စားသောက်ဆိုင် လုပ်ငန်းကို တိုးချဲ့ ဖွင့်လှစ်သွားမည်ဟု ချစ်သုဝေမှဆို



အဆိုတော် သရုပ်ဆောင် ချစ်သုဝေသည် ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနှင့်အတူ ဒဂုံတက္ကသိုလ် အတွင်း၌ ကျောင်းသားများ အတွက် ရည်ရွယ်ကာ The Music စားသောက်ဆိုင်ကို ဖွင့်လှစ်ထားသည်ဟု မဇ္ဈိမကို ပြောသည်။ ယင်းစားသောက်ဆိုင်ကို အဒေါ်ဖြစ်သူမှ ဦးစီးဆောင်ရွက်ပေးလျက် ရှိသည့် အပြင် ၎င်းအနေဖြင့် စားသောက်ဆိုင် လုပ်ငန်းကို ထပ်မံ ချဲ့ထွင်သွားမည် ဖြစ်သည်။

” ဒီဆိုင်က ကျောင်းသားတွေ အတွက် အဓိကထားပြီး ဖွင့်လှစ်တာပါ။ ကုသိုလ်လည်းရတာကြောင့် ဖွင့်လှစ်ဖြစ်သွားတာပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ၎င်းအနေဖြင့် ဒုတိယမြောက် စီးရီး ထွက်ရှိရန် စီစဉ်နေပြီး ၎င်းအယ်ဘမ်တွင် စိတ်ကြိုက် သီချင်းပုံစံများနှင့် ပရိသတ်အကြိုက် ဖြစ်စေရန် စီစဉ်ထားသည်ဟုပြောသည်။

၎င်း၏ ဒုတိယစီးရီးတွင် ခေါင်းစဉ်ကို သေချာမရွေးချယ်ရသေးပဲ အဓိပ္ပာယ် ရှိပြီး လေးနက်မည့် နာမည်မျိုး ကိုသာ အဓိကထား ပေးမည် ဖြစ်ကာ တေးရေး အနေဖြင့် လင်းလင်း၊ စံပီး၊ ဇဝါတို့က ရေးစပ်ထားပြီး သီချင်း ၁၂ ပုဒ် ပါဝင်မည်ဖြစ်သည်။ ယင်းသီချင်းများကို Metal Zone တွင် အသံသွင်းကာ Dream Lover Band မှ တီးခတ်ပေးထားပြီး ၂ဝ၁၄ နှစ်ကုန်တွင် ထွက်ရှိ မည်ဖြစ်သည်။

“အခုက စီးရီးအတွက် အများကြီး အချိန်ပေးပြီး ပြင်ဆင်ထားတယ်။ အကောင်းဆုံးနဲ့ သေသေသပ်သပ် ဖြစ်စေချင်တဲ့အတွက် ဒီနှစ်ကုန်လောက်မှ ထွက်ဖြစ်မယ်။ ဘယ်ကထွက်ဖြစ်မယ် ဆိုတာကတော့ ပြောလို့မရသေးပါဘူး”ဟု ၎င်းကပြောသည်။

ချစ်သုဝေနှင့် လင်းလင်းတို့၏ အိမ်ထောင်ရေးသည် စိတ်ချမ်းသာပြီး ခင်ပွန်းဖြစ်သူ လင်းလင်းမှလည်း လိုအပ်သည်များကို ဂရုစိုက်ပေးသည်ဟုပြောသည်။

“အစ်မအတွက် အရင်လိုပါပဲ အရမ်းကြီး ပြောင်းလဲသွားတာမျိုးတော့ မရှိဘူး။ အိမ်ထောင်ကျပြီးတော့မှ ကိုယ့်ကိုယ် အရင်ထက်ပိုပြီး ရင့်ကျက်လာတယ်လို့တော့ ထင်တယ် ရင်သွေးကိုတော့ သုံးနှစ်နေပြီးမှသာ ယူဖြစ်မယ်”ဟု ချစ်သုဝေက ပြောသည်။

အဆိုတော် ချစ်သုဝေသည် တိမ်တွေနေတဲ့အရပ် စီးရီးကို ၂ဝ၁၂ခုနှစ်တွင် ထွက်ရှိခဲ့ပြီး အတွဲခွေများနှင့် ဗီဒီယို ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင် နေသူတစ်ဦး ဖြစ်သည်။ 


Mizzima Burmese
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...