ဂီနီအာတွင် အီဘိုလာကြောင့် သေဆုံးသူ (၂၀၀)ကျော်ထိ မြင့်တက်လာ



ဂီနီအာနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် သေဆုံးသူ အရေအတွက် (၂၀၀)ကျော် သွားပြီဟု သိရှိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)မှ ပညာရှင်များက အာဖရိက အနောက် ပိုင်းဒေသရှိ နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆိုးရွားသော ဝမ်းရောဂါနှင့် ပတ်သက်ပြီး သတိကြီးကြီး စောင့်ကြည့်နေသည်။ မေလ(၂၉)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ အတောအတွင်းမှာပင် ဂီနီအာ၌ ရောဂါ ကူးစက်ခံရသူ (၃၇)ဦး တိုးပွားလာပြီး လူ(၂၁)ဦး အသက်ဆုံးရှုံးခဲ့သည်။ 


အာဖရိက အနောက်ပိုင်း နိုင်ငံအချို့တွင် ခြိမ်းခြောက်နေသည့် ရောဂါဆိုးသည် ယခုအခါ နိုင်ငံအားလုံး၌ သေဆုံးသူ အနည်းဆုံး (၃၂၈)ဦးထိ ရှိစေခဲ့ပြီ ဖြစ်သည်။ ကြာသပတေးနေ့ထိ ဂီနီအာတွင် အီဘို လာကြောင့် သေဆုံးသူ (၂၀၈)ဦးထိ ရှိနေပြီဟု တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ဂီနီအာသည် ယင်းရောဂါဆိုးကို အခက်ခဲဆုံး ရင်ဆိုင်နေရသည့် နိုင်ငံလည်း ဖြစ်သည်။ အီဘိုလာ ဝမ်းရောဂါသည် ကမ္ဘာပေါ်တွင် အသေအပျောက် အမြင့်ဆုံး ဖြစ်ပေါ်စေသည့် အပြင်းစား ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ခံ ထားရသည်။ အီဘိုလာကို ကာကွယ်နိုင်ခြင်း မရှိသလို ကုသရာတွင်လည်း အသက်ရှင်ရန် ရာခိုင်နှုန်း နည်းပါးလှကြောင်း သိရသည်။

နောက်ဆုံးသေဆုံးသူ အများစုသည် ဂီနီရာတောင်ပိုင်း ဂွီကီဒေါ အရပ်မှဖြစ်ပြီး ယင်းသည် ရောဂါအစပြု ပျံ့နှံ့လာသည့် ဒေသလည်း ဖြစ်သည်။ အီဘိုလာကြောင့် အိမ်နီးချင်း ဆီရာလီယွန်နီ နိုင်ငံတွင်လည်း အရေးပေါ် ကျန်းမာရေး အခြေအနေများ ထုတ်ပြန်ထားရပြီး အနည်းဆုံး လူ(၆)ဦး သေဆုံး ခဲ့ပြီးဖြစ်ကြောင်း ယုံကြည်ကြသည်။ ထို့အပြင် လိုက်ဘေးရီးယားတွင်လည်း လူ(၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...