အထူးကြပ်မတ်ကုသဆောင်များတွင် အသုံးပြုသော စတီးရွိုက်များနှင့် စိတ်ဖောက်ပြန်ခြင်း ဆက်စပ်နေ

Health Updates Journal No. 121
အထူးကြပ်မတ် ကုသဆောင် (ICU)များတွင် အသည်းအသန် လူနာများကိုပေးရတဲ့ စတီးရွိုက်များဟာ စိတ်ဖောက်ပြန်ဝေဒနာ တစ်မျိုး ဖြစ်တဲ့ Delirium ဖြစ်ပွားစေနိုင်ကြောင်း သုတေသန ရလဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ဒါဟာ ချက်ချင်းဖြစ်ပွားတာ မဟုတ်ဘဲ တာရှည်အသုံးပြုရာမှာ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်းကို ICU မှာ အသက်ရှူစက်တွေ တပ်ထားရတဲ့ လူနာ၈၀ ရာခိုင်နှုန်းမှာတွေ့ရှိခဲ့တယ်လို့ သုတေသနကိုပြုလုပ်ခဲ့တဲ့ ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်မှ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေးပညာရှင် Dr Dale Needham က ပြောကြားထားပါတယ်။ စက်တွေတပ်ပြီးအသက်ရှူဖို့ ကြိုးပမ်းနေရတဲ့လူနာတွေကို သွေးကြောတွင်းကနေ စတီးရွိုက်ပေးရလေ့ ရှိပါတယ်။
ဒီလေ့လာမှုမှာ အဆုတ်ကို ထိခိုက်မှုကြောင့် Baltimor ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေ ရသူ ၃၃၀ ဦးရဲ့ ဆေးရုံပေါ်မှာ ကုသနေရတဲ့ ရက်ပေါင်း ၁၁၈၆ ကို အနီးကပ် သုတေသနပြုခဲ့ပါတယ်။ တွေ့ရှိလာရတာကတော့ စတီးရွိုက်ကို သုံးစွဲရသူတွေမှာ delirium စိတ်ဝေဒနာကို ခံစားလာရတာကို တွေ့ရှိရပါတယ်။ အဲဒီဝေဒနာဟာ မှတ်ဉာဏ် ချို့ယွင်းလာခြင်း၊ တွေးခေါ်နိုင်မှု အားနည်းလာခြင်း အချိန်နေရာတွေကို မှတ်သားနိုင်မှု မရှိတော့ခြင်း၊ ပြင်းထန်စွာ စိတ်လှုပ်ရှားခြင်း၊ ထင်ယောင်ထင် မှားဖြစ်နေခြင်းစတဲ့ လက္ခဏာတွေကို ခံစားရပါတယ်။
““အသည်းအသန်လူနာတွေမှာ စတီးရွိုက်အသုံးပြုမှုကို မိမိတို့ပြန် သုံးသပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီ ဆေးဝါးကိုလည်း လိုအပ်နေတဲ့ တစ်ချိန်တည်းမှာ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထည့်သွင်း စဉ်းစားရမှာဖြစ်တဲ့အတွက် အနာဂတ် သုတေသနတွေမှာ ဆေးဝါးကို အန္တရာယ် အကင်းဆုံးဖြစ်အောင် သုံးစွဲရမယ့်ပမာဏနဲ့ အချိန်အပိုင်းအခြားကို သုတေသန ပြုရမှာဖြစ်ပါတယ်””လို့ Dr Dale Needha က ပြောကြားထားပါတယ်။
ယခုသုတေသနကို Journal of Critical Care Medicine မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ပြည့်ဖြိုး
ref: IANS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)