ကျေးဇူးပြု၍ ရပ်မထားပါနှင့်


ကျွန်တော် ကျောင်းဆရာမဖြစ်မီ တက္ကသိုလ်တက်စဉ်က ဆိုဗီယက်ရုရှား ထုတ် Sputnik မဂ္ဂဇင်း အမြဲ ဖတ်သည်။ ထိုမဂ္ဂဇင်းထဲတွင် ဆိုဗီယက် ကျောင်းဆရာကြီး တစ်ဦးကို စိတ်ထဲ အမြဲစွဲလမ်း နေမိသည်။ ထိုဆရာကြီးသည် မူကြိုတန်းတွေကို စာသွားသင်သည်။ သို့သော် သူသည် ပါရဂူဘွဲ့ ယူထားသူဖြစ်သည်။ သူတို့ နိုင်ငံတွင် ပညာအရည်အချင်းက ပါရဂူ သည် တက္ကသိုလ်တွင်သာ သင်ရမည်ဟု သတ်မှတ်ချက်မရှိ။ ကလေးသူငယ် စိတ်ပညာနှင့် ကလေး ပြုစုစောင့်ရှောက်ရေးကို စိတ်ဝင်စားသူသည် မူကြိုတွင်လည်း သွားသင်နိုင်သည်။ ပါရဂူဘွဲ့ရ မူလတန်းသင် ဆရာကြီး ဆိုပြီး ကျွန်တော် လေးစားသွားသည်။

ထိုဆရာကြီးသည် ရာသီဥတု သာယာသည့်နေ့ များတွင် ကလေးတွေကို တောတောင်ထဲ ခြေလျင် ခေါ် သွားသည်။ လိပ်ပြာ၊ ပိတုန်း၊ ခရု၊ ပတ်ကျိ၊ ငါး၊ ပျား၊ ပန်း စသည်များကို သဘာဝအတိုင်းနာမည်လေးတွေ ပြောပြသွားပြီး ကလေးတွေကို လမ်းတစ်လျှောက် သင်သွားသည်။ စမ်းချောင်းလေးတစ်ခု အတွင်းသို့ ရောက်သည့်အခါတွင် ကျောက်တုံးလေးတွေကို ကလေးတွေအား ကောက်ခိုင်းသည်။

"ပီတာ ကျောက်တုံးသုံးလုံး ကောက်ခဲ့ပါ"

"နာတာရှာ ကျောက်တုံးငါးလုံး ကောက်ခဲ့ပါ"

"ကလေးတွေ ပီတာနဲ့ နာတာရှာ ကောက်ခဲ့တာ ကျောက်တုံး ဘယ်နှတုံးလဲ"

ပါမောက္ခကြီးသည် ကလေးများကို သင်္ချာလက်တွေ့ သင်နေခြင်းဖြစ်သည်။ ရာသီဥတု မသာယာသည့် နေ့များတွင် ကလေးတွေကို ပါမောက္ခကြီးက ရွှံ့တွေနှင့် ကစားခိုင်းသည်။ ရွှံ့တွေနယ်နေသော ကလေးတွေ၏ လက်ချောင်းလေးတွေက သန်မာစေသည် မဟုတ်ပါလား။ ထိုဆရာကြီးသည် ကလေးတွေ ကို စာမသင်။ သဘာဝကို သင်သည်။ သဘာဝထဲမှ ပညာတွေကို ထုတ်ယူခိုင်းသည်။ ခေါင်းဖြူဖြူ အဘိုး ကြီးတစ်ယောက် ဘေးတွင် ဝိုင်းနေသော ကလေးများ၏ ဓာတ်ပုံကို ကြည့်ပြီး ကျွန်တော် အနာဂတ်အ တွက် စိတ်ကူးယဉ် ကြည့်ခဲ့မိသည်။

ကျွန်တော် ကျောင်းဆရာဖြစ်တော့ တောကျောင်းလေးထဲတွင် ကလေးတွေကို ရေဒီယို နားထောင်ခိုင်း သည်။ အပြင်ထွက်ပြီး အသီးအနှံတွေ စိုက်ခိုင်းသည်။ စာသင်ချိန်တွင် စုဆောင်းထားသော ပြင်ပဗဟုသု တ စာအုပ်များကို ပေးဖတ်ပြီး ကိုယ်ဖတ်သော စာအုပ်အကြောင်း အကျဉ်းချုပ် ပြန်ရေးပြခိုင်းသည်။ အင်္ဂလိပ်ကဗျာတွေ၊ သီချင်းတွေ ဆိုခိုင်းသည်။ ယင်းကို ကျောင်းအုပ်ကြီးက ကြည့်ပြီး ကျောင်းစာနှင့် မဆိုင်သော စာများမသင်ရန် ခေါ်ယူ သတိပေးသည်။ ထို့ပြင် ကျွန်တော်နှင့် ကလေးများ အပင်ပန်းခံပြီး စိုက်ပျိုးထားသော အပင်များကို ကျောင်းရှုပ်သည်ဆိုပြီး ခုတ်ခိုင်းသည်။ သူကကျောင်းအုပ်၊ ကျွန်တော်က လက်ထောက် ဖြစ်နေသောကြောင့် သူပြုသမျှ လက်ပိုက် ကြည့်ခဲ့ရသည်။

ကျွန်တော်တို့ ပညာရေးစနစ်တွင် ကျောင်းသားများအတွက် ဖွံ့ဖြိုးရေး အချိန်၊ ကာယအချိန်၊ ကိုယ်လက် လှုပ်ရှားချိန်များ ရှိသည်ဆိုသော်လည်း အချိန် ဇယားအတွင်း လူမြင်ကောင်းအောင် အစဉ်အလာအရ ထည့်သွင်း ရေးဆွဲထားခြင်းသာ ဖြစ်ပါသည်။ ထိုအချိန်များတွင် ဘာသာရပ်ဆိုင်ရာ ဆရာတွေက လုပြီး စာဝင် သင်နေကြသောကြောင့် ကလေးများ အတွက် အချိန်အားများသည် မနားရအောင် ဖြစ်သွားသည်။ ကျွန်တော်က ကလေးတွေကို ပုံပြင်များ၊ ဇာတိမာန် တက်ကြွစေမည့် ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည် တွေအကြောင်း ပြောချင်သည်။ သို့သော် ကိုယ့်အချိန်ရောက်မှ ကိုယ်ပြောခွင့်ရှိသည်။ ကျောင်းတွင်း အပတ်စဉ်၊ နေ့စဉ်သင်ကြားရေး အစီအစဉ် မှတ်တမ်းအရလည်း မပြီးလျှင် အပြစ်တင် ခံရဦးမည်။ ဆိုလို ချင်သည်မှာ မြန်မာပြည်တွင် ကလေးတွေအတွက် သတ်မှတ်ထားသည့် စာသင်ချိန်တွေက များလွန်းနေ သည်။ စာကိုဖိသင်ခြင်းကို ကောင်းသည်ဟု သတ်မှတ်ထားသည့် လူ့ဘောင် အသိုင်းအဝိုင်း ဖြစ်နေခြင်း က ဝမ်းနည်းစရာ ဖြစ်သည်။

ကျောင်းတွေဖွင့်စက ပြင်ပ ပုဂ္ဂလိကကျောင်းတွင် သားဖြစ်သူကို သွားထားသည့် မိတ်ဆွေတစ်ဦးက သား ကျောင်းက ပြန်လာလျှင် အင်္ကျီတွေ ညစ်ပေလာကြောင်း၊ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို မေးကြည့် ရာ ကျောင်းတွင် ကစားခိုင်းကြောင်း၊ ကျွမ်းထိုးခိုင်းကြောင်း၊ စာလည်းသင်၊ ကစားလည်း ကစားရစေရန် ဖန်တီးပေးထားကြောင်း ပြောသည်။

အစိုးရကျောင်းများတွင် မုန့်စားလွှတ်ချိန်ကလေး ကိုပင် အနားမပေး စာသင်နေရခြင်းကို ဂုဏ်ယူနေသော ကျောင်းတွေ ရှိနေသေးသည်။ ကလေးတွေ ကလေးဘဝ ပျောက်ဆုံးနေကြရသည်။ တစ်နေကုန် ကျောင်း တက်၊ ကျောင်းဆင်းလျှင် ကျူရှင်တက်၊ ကျောင်းပိတ်လည်း ကျူရှင်တက်နေရသည့် ဘဝများကြောင့် အချိန်ပြည့် တစာစာ နေကြရသည့်ဘဝ များက ဘယ်တော့များမှ လွတ်မည်နည်း။ ကလေးတွေကို စာနှင့် ဖိသတ်ထားသည့် ရည်ရွယ်ချက်ရှိရှိနှင့် စစ်တပ်အစိုးရခေတ် တစ်လျှောက်လုံး ကျင့်သုံးခဲ့သော ပညာရေး ကို မည်မျှအထိ ဆက်ပြီး အကောင်အထည် ဖော်နေကြဦး မည်နည်း။

ကျွန်တော့်မိတ်ဆွေသည် ချမ်းသာသူတစ်ဦး မဟုတ်။ သို့သော် တစ်လလျှင် သုံးသိန်းခန့် ကုန်ကျမည့် ပုဂ္ဂလိကကျောင်းကို အဘယ်ကြောင့် သွားထားရသနည်းဟု ကျွန်တော်မေးကြည့်မိသည်။ သူက သူ တို့ခေတ်က သင်သည့်စာသည် ယနေ့တိုင် ဘာမျှပြောင်းလဲသွားခြင်း မရှိ သေးကြောင်း၊ သူတို့မတတ် ခဲ့သည့် ယင်းပညာရေး စနစ်သည် သူ့သားသမီးများကို ပိုပြီး ထူးခြားလာလိမ့်မည်ဟု မထင်မိကြောင်း၊ ကမ္ဘာ့ပညာရေးစနစ်က အပြောင်းအလဲကြီး ပြောင်းနေနေချိန်တွင် မြန်မာ့ ပညာရေးက ယခုအထိ စတင် ရန် ငြင်းခုံနေကြဆဲ ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သားသမီး အနာဂတ် ကောင်းစားရေး အတွက် ပိုပြီးရှာကာ ပံ့ပိုးပေးနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်း ဆိုရှာသည်။ ဤစကားသည် စဉ်းစားရမည့် စကားတစ်ခွန်း ဖြစ်ပါသည်။

မြန်မာ့ပညာရေးသည် မြန်မာ့နည်း မြန်မာ့ဟန် ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် စမ်းသပ်ဆဲ ဖြစ်နေပါ သည်။ ထိုစမ်းသပ်နေသော ပုဂ္ဂိုလ်ကြီးများပင် သေသူတွေသေ၊ အိုမင်းမစွမ်း ဖြစ်သူတွေ ဖြစ်ကုန်သော် လည်း ယနေ့တိုင် အဖြေရှာ မတွေ့သေးသည့် ပညာရေး ဖြစ်နေပါသည်။ မည်မျှအတိုင်းအတာ ကာလ အထိ ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် ဆွေးနွေးနေကြဦးမည် မသိပေ။

ပညာရေးကို မြန်မာ့အမြင်အတိုင်း ခေါင်းပေါင်းဝတ်၊ တောင်ရှည်ချိတ်၊ တိုက်ပုံ စွပ်ပေးနေမည့် အစား ဘောင်းဘီနှင့် သွားနေသည်ကိုလည်း ခွင့်ပြုပေးရန် လိုပါသည်။ ကမ္ဘာ့ပညာရေးသည် Ready, One.. Two..Run ဟုအော်ပြီး ပြေးနေပါသည်။ ကမ္ဘာ့ပညာရေး ပြေးလမ်းတွင် "အသင့်ပြင်၊ တစ်၊ နှစ်၊ ပြေး" ဟု မြန်မာမှု သွားပြုနေလျှင် အားလုံးငေးငိုင်ကာ ကြောင်ပြီး ရပ်နေမည်ဖြစ်သည်။


မောက္ခပညာရေးမဂ္ဂဇင်း
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...