အစဉ်အလာနှင့် ခေတ်သစ်ပညာရေးကို ပေါင်းစပ်မည့် နိုင်ဂျီးရီးယားပညာရေး စနစ်


ရည်မွန်အောင်

နိုင်ဂျီးရီးယားမြောက်ပိုင်းရှိ မူဆလင်ကလေးငယ်များ အတွက် ကုရ်အာန်ကျမ်းမြတ်ပါ စာသားများအား အလွတ် ကျက်မှတ်ခြင်း၊ ရွတ်ဆိုခြင်း တို့မှာ နေ့စဉ် လုပ်ငန်းဆောင်တာများ ဖြစ်ကြသည်။ ကာနိုမြို့တွင်း သွားရင်းလာရင်း လမ်းမြှောင် လမ်းကြားလေး တစ်ခုရှိ ကုရ်အာန်ကျမ်းစာသင် စာသင်ကျောင်း တစ်ခုကို တွေ့ရှိခဲ့သည်။ စာသင်ကျောင်းတွင် ယောက်ျားလေး (၈၀၀) ခန့်သည် ကျောက်သင်ပုံးများ ပေါ်တွင် ရေးသားထားသည့် ကျမ်းစာပိုဒ်များကို ရွတ်ဆို နေကြသည်။ တစ်နေ့တာလုံး ရွတ်ဆိုနေရခြင်း ဖြစ်သည်။ ယင်းကလေးငယ် အများစု အတွက်တော့ ကျမ်းစာပါ စာသားများ ရွတ်ဆို ရခြင်းသည် သူတို့ရရှိ နေသည့် တစ်ခုတည်းသော ပညာရေး ဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံတစ်ဝန်းတွင် ကလေးငယ် (၁၁) သန်းခန့်မှာ အစ္စလာမ်ရိုးရာ အစဉ်အလာ ပညာရေးက လွဲပြီး အခြား ပြင်ပ ပညာရေး စနစ် များနှင့် ထိတွေ့ရခြင်း မရှိချေ။ သို့သော် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အချိန်ကျ နေပြီး ပိုမိုကျယ်ပြန့်သော ပညာရေး စနစ်ကို ကျင့်သုံးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ယူဆမှုများရှိလာ နေပြီဖြစ်သည်။

ကျွန်တော်တစ်သက်လုံး ကုရ်အာန်ကျမ်းစာကိုသင်ယူလာခဲ့ရတာပါ၊ အနောက် တိုင်း ပညာရေးဆိုတာ မူးလို့ရှုစရာတောင် မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ခေတ်သစ် လူ့အဖွဲ့အစည်းရဲ့ စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်ဖို့ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ် ဟု အစ္စလာမ် ဘာသာရေးဆရာ အဗ္ဗဒူရာမန် မာဒ်က ကလေး ငယ်များ အား အာရဘီ စကားလုံးများ သင်ကြားနေရင်း ပြောဆိုခဲ့သည်။

နေ့ခင်းဘက် ၀တ်ပြုပူဇော် အပြီးတွင် ကလေးငယ် (၃၀) ဦးခန့်မှာ သင်္ချာ၊ ဟောက်ဆာ ဘာသာစကား၊ အင်္ဂလိပ်နှင့် အခြား လူမှုသိပ္ပံပညာရပ် များကို သင်ယူရသည်။ ၎င်း ၏ တပည့်တချို့မှာ အလယ်တန်း အောင်မြင်ပြီး ဖြစ်သောကြောင့် ကုရ်အာန် ကျမ်းစာ အပြင် အနောက်တိုင်းပညာရေး ကိုပါ သင်ယူနေ ကြပြီ ဖြစ်ကြောင်း၊ သို့သော် ဘိုကိုဟာရမ် အဖွဲ့၏ အန္တရာယ်ကို ကြောက်လန့် နေရသေးကြောင်း မာဒ် က ပြောဆိုခဲ့သည်။

ဘိုကိုဟာရမ်မှာ ဟောက်ဆာဘာသာ စကားဖြင့် အနောက်တိုင်း ပညာရေးကို ပိတ်ပင် တားမြစ်သည်ဟု အဓိပာယ်ရပြီး နိုင်ဂျီးရီးယား အရှေ့ မြောက်ပိုင်းရှိ စာသင်ကျောင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။ အဖွဲ့သည် တင်းကြပ်သော အစ္စလာမ် ဘာသာရေးအား ယောက်ျား လေးများ ကိုသာ သင်ကြားပေးရန် ဆန္ဒရှိနေသည်။ ဘိုကိုဟာရမ်သည် ကာနိုမြို့တွင် လှုပ်ရှားမှုများ ရှိနေပြီး မေလ (၁၈) ရက်နေ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူအမြောက်အများ သေဆုံးခဲ့ပြီး ဖြစ်သည်။

စာသင်ကျောင်း မတက်ရောက်နိုင်သော ကလေးများသည် နေအိမ်တွင်သာ နေထိုင်ကြပြီး ယင်းနောက် လမ်းမပေါ်တွင် ပစ္စည်းများ လိုက်လံ ရောင်းချ ရကြောင်း အသက် (၁၂) နှစ် အရွယ် ဖာတီမာ ဆိုသူ မိန်းကလေးတစ်ဦးက ၎င်း ၏ စာသင်ကျောင်း ရှေ့တွင် ပြောဆိုခဲ့သည်။ ယင်းကလေးငယ် များအား စာရေးခိုင်းလျှင် အသေးအဖွဲ့လေးတွေ ကိုပင် မရေးသားနိုင် ကြကြောင်း၊ ၎င်း ကတော့ ရေးနိုင် ဖတ်နိုင်ကြောင်း ဖာတီမာက ပြောဆိုခဲ့သည်။

ဖာတီမာက ၎င်း သည် အင်္ဂလိပ်ဘာသာ စကားကိုလည်း သင်ယူနေရကြောင်း၊ အိမ်ပြန်ရောက် လျှင် လည်း ညီငယ် ညီမငယ်ကို များကို စာပြန် သင်ပေး ရကြောင်း ပြောဆိုခဲ့သည်။ ဖာတီမာအား စာသင်ကျောင်း တက်ရောက် ခွင့်ပြုခြင်းသည် လူ့အဖွဲ့အစည်း တစ်ခုလုံးကို ပညာပေးခြင်းနှင့် ဆင်တူ ကြောင်း၊ ဖာတီမာကြောင့် ရွယ်တူတန်းတူများ စာသင်ကျောင်း တက်ရောက်ချင်လာကြကြောင်း ၎င်း ၏ အဘိုးဖြစ်သူက ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးသို့သွားရာလမ်းလား

ပညာမတတ်သော လူငယ်များအား ဘိုကိုဟာရမ်က သွေးဆောင်စည်းရုံးပြီး တိုက်ခိုက်ရေးသမားများ အဖြစ် အသုံးချနိုင်ကြောင်း နိုင်ဂျီးရီးယားတွင် စိုးရိမ်မှုများ ရှိလာနေပြီ ဖြစ်သည်။ ကာနိုပြည်နယ် အုပ်ချုပ်ရေးမှူး ရာဘီယူမူဆာ ကွန်ကွာဆိုကလည်း ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကမကထ ပြုလုပ်ဆောင်နေပြီ ဖြစ်သည်။ စာမတတ်မြောက်ခြင်း၊ ဆင်းရဲမွဲ တေခြင်းနှင့် ပဋိပက္ခများ ဖြစ်ပွားခြင်း တို့ကြား ဆက်နွှယ်မှုရှိနေကြောင်း အစိုးရ က သိရှိနားလည်လာနေပြီ ဖြစ်ကြောင်း ၎င်း က ပြောဆိုခဲ့ သည်။ သို့သော် ကာနိုတွင် အနောက်တိုင်း ပညာရေးသည် သင့်တော်မှု ရှိသလို အစ္စလာမ် ပညာရေးမှာ လည်း သင့်တော်မှုရှိသော ပညာရေးဟု ယူဆထားသောကြောင့် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ကျင့် သုံးနိုင်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ယင်းနည်းလမ်းဖြင့်သာ နိုင်ငံတိုးတက်အောင် လုပ်ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်း မူဆာကွန်ကွာ က ပြောဆိုခဲ့သည်။

ကိုလိုနီအငွေ့အသက်

ပညာရေးနှင့် ပတ်သက်ပြီး အငြင်းပွားခြင်းမှာ ထူးခြားသောကိစ္စတစ်ခုတော့ မဟုတ်ခဲ့ပါ။ နိုင်ဂျီးရီးယား တွင် အစ္စလာမ် ဘာသာတရား ခြေကုပ် ယူခဲ့သည်မှာ နှစ်တစ်ထောင် ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လောကီ ပညာရေးမှာမူ မကြာသေးမီကမှ ပေါက်သော ရွှေကြာပင်သာ ဖြစ်သည်။

အာဖရိကသားများစွာ ပါဝင်သော ဗြိတိသျှတပ်များသည် ကာနိုအား ၁၉၀၃ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။ ယင်းအချိန် မှစပြီး အနောက်တိုင်း ပညာရေးနှင့် ကိုလိုနီစနစ်တို့ကြား ဆက်စပ်မှုရှိသည် ဟု ယူဆခြင်း၊ အစ္စလာမ်ဘာသာအား ခြိမ်းခြောက် နေသည်ဟု ယူဆခြင်း တို့ကြောင့် အနောက် တိုင်းပညာရေး ဆိုလျှင် မည်သည့် ပုံစံကိုမှ မလိုချင်ကြတော့ဘဲ ဆန့်ကျင်မှုများ ရှိလာခဲ့သည်။

ဘာသာရေးဆိုင်ရာ စာသင်ကျောင်းများတွင် ခေတ်သစ်ပညာရေးကိုပါ ထည့်သွင်း သင်ကြားရန် လို အပ်ကြောင်း ယူဆခဲ့သည့် ဘာသာရေး ဆရာများ ပင်လျင် အစောပိုင်းတွင် စိတ်ပူပန်ခဲ့ကြသည်။ သို့သော် တဖြည်းဖြည်းဖြင့် ပြည်နယ်သားများသည် ၎င်း တို့ မရရှိခဲ့သည် စိတ်ကူးအိပ်မက်များ သားသမီး များ အကောင်အထည်ရှိရှိ ဆုတ်ကိုင်မိလာစေရေး အတွက် အနောက်တိုင်းပညာရေးသည်သာ တစ်ခု တည်းသော လှေကားဖြစ်ကြောင်း သိရှိ နားလည်လာကြသည်။ ဖာတီမာတွင်လည်း မျှော်လင့်ချက်ကြီး များ ရှိနေပါသည်။ သမီးက ဆရာဝန် ဒါမှမဟုတ် ရှေ့နေဖြစ်ချင်ပါတယ်။ ဒါတွေက သမီးရဲ့ အိပ်မက်တွေ ပါပဲ၊ ရည်မှန်းချက် မပြည့်မချင်း အိမ်ထောင်မပြုပါဘူးရှင် ဟု ဖာတီမာ က ပြောဆိုခဲ့သည်။ 


Ref: Nigeria schools walk line between Islamic and Western traditions By Will Ross:BBC

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...