Facebook profile အတုများဖြင့် အမေရိကန်နှင့် ဗြိတိန်ကို အီရန်ဟက်ကာများ စုံစမ်းထောက်လှမ်းခဲ့
လွန်ခဲ့သော ၃ နှစ်ခန့်က အီရန်ဟက်ကာများသည် လူမှုရေးမီဒီယာနှင့် သတင်းဆိုက် အတုများကို အသုံးပြုပြီး ဗြိတိန်နှင့် အမေရိကန် အပါအဝင် နိုင်ငံများစွာမှ စစ်တပ်နှင့် နိုင်ငံရေးခေါင်းဆောင်များကို စုံစမ်းထောက်လှမ်းခဲ့ကြောင်း ဆိုက်ဘာ အချက်အလက်စုဆောင်းရေး ကုမ္ပဏီတစ်ခုက ထုတ်ဖော် ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့ပြီး အစအန ရှာတွေ့ခဲ့ခြင်းမရှိသည့် ဆိုက်ဘာ စုံစမ်းထောက်လှမ်းမှုတွင် အီရန်ဟက်ကာများသည် သတင်းဝက်ဘ်ဆိုက် အတုတစ်ခုအပြင် Facebook နှင့် Twitter ကဲ့သို့သော လူမှုရေးကွန်ရက်ဆိုက်များ၌ လူပုဂ္ဂိုလ် အတုအယောက်များ ဖန်တီးကာ နိုင်ငံရေးသမားများ၊ စစ်တပ်အမှုထမ်းနှင့် သံတမန်အမှုထမ်း အပါအဝင် လူ ၂၀၀၀ ခန့်၏ အချက်အလက်များကို ရယူစုဆောင်းခဲ့ကြောင်း သိရသည်။
သို့သော်လည်း အမေရိကန် အခြေစိုက် ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ iSight က တီဟီရန်ရှိ အစိုးရထံ အီရန်ဟက်ကာများ တိုက်ခိုက်ခဲ့ခြင်းအတွက် သက်သေမရှိကြောင်း၊ ဟက်ကာများသည် အမေရိကန်၊ အစ္စရေးအပြင် အစ္စရေးကို ထောက်ခံအားပေးသည့် နိုင်ငံများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။
ယခုလ အစောပိုင်းကလည်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ FireEye က Ajax Security အဖွဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများ အတွက် အန္တရာယ်ရှိသည့် software များကို အသုံးပြုကာ တိုက်ခိုက်သော ပထမဦးဆုံး အီရန်ဟက်ကာအဖွဲ့ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။
iSight က ဖော်ပြခဲ့သည့် NEWSCASTER ဟု အမည်ပေးထားသော ဆိုက်ဘာတိုက်ခိုက်မှုတွင် ဂျာနယ်လစ်၊ အစိုးရနှင့် စစ်အမှုထမ်းများအသွင် ဟန်ဆောင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-နောင်နောင်
Ref: Telegraph
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)