တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း Mobile Team ဖြင့် ထုတ်ပေးမည်


ရန်ကုန်၊ ဇွန် ၁၃

နေပြည်တော်နှင့် ရန်ကုန် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း လာရောက် မထုတ် ယူနိုင်သူများအတွက် ဇွန်လ ၁၄ ရက်နေ့က စတင်၍ မန္တလေးမြို့နှင့် တောင်ကြီးမြို့တွင် Mobile Team ဖြင့် ၂၀၁၄ ခုနှစ် အမှတ်စာရင်းများ နေ့ချင်းပြီး ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။

တောင်ကြီးမြို့ ပြည်နယ်ညွှန်ကြားရေးမှူး ရုံးနှင့် မန္တလေးမြို့တော်ရှိ အမှတ် (၁၆) အခြေခံပညာ အထက် တန်းကျောင်းတို့တွင် ဇွန်လ ၁၄ ရက်နေ့က စပြီး အမှတ်စာရင်းများ သွားရောက် ထုတ်ယူနိုင်ကြောင်း၊ ယင်းမှတစ်ဆင့် မြန်မာနိုင်ငံအထက်ပိုင်း မြို့နယ်များထံ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ယခုနှစ်တွင် Mobile Team ဖြင့် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးခြင်းကို တစ်နိုင်ငံလုံး လှည့် လည်နိုင်မည် မဟုတ်ကြောင်း၊ လာမည့် နှစ်များအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး တိုင်းနှင့် ပြည်နယ် အစုံ သွားရောက်ရန် စီစဉ်ထားကြောင်း ဦးမျိုးညွန့်က ဆက်လက် ပြောကြားသည်။

“မန္တလေးပြီးရင်တော့ မကွေးဘက်ကို ဆက်သွားမယ်။ တစ်နိုင်ငံလုံးတော့ မလှည့်နိုင်သေးဘူး” ဟု ၎င်းကဆိုသည်။

ဝေးလံဒေသရှိ ကျောင်းသား၊ ကျောင်းသူများအတွက်မူ တက္ကသိုလ်ဝင်တန်း ဝင်ခွင့် တင်သွင်းချိန်တွင် အမှတ်စာရင်းကို တောင်းခံကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနထံ စုံစမ်းသိရှိရသည်။

“အမှတ်စာရင်းနဲ့ ပတ်သက်လို့ ပြဿနာတက်သံတို့ မကျေနပ်တာတို့ မကြားမိဘူး” ဟု မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ခံ ဦးကျော်ဆွေက ဆိုသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ရန်ကုန်နှင့် နေပြည်တော် စာစစ်ဌာနများတွင် ဇွန်လ ၁၀ ရက်နေ့မှစ၍ နေ့ချင်းပြီး ထုတ်ပေးလျက်ရှိသည်။ 


The Voice Daily, 14.6.2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...