နေ၀င်ချိန်ကို သက်သာစွာ ဖြတ်သန်းခွင့် မရသူများ

ကိုထိုက်
နောက်ဆုံးအချိန် ရောက်နေသော လူနာများအတွက် အနာအကျင် သက်သာစေမည့် ဆေးဝါးများ လုံလောက်စွာ မထောက်ပံ့ပေးနိုင်ခြင်း သည် ကမ္ဘာ့ ကျန်းမာရေး ကဏ္ဍမှာ ဟာကွက်ကြီးတစ်ခု ဖြစ်နေ သည်ဟု ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ များက ထောက်ပြထားကြသည်။
၂၀၁၂ ခုနှစ် တစ်နှစ်စာ ကောက်ယူ ထားသော စစ်တမ်းတစ်ရပ်အရ ကမ္ဘာတစ်ဝန်း မလိုအပ်ဘဲ နာကျင် မှုဒဏ် ခံစားရင်း သေဆုံးခဲ့ရသူ (၁၈) သန်းနီးပါး ရှိကြောင်း သိရသည်။ အများစုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်သည်။ အီသီယိုးပီးယားတွင် ကင်ဆာကြောင့် နာကျင်မှုဒဏ် မခံနိုင်သဖြင့် မောင်းလာနေသော ကုန် တင်ကား အောက် ထိုးဝင်ကာဘ၀ကို အဆုံးသတ် သွားသူများထိရှိနေသည်။
ပြဿနာ၏ အရင်းမြစ်မှာ အနာအကျင် သက်သာစေသော မော်ဖင်းကဲ့သို့ ပစ္စည်းမျိုးကို ဆေးဝါးအဖြစ် သင့်လျော်အောင် သုံးနိုင်သည်ဟူ သော ခံယူချက်မျိုး မရှိသော အစိုးရများကြောင့် ဖြစ်ကြောင်း နောက် ဆုံး အချိန် နာကျင်မှု သက်သာအောင် ဆောင်ရွက်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(WPCA) က ပြောသည်။ မော်ဖင်း ဟူသည် စွဲလန်းစေသော ဘိန်းတစ်မျိုး အဖြစ်သာ ထိုသို့သော အစိုးရများက သတ်မှတ် ထားကြသည်။ မော်ဖင်း ကဲ့သို့ ပစ္စည်းများကို ဆေးဝါးအဖြစ် သုံးရန်ကိုပင် တင်း ကျပ်စွာ ကန့်သတ်ထားကြသည်။ ပြီးခဲ့သည့် လက ကမ္ဘာတစ်ဝန်း အစိုးရ များမှ ကျန်းမာရေး ဘက်ဆိုင်ရာ ကိုယ်စားလှယ် (၂၀၀) ကျော် ကုလသမဂ္ဂတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံး အချိန်ရောက် နေသော ဝေဒနာရှင် များ အနာအကျင် သက်သာအောင် ဆောင်ရွက်ပေးရေးကို အဓိက လုပ်ငန်းစဉ် အဖြစ် ကိုင်တွယ်သွားရန် သဘောတူခဲ့ကြသည်။ ယခုကိစ္စကို အရေးကြီး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဦးဆောင်ကာ ကမ္ဘာလုံးချီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေး ဖြစ် သည်မှာ ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
ယူဂန်ဒါ နိုင်ငံ ငှက်ပျောခြံများပေါများရာ ၀ါကီဆိုရွာငယ်လေးတွင် အသက် (၄၈) နှစ် အရွယ် ဘက်တီနိုင်ဂါ နေထိုင်သည်။ သူ့ တဲငယ်လေးထဲ က မွေ့ရာပါးလေး ပေါ်မှာ ဘက်တီ လှဲနေရသည့် အချိန်က အများဆုံး ဖြစ်သည်။ သူ့မှာ ရင်သားကင်ဆာ ဖြစ်နေကြောင်း ပြီးခဲ့သည့် (၂) နှစ်က ဘက်တီ စသိခဲ့ရသည်။ ကုစရာ ပိုက်ဆံမရှိ။ အကျိတ်လုံး က ကြီးသထက် ကြီးလာသည်။ အရင်ကဆို တအားကို နာတာပေါ့။ မအိပ်နိုင်ဘူး။ ဘာမှ မလုပ်နိုင်ဘူး။ လူကို တစ်ချိန်လုံး နှိပ်စက်နေတော့ တာပဲ။ ဘ၀ကို အရှုံးပေးထားရတဲ့ အချိန်တွေပေါ့။ သေသွားရင်တောင် ကောင်းဦးမယ်လို့ မကြာမကြာ ဆုတောင်းမိ တယ် ဟု ဘက်တီက ပြောသည်။
ထိုအတိုင်း တစ်နှစ်လောက် ဘက်တီ ခံစားရသည်။ မိသားစုဝင် များလည်း ဘက်တီကို အချိန်ပြည့် မစောင့်ရှောက်နိုင်။ နောက်ဆုံးတွင်မှ အများပြည်သူ စေတနာ့ ဝန်ထမ်းတစ်ဦး ဖြစ်သော အလန်နဲ့ ဘက်တီတွေ့ခဲ့သည်။ အလန်သည် ဘက်တီ ကဲ့သို့ ဝေဒနာကို ကျိတ်ခံစားနေရ သူများကို ဖော်ထုတ်ပြီး ကုသပေးရန်၊ နာကျင်မှု သက်သာအောင် လုပ်ပေးနိုင်ရန် ယူဂန်ဒါ အစိုးရက အထူးလေ့ကျင့်ပေး ထားသော စေတနာ့ ၀န်ထမ်းများထဲမှ တစ်ဦးဖြစ်သည်။ ဝေဒနာရှင်များ နာကျင်မှု သက်သာအောင် ဆောင်ရွက်ပေးရေး အဓိက ဖွဲ့စည်းထားသော Hospice Africa Ugandaအဖွဲ့နှင့် ယူဂန်ဒါ အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
အလန်၏ ဆက်သွယ်ပေးချက် အရ ဘက်တီသည် ကင်ဆာစစ်ဆေး ကုသမှု ခံယူနိုင်ခဲ့သလို နာကျင်မှုကို ရင်ဆိုင်နိုင်ဖို့ အလိုအပ်ဆုံးဖြစ်နေ သည့် မော်ဖင်းကိုလည်း သုံးခွင့်ရခဲ့သည်။ နာကျင်မှု သက်သာအောင် ကုပေးတာခံရတဲ့ နောက်ပိုင်း ကျွန်မဘ၀ အများကြီး ပြောင်းလဲသွားတယ်။ နာတာ ကျင်တာလည်း ခံနိုင် ရည် ရှိလာတယ် ဟု ဘက်တီက ပြောသည်။ ယူဂန်ဒါသည် အာဖရိ နိုင်ငံများထဲတွင် နောက်ဆုံး အချိန်ရောက် ဝေဒနာသည်များနှင့် ဝေဒနာ ပြင်းထန်စွာ ခံစားနေရ သူများ နာကျင်မှု သက်သာရေး ကျန်းမာရေး စောင့်ရှောက်ပေးသည့် ကဏ္ဍတွင် ရှေ့ဆုံးတန်း နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံတွင်းမှာပင် မော်ဖင်းကို ထုတ်လုပ်လျက်ရှိသည်။
ယူဂန်ဒါလိုမဟုတ်ဘဲ ကန့်သတ်ချက်တွေ တင်းကျပ်ထားဆဲ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားလည်း ကျန်နေသေး သည်။ အာဖဂန် နစ်္စတန်၊ လစ်ဗျားစသည့်နိုင်ငံများတွင် နာကျင် မှုဒဏ် သက်သာရေး စောင့်ရှောက်ပေး သည့် ကျန်းမာရေးဝန်ဆောင်မှု လုံးဝ မရှိဘဲ ဖြစ် နေသည်။ ပါကစ်္စတန်နိုင်ငံတွင်လည်း ၂၀၁၂ တစ်နှစ် အတွင်း နာကျင်မှုဒဏ် သက်သာရေး ကျန်းမာရေး စောင့်ရှောက်မှု ခံယူသင့်သူ (၃၅၀၀၀၀) ကျော်ရှိနေ သည့်တိုင်(၃၀၀) ခန့်သာ စောင့်ရှောက်မှု ခံယူခဲ့ရကြောင်း သိရသည်။ မိုဇမ်ဘစ်တွင် ထိုသို့သော ကျန်း မာရေး စောင့်ရှောက်မှု စင်တာမျိုး တစ်ခုသာ ရှိပြီး စောင့်ရှောက်မှု ခံယူသင့်သူ တစ်သိန်း လျှင် (၁၅၃) ယောက်သာ ခံယူခွင့် ရခဲ့သည်။ မော်ရိုကိုတွင်လည်း စောင့်ရှောက်မှု ခံယူ ချင်သူ ရှစ်သောင်းအနက် (၁၅၃) ယောက် သာ ခံယူခဲ့ရသည်။
ကျန်းမာရေး စောင့်ရှောက်မှု မကောင်းသူများ၏ တစ်ဖက်ခြမ်းတွင် ကောင်းသူများလည်း ရှိနေသည်။ သြစတြီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝေဒနာဒဏ် ပြင်းထန်သူများကို နာကျင်မှု သက်သာအောင် စောင့်ရှောက်ပေးမည့် စင်တာမျိုးသည် လူ (၁၆၀) လျှင် တစ်ခုရှိသည်။ ဗြိတိန်နိုင်ငံတွင်လည်း ၂၀၁၂ ၌ အလားတူ ကျန်းမာရေး စောင့်ရှောက်မှု ခံယူချင်သူ (၉၇) ရာခိုင်နှုန်း ထိ စောင့်ရှောက်မှု ခံယူခဲ့ရသည်။
မော်ဖင်းသည် ဈေးသက်သာသော ပစ္စည်းတစ်မျိုး ဖြစ်သည်။ အာဖဂန် ဘိန်းစိုက်ခင်းများမှ အရည် အသွေးမမီသော အပယ် ဘိန်းပင်များမှပင် ထုတ်ယူရရှိ နိုင်သည်။ မော်ဖင်းသည် နိုင်ငံတကာ ကုန်သွယ် မှု တားမြစ် ပစ္စည်းထဲတွင် ပါဝင်သောကြောင့် ကမ္ဘာ့ နိုင်ငံများ အနေဖြင့် တစ်နှစ်စာ လိုအပ် သလောက် ကို နိုင်ငံတကာ မူးယစ် ထိန်းချုပ်ရေးအဖွဲ့သို့ ကြိုတင် စာရင်းပေး မှာယူကြရသည်။ နိုင်ငံ အများစုကြီး ကား လုံလောက်အောင်မှာယူခြင်း မရှိ ကြောင်း တွေ့ရသည်။ လုံလောက်စွာ မမှာယူဖြစ်စေသည့် နောက်ခံအကြောင်း များလည်း ရှိသည်။ မော်ဖင်းများ တရားမ၀င်ဈေးကွက်ထဲ ရောက်သွားမှာ စိုးရိမ်မှု၊ လူနာများ မော်ဖင်းစွဲ သွားမှာ စိုးရိမ်မှု များသည် ထိပ်ဆုံး အကြောင်းရင်းများ ဖြစ်သည်။
မော်ဖင်းဆိုတာ ဝေဒနာဒဏ် ပြင်းထန်နေတဲ့ လူနာတွေကို သက်သာရာရစေမယ် ဆိုတာ အစိုးရတွေ မသိမှုကြောင့် မော်ဖင်းကို လိုအပ်သည်ထက် ပိုတင်းကျပ်ထားကြတာပါ။ ရဲတွေကိုလည်း မော်ဖင်းဆိုတာ မူးယစ်ဆေးလို့သာ သင်တန်းပေးထားကြတယ်။ မော်ဖင်းဆိုတာ ဘိန်းလိုပဲ၊ သုံးရင်စွဲ တယ်လို့ပဲ သင် တန်းပေးထား ကြတယ်။ နာကျင်မှုဒဏ် သိပ်ခံနေရသူ အဖို့ မော်ဖင်းကို အတိုင်းအတာနဲ့ သုံးခွင့်ရရင် နာကျင်မှုဒဏ် သက်သာရာ ရစေ တယ်ဆိုတာ အစိုးရ တွေလည်း မှန်မှန်ကန်ကန် သိကြဖို့ လိုပါတယ် ဟု WPCA မှ ဒေါက်တာ စတီဖင် အိုကွန်နာကပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် ဆရာဝန်များကိုလည်း လူနာများ အနာအကျင် သက်သာအောင် စောင့်ရှောက် ကုသနည်းဆိုင်ရာ သီးသန့် သင်တန်းပေးမှုများ နည်းပါးသဖြင့် ဆရာဝန်များကိုယ်တိုင်သည်ပင် လူနာများ ကို မော်ဖင်း စွဲသွားမှာ စိုးရိမ်သဖြင့် မပေးခြင်းမျိုး၊ မော်ဖင်းလွန်သွားပြီး လူနာ အသက်ဆုံးရှုံးသွားမည်ကို စိုးရိမ်မှုကြောင့် မပေးခြင်းမျိုးထိ ရှိနေကြောင်း မစ္စတာ အိုကွန်နာ က ဆက်လက် ပြောကြားသည်။ ထို့ အတွက် အဖြေ ကား စိတ်ခံယူပုံများကို ပြောင်းပစ်ရမည်ဟု မစ္စတာ အိုကွန်နာက ထောက်ပြသည်။
ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ၊ မူဝါဒတွေကို ပြောင်းပစ်လို့ ရတယ်။ စိတ်ခံယူပုံ မပြောင်းရင်တော့ ရှေ့ကဟာတွေလည်း အလကား ဖြစ်သွားမယ်။ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး၊ စိတ်ခံယူပုံတွေ ပြောင်းလာအောင်ပါ စည်းရုံး ပညာပေးကြရမယ်ဟု ၎င်းက ဆက်ပြောသည်။
ကမ္ဘာတစ်ဝန်း အသက်ရှည်သူများ သထက် များလာနေသော ယနေ့အချိန်တွင် နောက်ဆုံးအဆင့် ရော ဂါဝေဒနာဒဏ် ခံစားနေရသူများ လည်း တိုးသထက် တိုးလာနေရာ ထိုသူများ နေ၀င်ချိန်ကို သက်သာစွာ ဖြတ် သန်းနိုင်ရေးအတွက် ၎င်းတို့ အသက်ရှင် နေစဉ်တစ်လျှောက် နာကျင်မှုဒဏ် အနည်းဆုံးဖြင့် နေထိုင် သွားနိုင်ရန် ကူညီပေးဖို့ အရေးကြီး သထက်ကြီးလာ နေပြီဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ ဒေါက်တာ အက်ဒ်ဝပ် ကယ်လီက လည်း သုံးသပ် ပြောကြားသည်။
Ref: “Millions denied end-of-life drugs”By Tulip Mazumdar
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) (၂၁) ရာစုမွာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုကို ပြုလုပ်နိုင်ခဲ့တဲ့ စုံတွဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးVery little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ