မိကျောင်းဥရေခဲမုန့်စားကြမလား


Jack the Ripper on 2014-06-16 15:43

ဖိလစ်ပိုင်နိုင်ငံ Davao မြို့က စားသောက်ဆိုင်တစ်ဆိုင်က သမရိုးကျမဟုတ်တဲ့ အရသာတစ်မျိုးနဲ့ သင့်ရဲ့ အရသာခံကရိယာတွေကို ခြောက်လှန့်ဖို့လာပါပြီ။ အဲဒီ့စားသောက်ဆိုင်ဟာ အနီးနားမှာရှိတဲ့ မိကျောင်းမွေးမြူရေးဥယျာဉ်တစ်ခုက မိကျောင်းဥတွေရယူပြီး ရေခဲမုန့်ပြုလုပ်တာဖြစ်ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ Dino နဲ့ Bianca တို့က မိကျောင်းဥတွေဟာ ပုံမှန် ကြက်ဥတွေထက် ပိုပြီးအဟာရဓာတ်ပြည့်ဝကြောင်းဆိုပါတယ်။

အဲဒီ့ဥယျာဉ်ကမိကျောင်းတွေကို အသားနဲ့ သားရေရဖို့အတွက်မွေးမြူထားတာဖြစ်ပါတယ်။

ဒါပေမယ့် တိရိစ္ဆာန်ချစ်သူတွေအနေနဲ့ ပူပန်စရာတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ့ရေခဲမုန့်ကို မိကျောင်းသားတွေနဲ့ပြုလုပ်တာမဟုတ်ဘဲ သားဖောက်တာမလုပ်ခဲ့တဲ့ ဥတွေနဲ့ ပိုလျှံနေတဲ့ ဥတွေနဲ့ပဲပြုလုပ် တာဖြစ်ကြောင်း ဆိုင်ပိုင်ရှင်တွေကပြောပါတယ်။

Sweet Spot အမည်ရှိတဲ့ဆိုင်ရဲ့ လက်ဖြစ် ရေခဲမုန့်တွေကို ကြက်ဥအစား မိကျောင်းဥတွေနဲ့ ပုံမှန် ပါဝင်ပစ္စည်းတွေဖြစ်တဲ့ နို့၊ ကရင်မ်၊ သကြားနဲ့ အရသာပစ္စည်းတွေနဲ့ အတူပြုလုပ်တာဖြစ်ပါတယ်။

အဲဒီ့ဆိုင်ရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Dino နဲ့ Bianca Ramos တို့ဟာ Dino ရဲ့ဦးလေးဖြစ်သူ Davao မိကျောင်းမွေးမြူရေးဥယျာဉ်ပိုင်ရှင်ထံက မိကျောင်းဥတွေရခဲ့ပြီး ဘာလုပ်ပစ်ရမှန်းမသိဖြစ်နေချိန်မှာ Dino က ရေခဲမုန့်လုပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့ရဲ့စီမံမှုနဲ့ အရသာရှိတဲ့ရေခဲမုန့်တွေဖြစ်ခဲ့ကြောင်း သိခဲ့ရပါတယ်။

‘ဒါပေါ့… ဒါဟာ မိကျောင်းအသားအရသာမရှိတဲ့ ပုံမှန်ရေခဲမုန့်ပါပဲ။ ကျွန်တော်တို့သုံးတဲ့ ဥနဲ့ပဲဆိုင်ပါတယ်။ ဒါတွေက အရသာရှိတဲ့ ရေခဲမုန့်ကိုဖြစ်စေတယ်’ လို့ Dino ကပြောပါတယ်။

‘မိကျောင်းတွေက အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်မျိုးစိတ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အကောင်မပေါက်တဲ့ ဥတွေနဲ့ ပိုလျှံနေဥတွေပဲ ရယူပါတယ်’ လို့ပြောပါတယ်။

Sweet Spot ရဲ့အဆိုအရ မိကျောင်းဥတွေဟာ ၈၀ ရာခိုင်နှုန်းကအနှစ်ဖြစ်ပြီး ကြက်ဥတွေထက် အဟာရ ပိုဖြစ်တဲ့အတွက် သူတို့ရဲ့ရေခဲမုန့်အတွက် ပိုပြီးကျန်းမာရေးနဲ့သင့်တော်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း သိရပါ တယ်။


Ref:dailymail.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...