အမေရိကန်တွင် လူနေအိမ် အပေါ်တည့်တည့် တိုက်လေယာဉ်ပျက်ကျ



အမေရိကန်တွင် တိုက်လေယာဉ်တစ်စင်းက လူနေအိမ်ပေါ် ပျက်ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဆန်ဒီယေဂို အရှေ့ဘက် မိုင်(၉၀)မျှအကွာရှိ သဲကန္တာရထဲမှ လူနေအိမ် တစ်လုံးပေါ်သို့ Harrier တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းဟု သတင်းများက ဆိုသည်။ အမေရိကန် ရုပ်မြင်သံကြား ဌာနများက လေယာဉ်ပျက်ကျမှုကြောင့် အနည်းဆုံး အိမ်တစ်လုံး မီးစွဲလောင်ခဲ့သည့် မှတ်တမ်းဗီဒီယိုများ ကို ပြသခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဖြစ်စဉ်တွင် တိုက်လေယာဉ်မှူးမှာ လေထီးဖွင့် ခုန်ထွက်သွားပြီး ဘေးအန္တရာယ် ကင်းရှင်းခဲ့ကြောင်း သိရသည်။ 


၎င်းသည် ဒဏ်ရာအနည်းငယ်မျှသာ ရရှိပြီး ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပျက်ကျသော AV-8B အမျိုးအစား Harrier ဂျက်တိုက်လေယာဉ်သည် အရီဇိုးနားရှိ ယူမာမှ လေတပ်စခန်းတွင် တပ်စွဲ ထားကြောင်း အမေရိကန် မရိန်းတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သော မီလစ်ဆာလီက ပြောကြားခဲ့သည်။ “လောလောဆယ်တော့ ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေတုန်းပဲ။ မြေပြင်က တစ်ယောက်ယောက် ထိခိုက် ဒဏ်ရာရခဲ့သလား ဆိုတာတော့ ခုချိန်ထိ တိတိကျကျ မသိသေးဘူး”ဟုလည်း သူမက ဆိုသည်။

ဒေသခံ တစ်ဦးဖြစ်သည့် အက်ဒရီယာနာ ရာမို့စ်က “လေယာဉ် ပျက်ကျလာတာက အိမ်နောက်ဖေး ခြံဝင်းထဲ ဗုံးကျလာသလိုပဲ။ တစ်အိမ်လုံးတောင် တုန်သွားတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ ယခုဖြစ်ရပ်သည် ယူမာ လေတပ်စခန်းမှ Harrier လေယာဉ်များ တစ်လအတွင်း ဒုတိယအကြိမ်မြောက် ပျက်ကျမှုအဖြစ် လည်း မှတ်တမ်းဝင်လာခဲ့သည်။ မေလ(၉)ရက်နေ့ကလည်း လေယာဉ်တစ်စင်း ဂီလာမြစ်အနီးရှိ လူသူ အရောက်အပေါက် နည်းပါးသော ကန္တာရထဲ ပျက်ကျရာ လေယာဉ်မှူး ဘေးကင်းစွာ ခုန်ထွက် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...