နိုင်ငံခြားကုမ္ပဏီများကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ရာတွင် နောက်ထပ်တရုတ်စစ်တပ် ပါဝင်ဟုဆို



နိုင်ငံခြားကုမ္ပဏီများကို ဆိုက်ဘာ သူလျို တိုက်ခိုက်မှု ပြုလုပ်ရာတွင် အဖွဲ့တစ်ခုပါဝင်ခဲ့ကြောင်း အမေရိ ကန် လုံခြုံရေးကုမ္ပဏီ CrowdStrike ကဖော်ပြခဲ့သည်။

အမေရိကန် လုံခြုံရေးကုမ္ပဏီ CrowdStrike သည်ရှန်ဟိုင်းမြို့ရှိ ပြည်သူ့လွတ်မြောက်ရေး စစ်တပ်ဋ္ဌာန၏ လုပ်ဆောင်နေမှုများကို ရှည်လျားသော အစီရင်ခံစာဖြင့် အသေးစိတ်ဖော်ပြခဲ့သည်။ ထိုအစီရင်ခံစာသည် အမေရိကန် တရားစီရင်ရေးဋ္ဌာနက အမေရိကန်ကုမ္ပဏီများ ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် တရုတ်စစ်တပ် မှ အဖွဲ့ဝင် ၅ ဦးပါဝင်နေကြောင်း စွပ်စွဲခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အမေရိကန် အစိုးရအနေဖြင့်လည်း ၎င်းတိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အရှိန်မြှင့် လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။ CrowdStrike က Putter Panda ဟု အမည်ရသည့် ဟက်ကာအဖွဲ့သည် အမေရိကန်၊ ဂျပန်နှင့် ဥရောပရှိ ကာကွယ်ရေး၊ ဂြိုလ်တုနှင့် လေကြောင်းတည်ဆောက်ရေး ကုမ္ပဏီများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ဆယ်စုနှစ်ကြာ လုပ်ကိုင်နေသော စီးပွားရေး သူလျိုလုပ်ငန်းသည် တိုးတက်နေပြီး ကြီး ထွားလာနေကြောင်း၊ကျယ်ပြန့်လာနေသော သူလျို လုပ်ငန်းများမှ တရုတ်ဟက်ကာများသည် ကမ္ဘာတစ် ဝန်းရှိ အစိုးရနှင့် လုပ်ငန်းများကို ပစ်မှတ်ထားလျက်ရှိကြောင်း CrowdStrike အမှုဆောင်အရာရှိချုပ် George Kurtz ကပြောဆိုခဲ့သည်။ CrowdStirke အစီရင်ခံစာတွင် cpyy ဟုအမည်ရသည့် ဟက်ကာ အဖွဲ့၏ လှုပ်ရှားမှုများကို အသားပေး ဖော်ပြခဲ့ပြီး ဋ္ဌာန ၆၁၄၈၆ အမည်ရသည့် စစ်တပ်အဖွဲ့တစ် ခုဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။


စိုးထက်
Ref: CNN
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...