နံရံပေါ်က အခေါင်းပေါက် (အဆက်)



ဒါဟာ ပညာရေးလား၊

အင်္ဂလိပ်စာနဲ့တစ်ခါမှ မထိတွေ့ခဲ့ဖူးတဲ့ ဝေးခေါင်တဲ့ရွာလေးမှာ မိဘတချို့က “ကျွန်တော့်ကလေး လယ်တောင်မထွန်တတ်ဘူးဗျာ၊ ဘယ်လိုလုပ်ပြီး ဒီအင်္ဂလိပ်စက်ပစ္စည်းကို သုံးတတ်မှာလဲ” လို့ ပြောခဲ့ကြ တယ်။

“၃လလောက်နေပြီး အဲဒီရွာကို ကျွန်တော်ရောက်သွားတော့ ကျွန်တော့်ကိုမေးတဲ့ ကလေးတွေရဲ့ ပထမဆုံးမေးခွန်းက ဒီထက်မြန်တဲ့ Processor နဲ့ ဒီထက်သုံးလို့ကောင်းတဲ့ မောက်စ်မရှိဘူးလားတဲ့” Mitraက ပြောပါတယ်။

အဲဒီရွာက ကလေးတွေဟာ ကွန်ပျူတာကနေ ကိုယ်တိုင်သင်ယူခြင်းနဲ့ အင်္ဂလိပ်စာလုံး ၂ဝဝလောက်ကို တတ်မြောက်ခဲ့ပါတယ်။ ဥပမာ ကွန်ပျူတာထဲက exit၊ stop၊ save စတဲ့ စာလုံးတွေဖြစ်ပါတယ်။

သူတို့လည်း သူတို့ထင်တဲ့ ထူးထူးဆန်းဆန်းစာလုံးတွေကို ကွန်ပျူတာထဲရိုက်သွင်းတတ်ကြပါတယ်။ ဥပမာ- rat (ကြွက်)ကို သူတို့ရိုက်ထည့်ချင်ပေမယ့် rit (ဖြည်းဖြည်းချင်း)ဆိုတဲ့စာလုံးပေါင်းအမှားနဲ့ သူတို့ရိုက်ထည့်မိတတ်တယ်။ အင်တာနက်ပေါ်က search engine က သင်ရှာချင်တာက rat လားလို့ ပြတတ်တယ်။ အဲဒီလို စမ်းသပ်မှုနဲ့ အမှားတွေကို အကြိမ်ကြိမ်ပြုလုပ်မိပြီးတဲ့နောက်မှာ ကွန်ပျူတာက သူတို့ကို ဖြည်းဖြည်းချင်း အင်္ဂလိပ်စာတတ်လာအောင် သင်ပေးလိုက်တော့တယ်။

ဒီအကြောင်းကို Mitra က စာတမ်းပြုစုရေးသားခဲ့ပါတယ်။ ဒါကို ကမ္ဘာ့ဘဏ်က သတိပြုမိခဲ့တယ်။ ကမ္ဘာ့ဘဏ်က Millennium Development ဆိုတဲ့ ရန်ပုံငွေကို စထူထောင်နေချိန်ဖြစ်တာကြောင့် အဲဒီငွေတွေထဲက စတာလင်ပေါင် ၁၁သိန်းကိုထုတ်ပြီး အိန္ဒိယနိုင်ငံ နေရာ၂၃နေရာမှာ Mitraရဲ့ အဲဒီစမ်းသပ်မှုကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ကူညီခဲ့တယ်။ အဲဒီနေရာတွေက မတူတဲ့နေရာတွေပါ… ပင်လယ်ရေအမြင့် ၅၈ဝဝမီတာမှာရှိတဲ့ ဟိမဝန္တာတောင်တန်းဒေသပါသလို ဂင်္ဂါမြစ်ပေါ်က ကျွန်းလေးတွေလည်းပါပါတယ်။ ကျွန်းပေါ်မှာထားတဲ့ ကွန်ပျူတာတွေကိုတော့ မြစ်ဘက်ကိုကျောပေး ထားရပါတယ်။ ကလေးတွေ မိကျောင်းအဆွဲခံရမှာစိုးလို့ပါ။ မတူတဲ့နေရာဒေသမှာ စမ်းသပ်ခဲ့တယ် ဆိုပေမယ့် ကလေးတွေဟာ နာရီအနည်းငယ်အတွင်းမှာ ကွန်ပျူတာကို ဘယ်လိုအသုံးပြုမယ်ဆိုတာကို သိသွားကြပါတယ်။ အင်တာနက်ကနေတဆင့် အားကစားရပ်ကနေ အီလက်ထရွန်နစ်သိပံ္ပအထိ စတဲ့အသိပညာတွေကို သင်ယူနိုင်ခဲ့ပါတယ်။

ကလေးတွေဟာ တစ်ယောက်တည်းဆိုရင် သူနားလည်သဘောပေါက်နိုင်တဲ့အရာ နည်းကြောင်းကို Mitra သတိပြုမိခဲ့တယ်။ တကယ်လို့ ကလေးအယောက် ၂ဝလောက် ဝိုင်းစုဖွဲ့ပြီး သူတစ်မျိုး၊ ငါတစ်မျိုးနဲ့ ဝိုင်းဝန်းဆွေးနွေး၊ အကျိုးအကြောင်းသင့် တွေးခေါ်စဉ်းစားတဲ့အခါမှာတော့ သူတို့ဆက်လေ့လာ သင် ယူနိုင်တဲ့ အချက်အလက်ကိုရသွားပါတယ်။ အိန္ဒိယတောင်ပိုင်းက ရွာလေးတစ်ရွာမှာ Mitra က ကွန်ပျူတာထဲကို ဇီဝဗေဒဘာသာရပ်နဲ့ဆိုင်တဲ့ ဖိုင်တချို့ သွင်းပြီး ကလေးတွေကို ပေးကြည့်လိုက်တယ်။ ၂လအကြာမှာ အဲဒီရွာကို သူပြန်ရောက်သွားတဲ့အခါ ကလေးတွေကို နားလည်သလားလို့သူမေးတယ်။ ကလေးမတစ်ယောက်က “DNAမော်လီကျူတွေ မှားယွင်းမိတ္တူပွားရင် မျိုးရိုးလိုက်တဲ့ ရောဂါဖြစ်ပွားတတ် တယ် ဆိုတာကလွဲပြီး ကျွန်မတို့ ဘာမှနားမလည်ပါဘူး”လို့ ပြောခဲ့ပါတယ်။

“ဒီလိုအသိပညာနဲ့ပတ်သက်ပြီး အရင်ဆုံး သူတို့ကို ကျွန်တော်စမ်းသပ်မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူတို့ဟာ သုညမှတ်တွေပါ။ လအနည်းငယ်အကြာမှာ သူတို့ကို ကျွန်တော်မေးမြန်းတော့ သူတို့ရဲ့ရမှတ် က ပျှမ်းမျှ ၃ဝမှတ်မှာရှိပါတယ်။ ဒီလိုနဲ့ သူတို့လေးစားတဲ့ အသက်၂ဝကောင်မလေးတစ်ယောက်ကို သူတို့ရဲ့အဖွဲ့ခေါင်းဆောင်လုပ်ခိုင်းလိုက်ပါတယ်။ ကလေးတွေအားလုံးကို ဦးဆောင်ပြီး ဒီအကြောင်းအရာ ကို တဆင့်တက်လေ့လာသင်ယူစေခဲ့ပါတယ်။ နောက် ၃လအကြာ သူတို့ကို ကျွန်တော်ထပ် စစ်ဆေးမေးမြန်းကြည့်တော့ သူတို့ရဲ့ရမှတ်က ပျှမ်းမျှ ၇၅မှတ်မှာ ရှိနေခဲ့ပါတယ်။” လို့ Mitra က ပြောခဲ့ပါ တယ်။

၂ဝဝ၇ခုနှစ်မှာ Mitra က Newcastle တက္ကသိုလ်မှာ Educational Technology ပရော်ဖက်ဆာဖြစ်လာခဲ့ ပါတယ်။ ဒီစမ်းသပ်မှုကို မူလတန်း၊ အလယ်တန်းအထိ သူခြေဆန့်ခဲ့ပါတယ်။ အတန်းထဲက ၁ဝနှစ် အရွယ်ကျောင်းသားတွေကို ၄ယောက်တစ်ဖွဲ့ဖွဲ့ပြီး အင်တာနက်သုံးစေခဲ့တယ်။ အချိန်၁နာရီအတွင်းမှာ အလယ်တန်းစာမေးပွဲမေးခွန်းပုစ္ဆာ၆ပုဒ်ကို သူတို့အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ရက် သတ္တပတ်အနည်းငယ်အကြာမှာ Mitra က အင်တာနက်ကြိုးဖြုတ်ပြီး ဒီကျောင်းသားတွေကိုပဲ အဲဒီ ပုစ္ဆာတွေပြန်မေးခဲ့ပါတယ်။ သူတို့ ဖြေနိုင်ခဲ့ကြပါတယ်။

“ဆရာတချို့က ကျွန်တော့်ကိုမေးတယ်… ဒါဟာ မှန်ကန်တဲ့ပညာရေးလို့ ဆိုနိုင်သလားတဲ့။ တကယ်လို့ သင်ယူနေချိန်မှာ မှန်ကန်တဲ့အဖြေကိုသိပြီး အဲဒီအဖြေတွေကိုလည်း မှတ်သားနိုင်ခဲ့တယ်ဆိုရင် ဒါဟာ စာသင်ခန်းထဲမှာသင်ယူတာနဲ့ အတူတူပဲ မဟုတ်လား ” လို့ Mitra ကပြောခဲ့ပါတယ်။

အသက်၂ဝအရွယ် Kadam က ဒီ “နံရံပေါ်ကအခေါင်းပေါက်”ရဲ့အကျိုးကို သက်သေပြခဲ့ပါတယ်။ ၂ဝဝ၂ခုနှစ်မှာ သူဟာ ဝေးခေါင်တဲ့တောရွာမှာ ကျောင်းတက်နေခဲ့ပါတယ်။ ကျောင်းမှာ ကွန်ပျူတာ တပ်ဆင်ပေးပြီးတဲ့နောက်မှာ သူဟာ အာကာသသိပ္ပံဘာသာရပ်ကို စွဲလမ်းခဲ့ပါတယ်။ ကွန်ပျူတာက သူ့ကို ဘယ်လိုသင်ယူလေ့လာရမယ်ဆိုတာ သင်ပြခဲ့ပါတယ်။ အဲဒီနောက် အာကာသယာဉ်မှူး တစ်ဦးဖြစ်အောင် လုပ်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

“ကွန်ပျူတာ,တာမရှိခဲ့ရင် ကျောင်းကထွက်ပြီး နောက်နှစ်ပေါင်းအနည်းငယ်အကြာမှာ ကျွန်မဟာ အိမ်ရှင်မ တစ်ဦးပဲဖြစ်လာခဲ့မှာပဲ။ အခုတော့ အာကာသအင်ဂျင်နီယာကျောင်းသူတစ်ဦးအဖြစ် ကျွန်မ တက္ကသိုလ် တက်နေခဲ့ပါပြီ” လို့ Kadam ကပြောခဲ့ပါတယ်။

ဆင်းရဲသားရပ်ကွက်မှ နိုဘယ်လ်ဆုဆီသို့

ကွန်ပျူတာနဲ့အင်တာနက်က လူတွေကို ထီးတည်းဖြစ်စေတယ်၊ လူမူရေးခေါင်းပါးစေတယ်လို့ ဆိုကြတယ်။ Mitraကတော့ “နံရံပေါ်ကအခေါင်းပေါက်” နည်းနဲ့ လူတွေရဲ့ပေါင်းသင်းဆက်ဆံရေးကို ပိုနီးကပ်စေနိုင် တယ်လို့ ယုံကြည်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီ “အခေါင်းပေါက်”က နဂိုတင်းကျပ်ခဲ့တဲ့ လူတန်းစားခွဲခြား ဆက်ဆံရေးကို ပြိုဖျက်ပစ်နိုင်ခဲ့ပါတယ်။ လူလတ်တန်းစားကလေးက လက်သမားကလေးဆီကနေ သင်ယူတာရှိခဲ့သလို ထက်မြက်တဲ့ကောင်မလေး တစ်ယောက်က အပေါင်းအဖော်ကောင်လေးတွေရှေ့မှာ နေရာရခဲ့တယ်။ ဒီလိုအဖြစ်မျိုးက လူမှုကွန်ယက်မှာ တွေ့ရခဲပါတယ်။

အိန္ဒိယဆင်းရဲသားတွေအတွက် ပစ္စည်းဝယ်တာကနေ သတင်းကြည့်တဲ့အထိ ကွန်ပျူတာကျွမ်းကျင်မှုက ပိုပိုအရေးပါလာခဲ့ပါပြီ။ “နံရံပေါ်ကအခေါင်းပေါက်” စီမံချက်ကို အိန္ဒိယအစိုးရက ကမ္ဘောဒီးယားနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း ဒီစီမံကိန်း အောင်မြင်ခဲ့ပါတယ်။

မူရင်းရေးသားသူ -- Qiū yún (邱匀)
မူရင်း --- ၂ဝ၁ဝခုနှစ် ဇန်နဝါရီလထုတ် Readers မဂ္ဂဇင်း အမှတ်စဉ် ၂မှ ဆောင်းပါးတစ်ပုဒ်

နိုင်းနိုင်းစနေ (June. 7. 2014)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...