ဒုတိယကိုယ်ဝန် လွယ်ထားပြီဖြစ်သည့် ရိုဆာမန်ပိုက်ခ်



ဟောလီးဝုဒ် မင်းသမီး ရိုဆာမန်ပိုက်ခ် အနေဖြင့် ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားပြီဖြစ်ကြောင်း သိရှိရသည်။ အသက်(၃၅)နှစ်ရှိ ရိုဆာမန်သည် သူမ၏ ကာလရှည်ကြာ ချစ်သူ ရိုဘီအန်နိုက်ကေး၏ ရင်သွေးလေးကို လွယ်ထားရပြီဟု သူမ၏ ကိုယ်စားလှယ်က E! Newsသို့ အတည်ပြု ပြောကြားခဲ့သည်။ ရိုဆာမန်နှင့် ရိုဘီတို့သည် (၂၀၀၉)ခုနှစ် ကတည်းက ချစ်သူများ ဖြစ်နေခဲ့ကြသည်။ Wrath of the Titans ဇာတ်ဆောင် မင်းသမီး၏ လက်ရှိကိုယ်ဝန် သက်တမ်းကိုမူ မသိရသေးချေ။ 


သူမသည် ရိုဘီနှင့်အတူ (၂)နှစ်အရွယ် သားငယ်လေး ဆိုလိုကိုလည်း မွေးဖွားထားပြီး ဖြစ်သည်။ ထိုစဉ် ကမူ သူမ၏ ကိုယ်ဝန်(၇)လ ရှိလာပြီး ဖုံးကွယ်ရန် မဖြစ်နိုင်တော့မှ တရားဝင် ကြေညာခဲ့သည်။ ရိုဘီ သည် ယခင်အိမ်ထောင် နှစ်ဆက်နှင့် ကလေး(၄)ဦး ရှိနေသေးသူ ဖြစ်သည်။ ရိုဘီနှင့် ဒုတိယ ရင်သွေးလေး ရရှိတော့မည် ဖြစ်သည့်တိုင် ရိုဆာမန်ကမူ သူမတို့ နှစ်ဦးသည် လက်ထပ်မည့် အစီအစဉ် အတွက် အလောတကြီး တွေးတောနေခြင်း မရှိသေးဟု ဆိုသည်။ 



“ကျွန်မက စည်းမျဉ်းတွေကို ချိုးဖောက်ရတာ ကြိုက်တယ်လေ။ ကလေးရှိတယ်။ ဒါပေမဲ့ အိမ်ထောင်မပြု ဘူး။ ကျွန်မအတွက်တော့ ဒီအခြေအနေက သမားရိုးကျ နည်းလမ်းတွေထက် ပိုမှန်တယ်လို့ ထင်တာပဲ” ဟု သူမက ရယ်ရယ်မောမော မှတ်ချက်ပြုခဲ့ဖူးသည်။ ရိုဆာမန်သည် James Bond ဇာတ်ကား Die Another Dayနှင့်အတူ ဟောလီးဝုဒ်တွင် စတင်နာမည်ရလာခဲ့သူ ဖြစ်သည်။ သူမသည် အောက်တိုဘာ လတွင် ရုံတင်မည့် Gone Girl ဇာတ်ကား၌လည်း မင်းသား ဘန်အက်ဖလက်နှင့် အတူတွဲဖက် ပါဝင် ထားသည်။


Planet Myanmar Network
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...