူရဲကောင်းမဟုတ်ဘူးလို့တော့ မပြောနိုင်ပါဘူး။

အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူတိုင်းက ရွှေတံဆိပ်ဆုကို မျှော်မှန်းကြသူတွေချည်းပါ။ ဒါပေမယ့် ရွှေတံဆိပ်ဆုက တစ်ခုပဲရှိတဲ့အတွက် အနိုင်အရှုံးဆိုတာကို အားကစားသမားတိုင်း ရင်ဆိုင်ကြုံတွေ့ရ ပါတယ်။

လူတချို့က ကြိုးစားအားထုတ်မှုကြောင့် ရွှေတံဆိပ်ဆုကို အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့ပြီး လူတွေရဲ့ လက်ခုပ်သံနဲ့ ပန်းစည်းကို ရခဲ့ကြတယ်။ လူတချို့က ကြိုးစားအားထုတ်ခဲ့ပေမယ့် ငွေတံဆိပ်၊ ကြေးတံဆိပ် ပဲ ရခဲ့တယ်။ တချို့က ဘာဆုမှ မရခဲ့ကြဘူး။ ဒါပေမယ့် သူတို့ကို လူတိုင်း လက်ခုပ်သြဘာပေးကြတယ်။

လူတွေဟာ ဘဝအတွက် စစ်ပွဲတွေ အများကြီးတိုက်ရတယ်။ ဘဝအတွက် လူတိုင်း ပေးဆပ်ရတယ်။ ဒါပေမယ့် ပေးဆပ်တိုင်း မျှော်မှန်းထားတဲ့ အကျိုးရလဒ်ကို ခံစားကြရမှာ မဟုတ်ပါဘူး။ စိတ်ကူးအိပ် မက်တွေ ပြိုကွဲရင်လည်း ပြိုကွဲမယ်၊ ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရင်လည်း ရင်ဆိုင်ရမယ်။ ဒါပေမယ့် တစ်ခါ တလေမှာ လူတစ်ယောက်ရဲ့တန်ဖိုးက သူလုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့ နောက်ဆုံးရလဒ်ပေါ် မမူတည်ဘဲ ကြိုးစားအားထုတ်ခဲ့တဲ့ဖြစ်စဉ်မှာပဲ မူတည်ခဲ့ပါတယ်။ ကြိုးစားနေဆဲမှာ ရှုံးနိမ့်တဲ့ဝေဒနာကိုလည်း ခံစားနိုင် သလို အောင်မြင်တဲ့ပျော်ရွှင်မှုကိုလည်း ခံစားနိုင်မယ်။ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုခဲ့ပါတယ်။

ဆင်းရဲဒုက္ခတိုင်းဟာ စိတ်ဓာတ်အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ်ဖြစ်စေသလို လူ့ဘဝအတွက် အဖိုး တန်တဲ့ အတွေ့အကြုံလည်းဖြစ်စေပါတယ်။ ဒါကြောင့် သူရဲကောင်းတစ်ဦးကို ရူံးနိမ့်တာ၊ အောင်မြင်တာနဲ့ အဖိုးဖြတ်လို့ မရပါဘူး။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သူကြိုးစားအားထုတ်ခဲ့တယ်၊ ကြံ့ကြံ့ ခံရင်ဆိုင်နိုင်ခဲ့တယ်ဆိုရင် လုံလောက်ပါပြီ။

သမိုင်းတစ်လျှောက်က သူရဲကောင်းတိုင်းဟာ အရာရာကို အောင်မြင်ခဲ့သူမဟုတ်သလို ပြေပြေပြစ်ပြစ် ဖြတ်ကျော်ခဲ့သူတွေလည်း မဟုတ်ခဲ့ပါဘူး။ တချို့က နှစ်ရှည်သမိုင်းတွေနဲ့ သက်သေပြပြီး၊ ရွေးချယ်ပြီးမှ သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိခဲ့သူတွေဖြစ်တယ်။ ဒါကြောင့် လူ့ဘဝမှာ အရာရာတိုင်းကိုအောင်နိုင်တဲ့ စစ်သူကြီးဆိုတာ မရှိသလို အောင်နိုင်သူတိုင်းမှ သူရဲကောင်းဖြစ်တာ မဟုတ်ပါဘူး။ ရှုံးနိမ့်သူလည်း သုရဲကောင်း ဖြစ်ထိုက်ခဲ့ပါတယ်။

သူရဲကောင်းရဲ့တကယ့်အဓိပ္ပာယ်က ဇွဲလုံ့လနဲ့ကြံ့ခိုင်မှုကို ပဓာနထားတဲ့ စိတ်ဓာတ်အာနိသင်ပဲဖြစ်ပါ တယ်။


ရေးသားသူ--- Hu Bao Lin
နိုင်းနိုင်းစနေ (Saturday, December 04, 2010)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...