ရွှေ့ပြောင်းလုပ်သားများကို နှိမ်နင်းရန် မူဝါဒ မချမှတ်ထားဟု ထိုင်းစစ်တပ်ပြော


နေရပ်ပြန်ကမ္ဘောဒီးယားနိုင်ငံသားအချို့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ရိုက်တာ)

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းဖြိုခွဲဖို့ မူဝါဒ မချမှတ်ထားဘူးလို့ စစ်တပ်က ဦးဆောင်တဲ့ အမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီ NCPO က ဒီနေ့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

ထိုင်းစစ်တပ်ကနေ အထောက်အထား မဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လိုက်ဖမ်းနေတယ် ဆိုတဲ့ ကောလာ ဟလတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမား ၁ သိန်း ၃ သောင်းကျော်ဟာ ထိုင်းနိုင်ငံကနေ သူတို့နိုင်ငံ ပြန်ကုန်ကြပြီ ဆိုတဲ့ လတ်တလော မီဒီယာထုတ်ပြန်ချက်တွေ ပေါ်လာပြီး နောက်မှာ ထိုင်း စစ်တပ်ရဲ့ ရှင်းလင်းချက် ထွက်ပေါ်လာတာပါ။

နှိမ်နင်းဖြိုခွင်းတာ မဟုတ်ပါဘူးလို့ အမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီ NCPO ပြော ခွင့်ရ ၀င်ထိုင်း ဆူဗာရီက ငြင်းဆိုလိုက်ပြီး NCPO တာဝန်ရှိသူတွေအနေနဲ့ တရားမ၀င် နိုင်ငံခြားသား လုပ်သားတွေ ရှိတဲ့နေရာအားလုံးကို စစ်ဆေးဖို့ လိုအပ်တာကြောင့် ကာလကြာ ကိစ္စတရပ်ကို အ သင့်တော်ဆုံး ဖြေရှင်းဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အာဏာပိုင်တွေကို ပုန်းလျှိုးကွယ်လျှိုး နေထိုင်ရတာထက် ထိုင်းနိုင်ငံမှာ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်အောင် သင့်တော်တဲ့ အထောက်အထားတွေ ရှိထားရမယ်လို့ မစ္စတာ ၀င်ထိုင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားသား လုပ်သားတွေ ၂ ဖက်လုံးကို ကူညီနိုင်ဖို့ လူ့အခွင့်အရေးနဲ့ နိုင်ငံ တကာစံနှုန်းတွေကို ကိုင်စွဲထားတဲ့ စည်းမျဉ်းတွေပေါ် အခြေခံပြီး ဖြေရှင်း အကောင်အထည် ဖော်သွား မယ်လို့ ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကမ္ဘောဒီးယား အလုပ်သမား ၄ သိန်း ၄ သောင်းလောက် နေထိုင်နေတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ပြဆိုထားပြီး မှတ်ပုံမတင်ထားတဲ့ သူတွေကိုတော့ အရေအတွက် အတိအကျ မသိရသေးပါဘူး။ 


DVB Burmese 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...