စိတ်ကောက်နေသော ချစ်သူအတွက် အဆောင်



တစ်နေ့ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက် (၁၈) နှစ်ခန့် ရှိသော ကျွန်ုပ်၏ မိတ်ဆွေ လို ညီမငယ်လေးလို ခင်ရသော မိန်းကလေးရောက်လာလေသည်။

ဘာကူညီ ပေးရဦးမလဲ..ဟု ပြောလိုက်ရာ သူမက

ပြောရမှာ ရှက်တယ်...ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ပြောပါ ဗေဒင်ဟောခန်းဆိုတာ အဲလိုပဲ ရှက်နေလို့မှမရတာ ပြောမယ့်ကိစ္စက တလောကလုံးမှာ အရေးကြီးတဲ့ကိစ္စပါ 

ဘာကိစ္စလဲ 

အရေးကြီးကိစ္စဆိုမှတော့ အချစ်ရေးလေ

မနောက်ပါနဲ့ ညီမရ ဒီမှာ တကယ်အရေးကြီးတဲ့ ကိစ္စတွေအတွက် လုပ်နေရတာပါ

အော်..... ဗေဒင်ဆရာက တော်မလိုလိုနဲ့ တော်တော်လေး ပိန်းတာပဲကိုး... မသိသေးရင်လည်း တစ်ခါ တည်းသာ အပြီးမှတ်ထားလိုက်၊ ဒီလောကကြီးမှာ ဘယ်ကိစ္စမှ အချစ်ရေး ကိစ္စလောက် အရေးမကြီး၊ အ လုပ်မရလို့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ မသာရယ်လို့ မရှိဘူး၊ ဒါပေမဲ့ အချစ်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ လူတွေ အများကြီးပဲ အဲဒီလိုပဲ အကြွေးသမား ကလည်း အကြွေး တောင်းမရလို့ဆိုပြီး သတ်မသေ နိုင်သေးဘူး၊ ဒါပေမဲ့ အချစ်နဲ့ အဆင်မပြေရင်တော့ သတ်သေမဲ့ လူတွေ အများကြီးပဲ။ ဒါတွေကို ကြည့်လိုက်ခြင်း အားဖြင့် ဒီလောက ကြီးမှာ အချစ်ရေးကိစ္စဟာ အရေးအကြီးဆုံးပဲ မဟုတ် လား ဗေဒင်ဆရာရဲ့။

ဟု ဆရာကြီး လေသံနဲ့ ပြောလေ၏၊ ထိုအခါ ကျွန်ုပ်လည်း စကားတတ်လှသော သူ့အား နိုင်အောင် ပြန်၍ မပြောနိုင်သဖြင့်

ကောင်းပါပြီ အရှုံးပေးပါတယ် ကျေနပ်ပြီလား အခု ကျုပ်က ဘာကူညီရမှာလဲ ဗေဒင် တွက်ကြည့်ပေးရ မှာလား ဒါမှမဟုတ် အချစ်ရေး ကိစ္စ ကို ကူညီပေးရမှာလား ဘာလုပ်ပေးရမလဲ ပြောပါ၊

ဒီလိုပါ ဗေဒင်ဆ၇ာ ကျွန်မ ချစ်သူ နဲ့ ကျွန်မ စိတ်ကောက် နေတာ သုံးရက် ရှိသွားပြီ ... သုံးရက်လို့သာ ပြောတာပါ ကျွန်မ အတွက်တော့ သုံးကမ္ဘာလောက် ကြာတယ်တောင် ထင်ရတာ၊ ဒါတွေ ထားပါလေ ဗေဒင်ဆရာကို ပြောလို့လည်း ဒါတွေ နားလည်မှာ မဟုတ်ပါဘူး ... အခု ကျွန်မ ချစ်သူ နဲ့ ကျွန်မ စိတ်ဆိုးနေကြတယ် အဲဒါ အဆင်ပြေချင်တယ် အဆင်ပြေအောင် အဆောင်လေး ဘာလေး ပေးစမ်းပါ ဆရာရယ်...... ဟု ပြောလေ၏၊

ကဲပါ မင်းရဲ့ စိတ်ဆိုးနေတဲ့ ချစ်သူ မင်းအပေါ်မှာ စိတ်ဆိုးပြေပြီး အရင်လို ပြန်ပြီး ချစ်ချစ်ခင်ခင် ဖြစ်စေချင် တာ မဟုတ်လား ရပါတယ် ချစ်သူက တနင်္ဂနွေသား မဟုတ်လား တနင်္ဂနွေ သားသမီး စိတ်ဆိုး စိတ်ကောက် ပြေစေချင်တယ် ဆိုရင် ၀ါးမြစ် လက်တစ်ဆစ် ဆောင်ထားလိုက်ပါ... ဟု ပြောပြီး အသင့် ရှိသော ၀ါးမြစ်လေကို ပေးလိုက်လေသတည်း.......

နေ့လယ် 12 နာရီလောက်တွင် ကျွန်ုပ်ထံသို့ သူမမှ ဖုန်းဆက်၍

ဗေဒင်ဆရာက အချစ်အကြောင်းသာ ဘာမှ မယ်မယ်ရရ မသိတာ အချစ်ရေး ယတြာ တော့ အတော်စွမ်း တာ ပဲကိုး.... ဟင်း...ဟင်းဟင်း..... အခု ကျွန်မနဲ့ သူ စိတ်ဆိုးပြေသွားလို့ ထမင်းတောင် အတူတူ စားနေပြီ..... ဟု ကျွန်ုပ်အား မခံချိ မခံသာ ဖြစ်အောင် ပြောဆို၍ ဖုန်းချသွားလေတော့သတည်း.......

ခုနှစ်ရက်သားသမီးတွေလည်း ကိုယ်ချစ်တဲ့သူ စိတ်ကောက်နေတယ် ဆိုရင်တော့ အောက်ပါအတိုင်းသာ ဆောင်ရွက်ကြပါကုန်

ဆောင်ထားရမည့်အမြစ်နှင့်နေ့နံများ

တနင်္ဂနွေသားသမီး
ဝါးမြစ်လက်တစ်ဆစ်

တနင်္လားသမီး
ပိတောက်မြစ်လက်တစ်ဆစ်

အင်္ဂါသားသမီး
သီးမြစ်လက်တစ်ဆစ်

ဗုဒ္ဓဟူးသားသမီး
ထိန်မြစ်လက်တစ်ဆစ်

ကြာသပတေးသားသမီး
အုန်းမြစ်လက်တစ်ဆစ်

သောကြာသားသမီး
ကံ့ကော်မြစ်လက်တစ်ဆစ်

စနေသားသမီး
ဇီးမြစ်လက်တစ်ဆစ်

အထက်ပါ အမြစ်တော်တော်များများ ယတြာဆိုင်တွေမှာ ရရှိနိုင်ပါသည်။


မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...