စမတ်ဖုန်း၊ Laptop နှင့် Tabletမှ အလင်းရောင်ကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်



စမတ်ဖုန်းများ၊ Tabletနှင့် Laptop ကွန်ပျူတာများမှ ထွက်ရှိသည့် အလင်းရောင် တစ်မျိုးသည် လူအများ ကိုယ်အလေးချိန် တိုးပွားမှုနှင့် သွယ်ဝိုက်ဆက်နွယ်နေကြောင်း သိရှိရသည်။ သုတေသီများက စမတ်ဖုန်း ကဲ့သို့ ကိရိယာများမှ ထွက်ရှိလာသည့် အပြာရောင် အလင်းများသည် နာရီပေါင်း အတော်များများ ဆက်တိုက်ထိတွေ့သည့်အခါ လူတစ်ဦး၏ ဆာလောင်စိတ်ကို လှုံ့ဆော်ပေးလာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ လူတစ်ဦးသည် အစာရေစာ လုံလောက်စွာ စားသောက်ထားသည့်တိုင် ယင်းအပြာရောင် အလင်းနှင့် ရေရှည်ထိတွေ့ချိန်၌ သာမန်ထက် မြန်ဆန်စွာ ပြန်လည် ဆာလောင်လာတတ်ကြောင်း သိရသည်။ 


ထိုအခြေအနေက သာမန်ထက် အစာပိုစားပြီး ကိုယ်အလေးချိန် တိုးပွားလာစေရန် တွန်းအားတစ်ရပ် သဖွယ် ဖြစ်လာသည်။ အမေရိကန်မှ ပညာရှင်များသည် စမတ်ဖုန်းများမှ ထွက်ရှိသည့် အလင်းရောင်က ဆာလောင်မှုကို လှုံ့ဆော်နိုင်ကြောင်း တွေ့ရှိထားသည့်တိုင် အဘယ်ကြောင့် ယင်းကဲ့သို့ ဆက်စပ်မှုမျိုး ဖြစ်ပေါ်နေသည် ဆိုခြင်းကိုမူ မဝေခွဲနိုင်သေးချေ။ အပြာရောင် အသားပေးထားသည့် အလင်းရောင် ထုတ်လွှင့်မှုနှင့် မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှင့်မှုများ နှိုင်းယှဉ်စမ်းသပ်ချက်အရ လူတစ်ဦး၏ ဆာလောတ်မှာ အပြောင်းအလဲ ဖြစ်ပေါ်တတ်ကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ (၁၅)မိနစ် မျှကြာအောင် အပြာရောင် အလင်းနှင့် ထိတွေ့နေပြီးနောက် ယင်းသက်ရောက်မှု စတင်ဖြစ်ပေါ်လာပြီး (၂)နာရီမျှထိ ဆက်လက် တည်မြဲနေတတ်ကြောင်း သုတေသီများက ယုံကြည်ထားသည်။ 


ချီကာဂိုရှိ အနောက်မြောက်ပိုင်း တက္ကသိုလ်မှ ဦးဆောင်သုတေသီ အိုင်ဗီချောင်က “အပြာရောင် အဓိက ပါဝင်တဲ့ အလင်းတွေက ခန္ဓာဗေဒ စနစ်တွေမှာ ဆာလောင်မွတ်သိပ်မှုကို လှုံ့ဆော်ပေးတာ အမှန်ပါပဲ။ ဒီတွေ့ရှိချက်က အရေးကြီးပါတယ်။ ဒါဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က အလင်းရောင် ရင်းမြစ်တွေနဲ့ ကိုယ်အလေးချိန် တိုးပွားမှု ဆက်နွယ်နေတာကို ခြေရာခံမိစေတဲ့ အခြေအနေ တစ်ရပ်ပါပဲ။ ဒီလို ဘာကြောင့် ဖြစ်ရတယ် ဆိုတာတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ အပြာရောင် အလင်းတွေနဲ့ ရေရှည် ထိတွေ့နေရင် ဇီဝကမ္မ ဖြစ်စဉ်တွေ ပြောင်းလဲလာမယ်။ ပိုပြီးဆာလာမယ်၊ ပိုပြီးစားသောက်မယ်၊ အဲဒီတော့ ပိုပြီးဝလာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

သုတေသီများသည် ယခုစစ်တမ်းအတွက် ကျန်းမာသန်စွမ်းသူ (၁၀)ဦးကို အသုံးပြု စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ (၄)ရက်ကြာ စမ်းသပ်မှုများအတွင်း မှိန်ဖျော့ဖျော့ အလင်းရောင်နှင့် ပုံမှန်ထိတွေ့သူများထက် အပြာရောင် အလင်းနှင့် ပိုမိုထိတွေ့ဖြစ်သူများက ယခင်ထက် အစားအသောက် ပိုများလာကာ ကိုယ်အလေးချိန်လည်း အတန်ငယ် တိုးလာကြောင်း သိရှိရသည်။


Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...