ခေါက်ဆွဲပုံပေါ် အိပ်နေပုံ၊ ခြေဖြင့်နင်းနေပုံများ အွန်လိုင်းတက်လာ၍ ခေါက်ဆွဲစက်ရုံ အပိတ်ခံရ



ဘေဂျင်း- အလုပ်သမားများခြေဗလာဖြင့် ခေါက်ဆွဲများကိုနင်းနေပုံနှင့် ခေါက်ဆွဲပုံပေါ်တွင် အိပ်စက်နေ ပုံများ အွန်လိုင်းတွင်ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံရှိ ခေါက်ဆွဲစက်ရုံတစ်ရုံကို ပိတ်ထားရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့သည်။

Daojiao Tong Cheng ဆန်ခေါက်ဆွဲစက်ရုံသည် သန့်ရှင်းမှု ညံ့ဖျင်းသော အပြုအမှုများကြောင့် ဝေဖန်ခံ ထားရပြီး စက်ရုံပိုင်ရှင်က ပုံစံကျစေရမည်ဟု ကတိပြုထားခဲ့ပြီးဖြစ်သော်လည်း ယင်းစက်ရုံ အလုပ်သမား များခေါက်ဆွဲများကို ခြေဗလာဖြင့်နင်းနေပုံ၊ ခေါက်ဆွဲပုံပေါ်တွင် အိပ်နေပုံတို့ကို Weibo ၀က်ဘ်ဆိုက်တွင် အင်တာနက် သုံးစွဲသူတစ်ဦးက ဖော်ပြခဲ့သဖြင့် ယင်းစက်ရုံတည်ရှိရာ ဂွမ်ဒေါင်းပြည်နယ်မှ အာဏာပိုင် များက စုံစမ်းစစ်ဆေးရေးအတွက် ယင်းစက်ရုံကို ပိတ်ထားရန်အမိန့်ထုတ်ပြန်ခဲ့ကြောင်း Yan Cheng Evening Report သတင်းဌာနက ဖော်ပြသည်။

ယင်းဓာတ်ပုံများမှာ ဇန်န၀ါရီ ၃၁ ရက်တွင် ဆင်နွှဲသည့် တရုတ်နွေဦးပွဲတော်မတိုင်မီ လွန်ခဲ့သော လပေါင်းများစွာက ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်ကြောင်း ဂွမ်ဒေါင်းပြည်နယ်အစားအစာနှင့် ဆေးဝါး စီမံကွပ်ကဲရေးဌာနအရာရှိတစ်ဦးက ပြောသည်။

ဂွမ်ဒေါင်းပြည်နယ်တစ်ဝန်း Daojiao ကုမ္ပဏီပိုင်ခေါက်ဆွဲ စက်ရုံပေါင်း ၁၅ ခုရှိပြီး၊ ယင်းစက်ရုံများမှ တစ်နေ့လျင် ခေါက်ဆွဲတန်ချိန် ရှစ်ရာနှင့် ၁၂၀၀ကြား ထုတ်လုပ်သည်။

ယခုသတင်းကြောင့် တရုတ်နိုင်ငံသား အွန်လိုင်းသုံးသူများစွာ ထိတ်လန့်အံ့ကြခဲ့ကြသည်။ အစား အသောက်နှင့် ပတ်သက်သည့် သတင်းဆိုးများမှာ တရုတ်နိုင်ငံတွင် မကြာခဏ ထွက်ပေါ်နေကျဖြစ်ပြီး ဥပမာဆိုရလျှင် အသုံးပြုပြီးသား စားဆီကို တရားမ၀င်ပြန်လည်ချက်လုပ်ကာ စားသုံးသူများထံ ပြန် လည်ရောင်းချသည်ဆိုသော သတင်းပြီးခဲ့သည့်နှစ်က ထွက်ပေါ်ပြီးနောက် တရုတ်နိုင်ငံရှိမီဒီယာများက အုတ်အော်သောင်းနင်းဖြစ်အောင် ဖန်တီးခဲ့ကြကြောင်း သိရသည်။ 


_BUSINESS INSIDER
7Day News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...