အဖေများနေ့မှာ ဖခင်စောဘွဲ့မှူး အုတ်ဂူရှေ့ သီချင်းဆိုခဲ့တဲ့ မီးမီးခဲ


ဇွန်လ ၁၅ ရက်တွင် ကျရောက်သော အဖေများနေ့၌ ဖခင် ဂီတသမားကြီး ဦးစောဘွဲ့မှူး အုတ်ဂူရှေ့တွင် ဖခင်အတွက် ရည်စူးကာ ကိုယ်တိုင်ရေးစပ် ထားသော သီချင်းဖြင့် သီဆိုဂုဏ်ပြု ခဲ့ကြောင်း သမီးဖြစ်သူ အဆိုတော် မီးမီးခဲ ကပြောသည်။

ဇွန်လ ၁၅ ရက် နံနက်က မိသားစုနှင့် အတူ သွားရောက်ကာ ဖခင်အုတ်ဂူရှေ့တွင် မီးမီးခဲက ‘‘Daddy I Miss You’’ သီချင်းကို သီဆိုခဲ့သည်။ ဇွန်လ ၁၅ ရက်သည် တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်သဖြင့် ဘုရားကျောင်းတွင် ထိုသီချင်းကို သီဆို ခဲ့ကြောင်း သိရသည်။

‘‘ဒီသီချင်းက အဖေ့အတွက် ရည်စူးပြီး ရေးထားတာကြာပါပြီ။ တစ်ခါမှ အုတ်ဂူရှေ့မှာ သွားမဆိုဖူးတော့ မိသားစုနဲ့အတူ အမှတ်တရဖြစ်အောင် သွားဆိုတယ်။ အဖေအနားမှာ မရှိတော့တာ ၀မ်းနည်းပေမယ့် သူ့သမီး တစ်ယောက် အနေနဲ့ ခံစားသက်ဝင်ပြီး ဆိုပေးရတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်။ အစ်မ ဆိုပြတော့လည်း မိသားစုနဲ့ အမေပါ မျက်ရည် ၀ဲကြတယ်။ မနက်တုန်း ကလည်း ဘုရားကျောင်း မှာ လည်း သွားဆိုတယ်။ အားလုံးက ၀မ်းနည်းကြတယ်။ ဒီသီချင်းလေးကို ကြားတော့ နှလုံးသားထဲမှာ ထိ တယ်’’ဟု မီးမီးခဲကပြောသည်။

မီးမီးခဲ၏ Misscall အယ်လ်ဘမ်ဗီစီဒီအတွက် သီချင်းများရိုက်ကူးထားကာ အမြန်ဆုံးထွက်ရှိနိုင်အောင် ပြင်ဆင်နေပြီး ကိုယ်တိုင်ရေး၊ ဆိုကာ အခွေသစ်များလည်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။


 7DAY NEWS JOURNAL
 -------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...