အီရတ်တွင် အမေရိကန်၏ F-18 တိုက်လေယာဉ်များ စတင်ပျံသန်း
အီရတ်နိုင်ငံ ကောင်းကင်ယံတွင် အမေရိကန်၏ F-18 Super Hornet တိုက်လေယာဉ်များ စတင်ပျံ ဝဲနေပြီး အီရတ်အစိုးရအတွက် ထောက်လှမ်းရေး ကဏ္ဍတွင် ကူညီပံ့ပိုးနေပြီဟု သိရှိရသည်။
အီရတ်မြောက်ပိုင်း မြို့ကြီးများကို သိမ်းယူကာ ဘဂ္ဂဒက်မြို့တော်ကို ISIL စစ်သွေးကြွများ ခြိမ်းခြောက် လာသည့်နောက် အမေရိကန်က လေကြောင်းမှ ပံ့ပိုးတိုက်ခိုက်ပေးပါရန် အီရတ် ဝန်ကြီးချုပ် နူရီအယ်လ် မာလီကီက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ အကူအညီ တောင်းခံခဲ့သည်။ အမေရိကန်က တိုက်ခိုက်ရေး ကဏ္ဍတွင် ပါဝင်ရန် တုံ့ဆိုင်းနေဆဲ ဖြစ်သော်လည်း အီရတ်ကို လေယာဉ်ပျံများ၊ မောင်းသူ မဲ့ လေယာဉ်များ ပို့လွှတ်ကာ ထောက်လှမ်းရေးအတွက် အကူအညီ ပေးမည်ဟု အတည်ပြုခဲ့သည်။

သို့သော်လည်း F-18များကို ဇွန်လ(၁၈)ရက်နေ့မှ စတင်၍ စေလွှတ်ခဲ့ခြင်းက အမေရိကန် အနေဖြင့် ISIL တို့အပေါ် အချိန်မရွေး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာနိုင်ရန် စီစဉ်ထားခြင်း ဖြစ်နိုင်သည်။ (၂၀၁၁) ခုနှစ်က အီရတ်မှ အမေရိကန် စစ်တပ်များ ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ထောက်လှမ်းရေး ကဏ္ဍအတွက် လေယာဉ်များ စေလွှတ်ပေးခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးလည်း ဖြစ်သည်။ Fox News သတင်း ဌာနကမူ F-18များသည် ထောက်လှမ်းရေးသုံး လေယာဉ်မျိုး မဟုတ်ဘဲ တိုက်လေယာဉ် စစ်စစ်များဟု ရေးသားဖော်ပြခဲ့သည်။

F-18 များသည် အီရတ်နိုင်ငံရေး အကျပ်အတည်း ကာလအတွင်း အမေရိကန် အစိုးရက အာရေဗျ ပင်လယ်အတွင်း ပြောင်းရွှေ့နေရာယူထားစေသည့် USS George H.W. Bush လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် အခြေစိုက်ထားသည်။ ဇွန်လ(၁၈)ရက်နေ့ ညနေပိုင်းတွင် အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ၌ သမ္မတ အိုဘားမားသည် အီရတ်တွင် လေကြောင်းမှ ကူညီတိုက်ခိုက်ပေးရန် သင့်မသင့် စဉ်းစားနေဆဲဟု ပြောကြားသွားသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)