ခလုတ်ထိတော့ တပည့်တရပြီ

မှတ်မိသေးတယ်။ လွန်ခဲ့သောခုနှစ်နှစ်ခန့်က ရန်ကုန်တွင်ကျင်းပသော အာစရိယ ပူဇော်ပွဲတစ်ခု၌ ကွယ် လွန်သွားရှာပြီဖြစ်သော အသက် ရှစ်ဆယ်ကျော်ဆရာအို ဆရာမကြီးတစ်ဦး သြဝါဒဆုံးမစကား ပြောခဲ့ သည်။ “တပည့်တို့၊ ဆရာမတို့ ဆရာအိုများဘဝမှာ အခုတော့ခလုတ်ထိတော့ အမိမတနိုင်ဘဲ၊ တပည့်ကို တနေရပါပြီ။ ဆရာမတို့လို ကျောထောက်နောက်ခံ ငွေကြေးမရှိ၊ ပြုစုစောင့်ရှောက်မည့်သူ သားသမီးဆွေ မျိုးရင်းချာလည်းမရှိ၊ ဘာမှမလုပ်ကိုင်နိုင်တော့တဲ့ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်တဲ့ ခိုကိုးရာမဲ့ အထီးကျန် အပျိုကြီး ဆရာမကြီးတွေမှာ တရားရိပ်သာမှာပဲ မှီခိုနေရပြီး တရားဘာဝနာ ကြိုးစားအား ထုတ်နေရပါ တယ်။ နေထိုင်မကောင်းတဲ့အခါမှာတော့ ဆရာ့ကျေးဇူးသိတတ်ကြတဲ့ တပည့်လိမ္မာလေး တွေရဲ့ စေတ နာ၊ မေတ္တာ၊ ကရုဏာကိုခံယူရင်း ဆရာမကြီးတို့ကို ဆရာမအိုကြီးတွေ ခလုတ်ထိတော့ အမိကိုမ တနိုင်တော့ဘဲ၊ တပည့်ကိုပဲတပြီး မှီခိုနေရပါပြီ” ဟု မျက်ရည်လေးတစမ်းစမ်းနှင့် ပြောသွားခဲ့ ပါသည်။
မှန်ပါသည်။ ထိုကာလက လစာနှုန်းဟောင်းနှင့် ပညာရေးလုပ်သားဘဝကို ကျေနပ်စွာမြှုပ်နှံခဲ့ကြသည်။ စေတနာရှင်ဆရာ၊ ဆရာမကြီးများမှာ ပီတိကိုစားပြီး အားရှိနေကြသူများဖြစ်၍ ရရှိသည့်လစာလေးနှင့် ထားရာနေစေရာသွားပြီး တိုင်းပြည်တာဝန်ကို တာဝန်သိသိသစ္စာရှိရှိနှင့် ထမ်းဆောင်ခဲ့ကြသည်။ ရသည့် လစာလေးနှင့် ရောင့်ရဲနေကြသည်။ နောင်ရေးအတွက် စုဆောင်းနိုင်သူ အလွန်ရှားပါးသည်။ တစ်လနှင့် တစ်လ စားဝတ်နေရေး သားသမီးပညာရေးနှင့် ကျန်းမာရေးတို့အတွက် နပန်းလုံးနေရ သည်။ အိုးပိုင် အိမ်ပိုင်ဝယ်နိုင်ဖို့ဝေး၊ ကြွေးမတင်အောင် အထူးကြိုးစားနေရသည် မဟုတ်ပါလား။ ထို ဆရာ၊ ဆရာမအို ကြီးများသည် လစာနှုန်းဟောင်းဖြင့်ပင်စင်သွားရ အချို့ပင်စင်စားရသော အဆင့်ဆင့် ရသည့်ငွေမှာ ရာဂ ဏန်းထောင်ဂဏန်းမျှသာ ဖြစ်သည်။
အခြေမလှ ကသီကလင့်ဖြစ်ကြသည်။ သံဝေဂရနေစရာပင်။ နေထိုင်စရာအိမ်မရှိ၊ အိမ်ငှားခ ငွေက လည်း အနည်းဆုံး ထောင်ဂဏန်း၊ ကျန်းမာရေး အတန်ငယ်ကောင်းသူတွေက လုပ်ငန်းအချို့တွင် ဝင် ရောက် လုပ်ကိုင်ပြီး ဝင်ငွေရှာနိုင်ကြသော်လည်း ဆရာမကြီးတို့လို ကျန်းမာရေးချို့တဲ့ပြီး၊ ဘဝသေဆုံး ကာနေဝင် ချိန်ရောက်နေကြရှာသူတွေမှာတော့ တရားရိပ်သာ၊ ဘိုးဘွားရိပ်သာ၊ သီလရှင်ကျောင်း၊ ဇရပ်တို့တွင် ဘဝ ကိုမြှုပ်နှံပြီး သံသရာအတွက် ကုသိုလ်ဘာဝနာပွားများနေခဲ့ရရှာသည်။ တစ်နှစ်တစ် ကြိမ်ကျင်းပသော အာစရိယပူဇော်ပွဲများမှ ကန်တော့ငွေအသုံးအဆောင်ပစ္စည်း၊ ဆေးဝါးစသည်တို့အ ပြင် စေတနာရှင် တပည့်လိမ္မာတချို့ လာရောက်လှူဒါန်းသော ငွေကြေး၊ ဆေးဝါးအသုံးအဆောင် ကလေးများနှင့်ဘဝကို ရပ်တည်သွားရရှာသည်။ အကြောင်းရှိ၍ ဖုန်းဆက်လိုက်လျှင် တတ်နိုင်သ လောက် ဆရာ့ကျေးဇူး သိ တတ်သော တပည့်ကဆရာမကြီးဆီ အရောက်သွားပြီး လိုအပ်သည်ကို ပံ့ပိုး ပေး၊ လိုအပ်လျှင်ဆေးခန်း၊ ဆေးရုံကိုပြပေးသဖြင့် ထိုဆရာမကြီးက ဝမ်းသာပီတိဖြစ်လွန်း၍ မြတ်ဆ ရာပူဇော်ပွဲတွင် ယခုကဲ့သို့ ပြောပြသွားခြင်းဖြစ်သည်။ သာဓုခေါ်မဆုံးပါ။
မှတ်မိသေးသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က ကွယ်လွန်သွားရှာပြီဖြစ်သော အငြိမ်းစားကျောင်းအုပ် ဆ ရာမကြီးတစ်ဦးအကြောင်းပင်၊ ထိုဆရာမကြီးသည် အလွန်စည်းကမ်းကောင်းသော ဆရာမကြီးတစ် ဦး အဖြစ် ကျော်ကြားခဲ့သည်။ သက်ပြည့်ပင်စင်ယူရသောအခါ အထီးကျန်အပျိုကြီး တစ်ဦးဖြစ်သည်။ အစိုးရ ချပေးထားသော တိုက်ခန်းလေးထဲ၌ တစ်ကိုယ်တည်းနေထိုင်ခဲ့သည်။ ထိုစဉ်က လစာနှုန်း ဟောင်း ပင် စင်ငွေလေးအပြင် တစ်နှစ်တစ်ခါကျင်းပကြသည့် အာစရိယပူဇော်ပွဲမှ ပူဇော်သောငွေ၊ ကျေးဇူးသိ တတ်သော တပည့်ဟောင်းလေးများက တစ်ခါတစ်ရံလာရောက်လှူဒါန်း ကန်တော့ကြသည့် ငွေကြေး၊ ဆေးဝါး အသုံးအဆောင်လေးများနှင့် ဘဝကိုရုန်းကန် ရပ်တည်ခဲ့ရသည်။
ထိုစဉ်ကစာရေးသူမှာ ထိုဆရာမကြီး တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းတွင်ကျောင်းအုပ်ဖြစ်နေ သည်။ ထိုဆရာမကြီးက ကျောင်းတွင်အမှုထမ်းနေသော သူ့တပည့်တစ်ဦးကို မိမိမှတစ်ဆင့် ဖုန်းဆက် ပြီးမုန့်ပဲ သရေစာကုန်နေပြီ၊ ဆေးတွေကုန်နေပြီ၊ အမြန်လာပို့ပေးပါရန် ပြောခိုင်းလေ့ရှိသည်။ အကျိုး ဆောင်ပေး ခဲ့ရသည်။ တစ်နေ့ကံအားလျော်စွာ ဆရာမကြီးနေသော မြို့နယ်သို့ တပည့်ဟောင်းတစ်ဦး တာဝန်ကျလာ သည်။ ထိုတပည့်က ကျေးဇူးရှင်ဆရာမကြီးကို မနက်မိုးလင်းလျှင် မိမိရုံးစိုက်ရာသို့ ဆိုက်ကားလေးနှင့် အခေါ်လွှတ်ပြီး ရုံးအပေါ်ထပ်၌ တစ်နေ့လုံးထားပြီးကျွေးမွေးပြုစု၊ မိုးချုပ်လျှင်ဆိုက် ကားလေးနှင့် အိမ်ပြန် ပို့ပေးခဲ့သည်။ ဆရာမကြီးဘဝ အလွန်အဆင်ပြေခဲ့သည်။ တစ်နှစ်ခန့်ကြာသော အခါတပည့်လည်း အခြားမြို့နယ်သို့ပြောင်းသွားရသဖြင့် ဆရာမကြီးခမျာ အထီးကျန်ဘဝနှင့် အားငယ် စွာနေခဲ့ရပြန်သည်။ တဖြည်းဖြည်း ဇရာထောင်းပြီးဇရာမှ ဗျာဓိ၊ နာခြင်းဘဝသို့ ကူးပြောင်းချိန်တွင် တိုက်ခန်းကျဉ်းလေးထဲ၌ ခိုကိုးရာမဲ့အထီးကျန်နေခဲ့ရရှာသည်။
ဆရာမကြီးထံမှ တယ်လီဖုန်းလည်း မလာတာကြာပြီ၊ တပည့်များကလည်း မိမိတို့ဘဝရပ်တည်ရေးအ တွက်ရုန်းကန်လှုပ်ရှားနေကြရသဖြင့် ဆရာမကြီးဆီမရောက်ဖြစ်ကြပေ။ အိမ်နီးနားချင်းများက ဆရာမ ကြီးအပြင်မထွက်သည်မှာ သုံးရက်ခန့်ရှိပြီဖြစ်သည်။ မသင်္ကာသဖြင့် သက်ဆိုင်ရာလူကြီးများကို အကြောင်းကြားပြီး တံခါးဖျက်ဝင်ကြည့်ကြသောအခါ ဆရာမကြီးခမျာအိပ်ရာပေါ်တွင် သေဆုံးနေရှာ သည်။ သေဆုံးနေသည်မှာ သုံးရက်ပင်ကြာခဲ့လေပြီ ကြေကွဲရင်နင့်ဖွယ်ပါတကား။ ဇရာအိုဒုက္ခိတ ဆရာ မကြီးခမျာ ဘဝ၏နောက်ဆုံးအချိန်တွင် အိပ်ရာမှမထနိုင်၊ မကြွနိုင်၍ဖုန်းပင်ထမဆက်နိုင်တော့ ဘဲဆရာ ဝန်ခေါ်ပေးမည့်သူမရှိ၊ ဆေးရုံဆေးခန်း ပို့ပေးမည့်သူမရှိ၊ ဖေမကူညီပြုစုစောင့်ရှောက်သူမရှိဘဲ သနား စဖွယ် သေပွဲဝင်ခဲ့ရရှာပါတကား။ အထူးသံဝေဂရစရာပင်။ ရပ်မိရပ်ဖများနှင့် တပည့်များစုပေါင်း၍ ဆရာ မကြီး၏ နောက်ဆုံးခရီးကိုကောင်းစွာ ပို့ဆောင်လိုက်ကြသည်။
ယခုနိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ပါသည်။ ယခုနိုင်ငံတော်အစိုးရက တိုးမြှင့်လစာတိုးမြှင့် ပင်စင်၊ ဆုကြေးများချီးမြှင့်သည်ကို မခံစား၊ မစံစားရပါတကားဟု သံဝေဂများမိသည်။ သို့သော် စာရေး သူတို့ကဲ့သို့ နှစ်ထောင်ခုနှစ်နောက်ပိုင်း သက်ပြည့်ပင်စင်ယူခဲ့ကြရသော နိုင်ငံ့တာဝန်ကို နှစ် ၄၀ မျှ တာ ဝန်သိသိ သစ္စာရှိရှိဦးဆွေးဆံမြည့်ထမ်းဆောင်ခဲ့သော ဆရာအိုကြီးများမှာ အိုနာစာရန်ပုံငွေ (ဂရယ်ဂျုတီ) က ၃၀၀၀၀ သာခံစားခွင့်ရှိခဲ့ပါသည်။
ထို့ပြင်လ ၂၀ ချေးငွေကို အပြီးဆပ်လိုက်ရသည်။ ငွေ ၁၀၀၀၀ ဖြတ်ယူလိုက်သဖြင့် ငွေ ၂၀၀၀၀ သာကျန် ပါတော့သည်။ လစာနှုန်းသစ်နှင့် ဘဝတူ၊ အဆင့်တူ၊ ပညာအရည်အချင်းတူ ထမ်းဆောင်ခဲ့ သည့်လုပ် သက်တူ အငြိမ်းစားယူသွားသော ဆရာ၊ ဆရာမကြီးများ ၁၆ သိန်း၊ နိုင်ငံတော်အစိုးရ၏ ချီးမြှင့်ငွေခံ စားနေရချိန်တွင် မိမိတို့ကံမွဲသူ ဆရာအိုကြီးများမှာတော့ သောင်းဂဏန်းမျှသာ ခံစားရသည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရက မိမိတို့လစာနှုန်းဟောင်းခံစားကြရသော ဆရာအိုကြီးများကို ပင်စင်စား ကြီးများနည်းတူ ရသင့်ခံစားသင့်သည့် သိန်းဂဏန်းပြန်လည် တိုးမြှင့်ပေးပါက မသေမီတတ်အားသမျှ လှူသွားချင်ပါသေးသည်။
ကြေးမုံသတင်းစာ
ဇွန် (၈) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)