တစ်နိုင်ငံလုံးရှိတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ UCL ဖောင်ဒေးရှင်းက ပညာသင်ဆု လျှောက်ထားရန်ဖိတ်ခေါ်



တက္ကသိုလ်များ ချန်ပီယံလိဂ်ဖောင်ဒေးရှင်းမှ မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ဆု လျှောက်ထားရန် ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်များ ချန်ပီယံလိဂ်ဖောင်ဒေးရှင်းမှ ယခုပညာသင်နှစ်၌ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် တက္ကသိုလ်များ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆုများကို ပထမဆုံးအကြိမ် စတင်ပေးအပ်မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီဖြစ် သည်။

“ကျောင်းသားရဲ့ပညာအရည်အချင်းရယ်၊ ကျောင်းသား အရေအတွက်ပေါ်မူတည်ပြီး ဒီနှစ်ရွေးချယ်ခံရ တဲ့ကျောင်းသားတွေကို နောက်နှစ်မှာဆက်ပြီး ပညာသင်ကြေးထောက်ပံ့ပေးဖို့ မပေးဖို့ကတော့ ဘုတ် အဖွဲ့တွေနဲ့ သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်ရမှာပါ” ဟု ဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူဦးမြင့်အေးကပြောသည်။

ပညာသင်ဆုလျှောက်ထားလိုသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေး သက္ကရာဇ်၊ လူမျိုး၊ ဘာသာ၊ တက်ရောက်နေသည့်တက္ကသိုလ်၊ အထူးပြုဘာသာရပ်၊ ခုံနံပါတ်၊ နောက်ဆုံး တက်ရောက်ခဲ့သော အထက်တန်းကျောင်းအမည်၊ တက္ကသိုလ်ဝင်တန်းအမှတ် (အထောက် အထားနှင့် ပူးတွဲတင်ပြရန်)၊ ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်၊ ပညာသင်ဆုလျှောက်ထားရသည့် အကြောင်းအ ရာ (စာလုံးရေ ၁၀၀ အောက်ရေးသားဖော်ပြရန်)၊ သက်ဆိုင်ရာတက္ကသိုလ်မှ တာဝန်ရှိသူ၏ အ တည်ပြုထောက်ခံချက် စသည်တို့ကို ပြည့်စုံစွာရေးသားဖော်ပြ၍ လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါပညာသင်ဆုကို တက္ကသိုလ်များ ချန်ပီယံလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်သော တက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူများ၊ စာပေထူးချွန်ထက်မြက်၍ ငွေကြေးအခက်အခဲရှိသူများကို ဦးစားပေး ရွေးချယ်သွား မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးရှိ အခြားဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ဝန်ကြီးဌာန အသီးသီးအောက်၌ ဖွင့်လှစ်ထားသည့် တက္ကသိုလ်များမှ မည်သည့်ကျောင်းသား၊ ကျောင်းသူများမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထားမည့် ကျောင်းသား အရေအတွက်ကို လက်ရှိတွင် ကန့်သတ်ထားခြင်းမရှိသေး ဘဲ လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက်ကိုလည်း တက္ကသိုလ်များချန်ပီယံလိဂ် လူမှုကွန်ရက် စာမျက်နှာ တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတက္ကသိုလ်များ ချိန်ပီယံလိဂ်တွင် ဝင်ရောက် ယှဉ်ပြိုင်သည့် တက္ကသိုလ်စုစုပေါင်း ၈၀ ကျော်ရှိကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထား လိုသူများအနေဖြင့် သတ်မှတ်ထားသော အချက်အလက်များကို ပြည့်စုံစွာ ရေးသားဖော်ပြ၍ တက္ကသိုလ်များ ချန်ပီယံလိဂ် လူမှုကွန်ရက် စာမျက်နှာ တွင်လည်းကောင်း၊ ဖုန်း ၀၉-၄၂၀၁၆၅၂၄၀၊ ၀၉-၂၅၀၀၈၅၉၄၉ တို့သို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။ 


Democracy Today Daily
ဇွန် (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...