ချစ်ခြင်းရဲ့မှန်ဘောင်

လက်ထပ်ပြီး ရက်ပေါင်း ၂၅၅၅ရက်….
သူနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက လုံးဝကွဲအက် သွားခဲ့တယ်။ ဘောင်ခတ် ထားတဲ့ စည်းရိုးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့ ယောက်ျား မိန်းမတွေ လည်း လက်ရှိသူ့ပုံစံအတိုင်းဖြစ်မယ်လို့ တံခါးဝက လှမ်းထွက်သွားတဲ့ သူ့ကို ကြည့်ပြီး ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော့်ကို နောက်ထပ် တစ်ချက် စောင်းငဲ့လို့ သူမကြည့်ချင် ခဲ့တော့ဘူး။

နောက်တစ်နေ့မှာ သူ့ပစ္စည်းတွေကို သူကိုယ်တိုင် လာသိမ်းခဲ့တယ်။ ပစ္စည်းတွေ သိမ်းဆည်းပြီး အခန်းထဲ ဟိုဟိုသည်သည် သူလှည့်ပတ်ကြည့်နေတယ်။ ရုတ်တရက် သစ်သီးခြင်း ထဲက အနီဆုံးပန်းသီး ၃,၄လုံးကို နှိုက်ပြီး အိတ်ထဲ သူထည့်လိုက်တယ်။ အဲဒီပန်းသီးတွေကို လွန်ခဲ့တဲ့ရက်တွေက သူဝယ် ခဲ့တာဖြစ်တယ်။

ကျွန်တော် ခပ်ယဲ့ယဲ့တစ်ချက် ပြုံးလိုက် မိပါတယ်။

အိမ်ထောင်ရေး ဆိုတာက တကယ်ပဲ ရယ်စရာကောင်းတဲ့ အရာတစ်ခုလား၊

အတူနေစဉ်မှာ သူ့အတွက် ရင်ကိုခွဲပြီး အသည်းနှလုံးကိုတောင် ထုတ်ပေးချင်ခဲ့တယ်။ ကွဲကြ၊ လမ်းခွဲကြတော့ ပန်းသီးတောင် အလွတ်မပေးဘဲ ချန်မထားချင်ခဲ့တော့ဘူး။ ပစ္စည်းတွေကုန်သလောက် သိမ်းပြီးတာတောင် အိမ်အနှံ့ သူလှည့်ပတ်ကြည့်နေခဲ့သေးတယ်။

ရုတ်တရက် သူ့အကြည့်တွေနံရံတစ်နေရာမှာ ရပ်သွားခဲ့တယ်။ အဲဒီနေရာက မှန်ဘောင်သွင်းပြီးချိတ်ဆွဲထားတဲ့ လက်မ၄ဝရှိတဲ့ မင်္ဂလာဆောင်ဓာတ်ပုံဆိုတာ ကျွန်တော်သိလိုက်တယ်။ အဲဒီဓာတ်ပုံကို သူယူသွားမယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံကိုပုံကြီးချဲ့မယ်ဆိုတုန်းက ကုန်ကျငွေကို ကျွန်တော် မပေးချင်ခဲ့ဘူး။ ဒါကိုသူက “တစ်သက်မှ တစ်ခါပဲ။ ကပ်စီးနည်းမနေပါနဲ့။ ငါတို့တစ်ယောက်တဝက် ထုတ်ပြီး လုပ်ကြရအောင်” လို့ ပြောခဲ့တယ်။

ထိုင်ရာကထပြီး ဓာတ်ပုံကိုကျွန်တော်ဖြုတ်ယူလိုက်တယ်။ ဘောင်အနားမှာ တပ်ထားတဲ့သံတွေကို လှည့်ယူဖို့ ပြင်လိုက်တယ်။ ကျွန်တော်လည်း ကုန်ကျငွေတဝက်ထုတ်ထားတဲ့အတွက် ကျွန်တော်လည်းတဝက်ပိုင်ပါတယ်။ သူလိုချင်ရင်တော့ တဝက်ပဲရမယ်။

ဒါပေမယ့် ဘောင်ပေါ်က သံ(၁၂)ချောင်းလုံး သံချေးတက်နေခဲ့လို့ ဘယ်လိုမှ လှည့်ထုတ်လို့မရခဲ့ဘူး။ ကျွန်တော် လွှထယူတော့ သူက ခပ်တိုးတိုးဆိုတယ်။

“ဖြုတ်မရလည်း ထားလိုက်ပါ… နင်ပဲသိမ်းထားလိုက်တော့”

သူ့အပြောကို ကျွန်တော်တစ်ချက်မဲ့လိုက်ပြီး “ဟင်း… မလိုပါဘူး။ နင်ပဲယူသွားလိုက်”

ခေါင်းမာမာနဲ့ ဓာတ်ပုံကို သူ့ကားနောက်ခန်းထဲ ကျွန်တော်ထိုးထည့်ပေးလိုက်တယ်။ စိတ်ထဲမှာ အားရကျေနပ်လို့… ဒါပေမယ့် အိမ်ထဲပြန်ဝင်ခဲ့ပြီး ဓာတ်ပုံမဲ့နေတဲ့နံရံအဖြူကွက်ကို တွေ့လိုက်တဲ့တခဏ အမည်မသိဝေဒနာတစ်ခုက ကျွန်တော့်ရင်ထဲ တိုးဝင်လာခဲ့တယ်။

အဲဒီနောက်ပိုင်း နေ့လယ်ရုံးတက်၊ ညနေ ဘားတက်နဲ့ နေ့ရက်တွေကို ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ တယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တိုင်း နံရံပေါ်ကအဖြူကွက်ဆီကိုပဲ အကြည့်ရောက်သွားတတ်တယ်။ အဲဒီအခါ နာကျင်မှုတွေက ရင်ဝမှာ လာဆို့နေတော့တယ်။

ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့မှာ အဖော်သူငယ်ချင်းတွေက စုံတွဲကိုယ်စီနဲ့ ထွက်လည်ကြပြီး ကျွန်တော့်ကို ချန်ထားခဲ့ကြတယ်။ အဖော်မဲ့တဲ့ကျွန်တော် အိမ်ကိုပဲ ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ ကွန်ပျူတာကို ကျွန်တော် ဖွင့်လိုက်တယ်။ ဟုမ်ပေ့ခ်ျမှာ သူ့ဘလော့ထွက်ကျလာပါတယ်။

ဒီဘလော့က သူ(၃ဝ)ပြည့်မွေးနေ့မှာ ကျွန်တော်ကိုယ်တိုင်လုပ်ပေးလိုက်တဲ့ လက်ဆောင်ဘလော့ဖြစ်တယ်။ လွမ်းဆွတ်မှုတစ်မျိုးကြောင့် သူ့နေ့စဉ်မှတ်တမ်းကို ကျွန်တော် ဖွင့်ကြည့်လိုက်မိပါတယ်။ သူနောက်ဆုံး ရေးခဲ့တဲ့ စာက ကျွန်တော်နဲ့သူ လမ်းခွဲတဲ့နေ့ကဖြစ်တယ်။

“သူရုံးဆင်းချိန် သူကြိုက်တတ်တဲ့ အစားအစာတွေချက်ပြုတ်ပြီး ဝိုင်တစ်ပုလင်းနဲ့ ကျွန်မစောင့်နေခဲ့တယ်။ ဒါပေမယ့် အဲဒီညက သူပြန်အလာကိုစောင့်ရင်း စားပွဲခုံပေါ်မှောက်ရက် ကျွန်မအိပ်ပျော်သွားခဲ့တယ်”

“နံရံပေါ်က ဓာတ်ပုံကို သူဖြုတ်နေချိန် သူချွေးဇောတွေပြန်နေခဲ့တယ်။ သံတွေက သံချေးတက်နေပေမယ့် မှန်ဘောင်ကို ပိုမြဲအောင်တွယ်ထားသေးတယ်။ တကယ်လို့ အချစ်မှာလည်း ဒီအတိုင်းဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ…….”

ရင်ဝထဲက တစ်စုံတစ်ခုကွဲအက်သွားသံကို ကျွန်တော်ကြားလိုက်မိတယ်။ ကွန်ပျူတာစခရင်ကိုပဲ ကျွန်တော် ငေးမောကြည့်နေခဲ့တယ်။ လက်ဖမိုးပေါ်အေးစက်တဲ့ မျက်ရည်တစ်စက်ထိတွေ့မိမှ ကျွန်တော်သတိဝင်လာခဲ့တယ်။ ကျွန်တော့်မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံနေခဲ့ပြီလေ။

သူ့ပို့စ်အောက်မှာ ကျွန်တော် ကော်မန့်ရေးလိုက်မိပါတယ်။

“ပစ္စည်းတစ်ခု အိမ်မှာ ကျန်ခဲ့သေးတယ်။ လာယူပါ”

နောက်တစ်နေ့ နေအိမ်ကိုသူရောက်လာခဲ့တယ်။ မယုံသလို အပြောမျိုးနဲ့ သူမေးတယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

သူ့ကိုစေ့စေ့ကြည့်ပြီး ကျွန်တော်နှုတ်ဆိတ်နေလိုက်တယ်။ တစ်ခုခုကို သူသဘောပေါက်သွားသလိုနဲ့ ကျွန်တော် အကြည့်ကိုရှောင်ပြီး နံရံပေါ်က အဖြူကွက်ကိုပဲ ငေးကြည့်နေခဲ့တယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

တိတ်ဆိတ်ခြင်းကို သူစတင်ခွဲလိုက်တယ်။ သူ့ပခုံးကိုဆွဲလှည့်ပြီး ကျွန်တော် တစ်လုံးချင်းပြောလိုက်တယ်။

“ဒီမှာ… ဒီလူက နင်ပိုင်ဆိုင်တဲ့ပစ္စည်းပဲလေ”

နေရာမှာတင် သူငေးကြောင်ပြီး ရပ်နေခဲ့တယ်။ ကျွန်တော့်ဆီကလည်း နောက်ထပ် ဘာသံမှ ထွက်မလာခဲ့ဘူး။ တအောင့်ကြာမှ ကြိုးပြတ်သွားတဲ့ ပုလဲလေးတွေလို့ မျက်ရည်တွေ သူ့ပါးပြင်ပေါ် လိမ့်ကျလာခဲ့တယ်။ သူ့ကို ရင်ခွင်ထဲ တင်းတင်း ဆွဲပွေ့ထားလိုက်မိတယ်။ သူလည်း ကျွန်တော့်ပခုံးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လို့…. ရင်ဘတ်နှစ်ခုက အသက်ရှုလို့မရအောင် တင်းကြပ်နေခဲ့တယ်။

အချိန်ဘယ်လောက်ကြာသွားခဲ့လဲ မသိပါဘူး။ ကျွန်တော့်ကို သူညင်ညင်သာသာ တွန်းထုတ်တယ်။ ပြီးတော့ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ အရာတစ်ခုကို ကားနောက်ခန်းက သူထုတ်ယူလာခဲ့တယ်။ ပလတ်စတစ်ကိုခွါပြီး ဓာတ်ပုံကို နံရံပေါ်ပြန်ချိတ်ထားလိုက်တယ်။ သူ့ပခုံးကို သာသာလေးဖက်ပြီး ဓာတ်ပုံကို ကျွန်တော်တို့ ရပ်ကြည့် ခဲ့ကြတယ်။

ကျွန်တော်တို့ တစ်ယောက်ခေါင်းကိုတစ်ယောက် မှီလို့….
တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ကိုင်လို့….
ဖြူဖွေးတဲ့ မင်္ဂလာဝတ်စုံဇာပုဝါအောက်မှာ သူ့အပြုံးက ပျော်ရွှင်သက်ဝင်လို့…..

တကယ်တော့ အိမ်ထောင်ရေးက ဒီမှန်ဘောင်နဲ့တူခဲ့တယ်။ သံတွေဖြုတ်လို့မရရင် တစ်သက်လုံးဖြုတ်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းကလည်း မျက်စိရှေ့က မင်္ဂလာဓာတ်ပုံလိုပါပဲ ဘဝရဲ့ အလှဆုံးအချိန်မှာဘောင်သွင်းခဲ့သလို ထာဝရစဉ် မြဲနေတော့မှာဖြစ်ပါတယ်။

------

ရေးသူ အမည်မပါတဲ့ London Global Times က သတင်းစာမှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို ဘောင်သွင်း (ဘာသာပြန်) ပါတယ်။

နိုင်းနိုင်းစနေ (Tuesday, June 02, 2009)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...