Sin City 2 အတွက် အီဗာဂရင်း၏ ကြော်ငြာပိုစတာ ပိတ်ပင်ခံရ
Sin City 2 ဇာတ်ကားအတွက် ရည်ရွယ်ထားသည့် အီဗာဂရင်း၏ ပိုစတာ တစ်ခုကို အမေရိကန် ရုပ်ရှင် အဖွဲ့ချုပ်က အသုံးပြုခွင့် တားမြစ်လိုက်ကြောင်း သိရှိရသည်။ 300: Rise of An Empireစတား ပြင်သစ် မင်းသမီးသည် ပါးလွှာလှသည့် အဖြူရောင် ဘလောက်စ်အင်္ကျီကို ဝတ်ဆင်ထားပြီး ပစ္စတို သေနတ် တစ်လက်ကို ကိုင်ကာ မတ်တပ်ရပ်နေပြီး သူမပေါ်သို့ ပြတင်းပေါက် အပြင်ဘက်မှ နေရောင်ခြည်က ဖြာ ကျနေသည့် ပုံဖြင့် Sin City: A Dame to Kill For ဇာတ်ကားအတွက် ပိုစတာဓာတ်ပုံ ရိုက်ကူးပေး ထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုဓာတ်ပုံသည် အီဗာ၏ ရင်သားများကို ထွင်းဖောက်မြင်နေရသည် ဆိုသော စွပ်စွဲချက်ဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းက ဆင်ဆာဖြတ်တောက် ပိတ်ပင်ခဲ့ခြင်းဟု သိရှိရသည်။
Sin City၏ နောက်ဆက်တွဲ ဇာတ်ကားတွင် ဦးဆောင်မင်းသမီးအဖြစ် ဂျက်ဆီကာ အယ်လ်ဘာလည်း ပါဝင် ထားသည်။ အဆိုပါ ဇာတ်ကားကို ဩဂုတ်လ (၂၂)ရက်နေ့တွင် စတင်ရုံတင်မည် ဖြစ်သည်။ အီဗာ၏ ပိုစတာ ဓာတ်ပုံနှင့် ပတ်သက်ပြီး လက်ခံနိုင်လောက်သည့် ပြင်ဆင်မှုမျိုး ပြုလုပ်မည့် အခြေအနေ ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။ (၂၀၁၂)ခုနှစ်က The Client List ဇာတ်ကားအတွက် ပိုစတာ၌ မင်းသမီး ဂျနီဖာလက်ဗ်ဟီဝစ်၏ ပုံရိပ်မှာလည်း အလွန်အကျွံ နှိုးဆွနေသည်ဟု သတ်မှတ်သဖြင့် ဓာတ်ပုံနည်းပညာဖြင့် လုံခြုံအောင် ပြန်လည်ပြုပြင် ဖုံးကွယ်ခဲ့ရကြောင်း သိရှိရသည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)