ပြည်တွင်း Facebook သုံးစွဲသူများတွင် အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ပိုမိုများပြား



မြန်မာနိုင်ငံတွင် လူမှုကွန်ရက် စာမျက်နှာဖြစ်သော Facebook ကို အသုံးပြုသူ အရေအတွက်မှာ နေ့ စဉ်မြင့်တက်လျက် ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် အမျိုးသားဦးရေက သုံးစွဲမှု ပိုမို များပြားကြောင်း အင်တာနက် စာမျက်နှာပေါ်ရှိ စစ်တမ်းအချို့မှ သိရသည်။

ယခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ အရေအတွက်သည် တစ်သန်းကျော်သာ ရှိ ခဲ့သော်လည်း လက်ရှိအချိန်တွင် အသုံးပြုသူအရေအတွက် တစ်သန်းနှင့် ခုနစ်သိန်းကျော် ရှိလာပြီ ဖြစ်ကြောင်းသိရသည်။

ယခု လက်ရှိသုံးစွဲသူ အရေအတွက် တစ်သန်းခုနစ်သိန်းကျော်တွင် အမျိုးသားဦးရေမှာ တစ်သန်း ငါးသောင်းကျော်ရှိပြီး အမျိုးသမီးဦးရေမှာ ငါးသောင်းနီးပါး ရှိလာပြီဖြစ်ကြောင်း အထက်ပါ စစ်တမ်းများ တွင် ဖော်ပြထားသည်။

“ဖေ့စ်ဘုတ် သုံးစွဲသူတွေက နေ့စဉ်နဲ့အမျှ တက်နေတာပါပဲ။ အခုလို ဖေ့စ်ဘုတ်သုံးစွဲသူတွေ တိုးတက်လာ တာမှာ ကောင်းတာတွေရှိလာသလို ဆိုးကျိုးတွေလည်းတွေ့လာနေရတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင် သည့် Facebook အသုံးပြုသူ အမျိုးသမီးတစ်ဦးကပြောသည်။

ယခုကဲ့သို့ ပြည်တွင်း၌ Facebook အသုံးပြုသူ မြင့်တက်လာရခြင်း အကြောင်းမှာ ပုဂ္ဂလိက နေ့စဉ်သ တင်းစာနှင့် ပြည်တွင်း၊ ပြည်ပသတင်းဌာနများသည် ၎င်းတို့ တင်ဆက်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ အဆိုပါ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်သာ တင်ဆက်လာကြခြင်းကြောင့် ဖြစ်ပြီး ယခုနောက်ပိုင်းတွင် အလယ်အလတ် စီးပွားရေး လုပ်ငန်းများ သည် Facebook ပေါ်မှ သာပြုလုပ်လာ ကြခြင်း တို့ကြောင့်ဟု စုံစမ်းသိရသည်။

ပြည်တွင်း Facebook သုံးစွဲသူ အရေအတွက်မှာ မိုဘိုင်းဖုန်း ဈေးနှုန်းများ ၁၅၀၀ သတ်မှတ်ပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ တွင် ကျောင်းနေအရွယ် လူငယ် ပိုင်းများ၏ အသုံးပြုမှု ပိုမိုများပြားလာသည်ဟု ရန်ကုန်မြို့တွင်း အသုံးပြုသူများထံမှ စုံစမ်း သိရသည်။

မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူ ပမာဏသည် တစ်သန်းခြောက်သောင်း ရှိခဲ့ပြီး အမျိုးသားဦးရေမှာ ခြောက်သိန်းနှစ်သောင်းနှင့် အမျိုးသမီးဦးရေမှာ လေးသိန်းနှစ်သောင်း ရှိခဲ့သည်ဟု ၂၀၁၃ ခုနှစ်၊ သြဂုတ် လ ကကောက်ယူခဲ့သော စစ်တမ်းများအရ သိရသည်။

ထို့အပြင် တစ်နိုင်ငံလုံး Facebook သုံးစွဲသူ စုစုပေါင်းပမာဏတွင် Android OS မိုဘိုင်း ထုတ်ကုန် များဖြင့် အသုံးပြုသူမှာ ခုနစ်သိန်းနှင့် အထက်ရှိပြီး iOS မိုဘိုင်းထုတ်ကုန်များဖြင့် အသုံးပြုသူမှာ တစ်သိန်းနှင့် အထက်တွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်း Facebook အသုံးပြုသူသည် ပြည်တွင်း၊ ပြည်ပ မိုဘိုင်းအော်ပရေတာများမှ ဆင်းမ်ကတ်များ စတင်ရောင်းချပြီး နောက်ပိုင်းတွင် ယခုလက်ရှိထက် ပိုမိုမြင့်တက်လာရန် ရှိနေကြောင်း နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများက ပြောကြားသည်။

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ပမာဏသည် တစ်သန်းခုနစ်သိန်းကျော်အထိ ရှိလာသည်နှင့် တစ်ချိန် တည်းမှာပင် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အဆိုပါ လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကို အသုံးပြုသူပေါင်း ၁၈ သန်း ကျော်လွန်နေပြီ ဖြစ်သည်။


ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...