3D effectများ ထောက်ပံ့နိုင်သည့် Fire Phoneကို Amazon မိတ်ဆက်

Amazon ကုမ္ပဏီသည် ၎င်းတို့၏ ပထမဆုံး စမတ်ဖုန်းသစ်အဖြစ် Fire Phoneကို မိတ်ဆက်လိုက်ပြီ ဖြစ် သည်။ စမတ်ဖုန်း နယ်ပယ်တွင် Appleနှင့် Samsungတို့က ကြီးစိုးနေရာ ယင်းတို့ကို စိန်ခေါ်မည့် Feature များဖြင့် Fire Phoneကို Amazon က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယခုဖုန်းတွင် အထင်ရှားဆုံး ဆန်းသစ်တီထွင်မှုမှာ 3D effectများ ထောက်ပံ့ပေးနိုင်ခြင်းဖြစ်ပြီး မြေပုံစနစ်နှင့် ဂိမ်းကစားခြင်းတို့ကို 3D နည်းပညာဖြင့် ပံ့ပိုးနိုင်မည် ဖြစ်သည်။ Android ကိုပင် အခြေခံ ဖန်တီးထားသည့် Fire OS 3.5.0 ကို အသုံးပြုထားသည့် ဖုန်းတွင် အရာဝတ္ထုများ၊ ပုံရိပ်နှင့် သီချင်းများကို ခြေရာခံ စစ်ဆေးကာ Amazon ၏ ဝန်ဆောင်မှုများဖြင့် ဝယ်ယူနိုင်သည့် ထုတ်ကုန်များကို သုံးစွဲသူအား သတင်းအချက်အလက် ထောက် ပံ့ပေးမည့် Fireflyခေါ် Feature လည်း ပါဝင်လာသည်။


ဖုန်း၏ Screen မှာမူ ဈေးကွက်ထဲတွင် လူကြိုက်များသည့် Android ဖုန်း အများစုထက် သေးငယ်ကာ (၄.၇)လက်မသာရှိပြီး ရော်ဘာအုပ်ထားသည့် ကိုယ်ထည်တွင် အလူမီနီယံ ခလုတ်များကို တပ်ဆင်ပေး ထားသည်။ ဖုန်း၏ CPU အဖြစ် 2.2GHz Quad-core Qualcomm Snapdragon Processor ကို အသုံးပြုထားပြီး 2GB RAMဖြင့် အားဖြည့် ပံ့ပိုးပေးထားသည်။ GPU မှာမူ Adreno 330ဖြစ်သည်။ ဖုန်း၏ နောက်ဘက်ကင်မရာမှာ 13megapixel ပုံရိပ်ဖော် အရည်အသွေးရှိပြီး ဖုန်း၏ ရှေ့ဘက်တွင် Video Chatအတွက် 2.1megapixel ကင်မရာကို တပ်ဆင်ထားပေးသည်။ ဖုန်း၏ ကျောဘက်မှ ကင်မရာသည် iPhone 5Sနှင့် Galaxy S5 ဖုန်းများထက် ပုံရိပ်အရည်အသွေး ပိုမိုကောင်းမွန်စွာ ရိုက်ကူးနိုင်ကြောင်း လည်း Amazonက ဆိုသည်။

ဓာတ်ပုံများကို Amazon Cloud Deviceဖြင့် ပမာဏ ကန့်သတ်ချက် မရှိဘဲ သိမ်းဆည်းထားနိုင်မည် ဖြစ် သည်။ Amazon၏ အမှုဆောင်ချုပ် ဂျက်ဖ်ဘီဇော့စ်က 720p HD Display တပ်ဆင်ထားသော ဖုန်းအ သစ်ကို ဆီယက်တဲလ်မြို့တွင် မိတ်ဆက်ခဲ့ပြီးနောက် “ခုချိန်မှာတော့ Apple ဆီက သရဖူကို လက်ပြောင်း ယူဖို့ အချိန်တန်လာပါပြီ”ဟု ပြောကြားခဲ့သည်။ ၎င်းက Fire Phone အတွက် ရည်မှန်းချက် ကြီးကြီးမား မား ထားရှိသော်လည်း စမတ်ဖုန်း ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်မှာမူ ဖြစ်နိုင်ခြေ မရှိကြောင်း လည်း ဆိုသည်။

“လူတွေက ဖုန်းတွေကို အမျိုးမျိုး ပြောင်းလဲပြီး ကိုင်ချင်ကြတယ်လေ။ ကျွန်တော်တို့က လူတစ်ယောက် အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တဲ့ သဘောပါပဲ။ လူတိုင်းက ကိုယ့် အကြိုက်နဲ့ ကိုယ်ပဲလေ။ တချို့က ဗနီလာကြိုက်တယ်၊ တချို့က ချော့ကလက်ကြိုက်တယ်။ Fire Phone က စမတ်ဖုန်းတွေ ရွေးချယ်နိုင်ခွင့် နယ်ပယ်ကို ပိုပြီး ကျယ်ပြန့်လာစေပါလိမ့်မယ်”ဟု ဘီဇော့စ်က မှတ်ချက်ပြု ခဲ့သည်။ Amazon သည် Fire Phone ကို သိုလှောင်မှု ပမာဏ 32GBနှင့် 64GBဟူ၍ နှစ်မျိုးခွဲခြား ထုတ် လုပ်ထားပြီး AT&Tမှတစ်ဆင့် (၂)နှစ်စာချုပ်ဖြင့် ရောင်းချချိန်၌ (၁၉၉)ဒေါ်လာနှင့် (၂၉၉)ဒေါ်လာစီ ဈေးနှုန်း သတ်မှတ်သွားမည် ဖြစ်သည်။ လက်လီရောင်းဈေးမှာမူ 32GB အတွက် (၆၄၉)ဒေါ်လာ၊ 64GB အတွက် (၇၄၉)ဒေါ်လာ အသီးသီး ရှိကြသည်။


Planet Myanmar Network
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...