တရုတ်ကလေးငယ်တွေ စာရေးနည်းကို မေ့သွားတဲ့အခါ....

ရည်မွန်အောင်

လူသားတို့၏ အောင်မြင်မှုကြီး တစ်ခုကို ပြောလိုပါ သည်။ ယင်းအောင်မြင်မှုမှာ အခြား မဟုတ်။ ဘာသာ စကား များကို ဖန်တီးနိုင်ခဲ့ခြင်း အကြောင်းသာ ဖြစ်သည်။ ဘာသာ စကားကြောင့်သာ လူနှင့် တိရိစ္ဆာန်ကြား ကွာခြားချက် ကြီးမားခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး ပေါ်ပေါက်သည်မှာ အပြော ဘာသာစကား ဖြစ်သည်။ နောက်ပိုင်း အတော်ကြာသည့် အခါမှ သာလျှင် အရေးအသား စနစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။အရေးကို ဘာသာစကားအဖြစ် မသတ်မှတ် သူများလည်း ရှိနေပါသည်။ အရေးဆိုသည်မှာ အပြောကို သင်္ကေတ များဖြင့် ပြန်လည် ပုံဖော်ထားခြင်းသာ ဖြစ်သည်ဟု အပြော ဘာသာ စကားကို ဦးစား ပေးလိုသူများက ပြောကြ သည်။

အရေး စနစ်ကြောင့်ပင် လူ့ယဉ်ကျေးမှုကို မှတ်တမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အရေးစနစ်ကြောင့် ခေတ်တစ်ခေတ်၏ ယဉ်ကျေးမှုကို နောက်ခေတ် တစ်ခေတ် သို့ ဆက်လက် ဖြန့်ချိနိုင်ခြင်း ဖြစ်သည်။ ရှေးဟောင်း ယဉ်ကျေးမှုနှင့် ပတ်သက်လျှင် အနောက်တိုင်းတွင် ဂရိနှင့် အရှေ့တိုင်းတွင် အိနိ္ဒယနှင့် တရုတ်တို့ကို စံထား ပြောဆိုခဲ့ကြသည်။ နှစ်ပေါင်းထောင်နှင့် ချီနေသော ယဉ်ကျေးမှုကြီးများ ဖြစ်ကြသည်။ ယခု ပြောလိုသည်မှာ တရုတ်နှင့် ပတ်သက် သော ကိစ္စသာ ဖြစ်သည်။ တရုတ်ဘာသာ စကားတွင် သင်္ကေတများ သို့မဟုတ် ကာရက်တာများ အင်မတန် များပြား လှသည်။ ယင်း ကာရက်တာများကို အလွတ်ရအောင် ကျက်နိုင်သူ၊ ရေးနိုင်သူသည် ဉာဏ်ကြီးသူပင်ဖြစ် သည်။

ယနေ့ခေတ် တရုတ်နိုင်ငံရှိ စာသင်ကျောင်းများတွင် ကျောင်းသား တချို့သည် ကာရက်တာ သူရဲကောင်းဆိုသည့် ဂုဏ်ကို ရရှိရန် အတွက် အဘိဓာန် များကို လပေါင်းများစွာ ချွေးသွေးရင်းပြီး လေ့လာနေရသည်။ကာရက်တာ သူရဲကောင်း ရွေးချယ်သည့် အစီအစဉ်ကိုလည်း ရုပ်သံမှတစ်ဆင့်ပြသနေသည် ဖြစ်ရာ လူသန်းပေါင်း များစွာသည် ရက်သတ္တပတ်တိုင်း ရက်သတ္တပတ်တိုင်းတွင် ၎င်းအစီအစဉ်ကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်ခဲ့ရသည်။

ကာရက်တာ သူရဲကောင်း ဆိုသည်မှာ တရုတ် သင်္ကေတများစွာကို ရေးသားနိုင်သူတစ်ဦး ဖြစ်သည်။ တရုတ် ကာရက်တာများ၏ အမြှောင်းတိုင်း၊ အချောင်းတိုင်း၊ အတွန့်အတက်တိုင်းကို မှန်ကန်သည့် နေရာတွင် လက်ဖြင့် စနစ်တကျ မှန်ကန်စွာ ရေးဆွဲနိုင်သူ ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်သည့် ၀န်ယီလောင်သည် နှစ်ချက်ခန့် ရေးဆွဲ ပြီးနောက်တွင် ပြိုင်ပွဲမှ ဖယ်ရှားခံခဲ့ရသည်။ ယီလောင်သည် နာမည်ကျော် ဒိုင်လူကြီးများ ရှိနေသည့် ဘက်သို့ ဦးညွှတ်လိုက် ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့သည်။ ပြိုင်ပွဲဝင်နိုင်ရန် အတွက် အဘိဓာန်များကို လပေါင်းများစွာ ကြာအောင် လေ့လာခဲ့ရကြောင်း သူက စတိတ်စင် နောက်ဘက်တွင် ပြောဆိုခဲ့သည်။ ပြိုင်ပွဲတွင်လည်း အကန့်အသတ် များရှိ နေပါသည်။ ပြိုင်ပွဲဝင် လိုသူသည် အသက် (၁၇) နှစ်ထက်မကြီးသူ ဖြစ်ရပါမည်။ ယီလောင် အတွက်တော့ နောက်ဆုံးနှစ်သာ ဖြစ်ပါသည်။

ပြိုင်ပွဲနှင့် ပတ်သက်ပြီး လူကြိုက်များနေသည့် အတွက် အံ့သြစရာ မရှိပါချေ။ သေနတ်တွင် အသုံးပြုနေသည့် ယမ်းမှုန့်၊ စက္ကူနှင့် ရေခဲမုန့်တို့ကို တီထွင် ခဲ့သော တရုတ် လူမျိုးများသည် သူတို့၏ သင်္ကေတ စာရေးနည်းကို လူ့ယဉ်ကျေးမှု တိုးတက်ရေး အတွက် ကြီးကျယ်သော ထည့်ဝင်သည် ပိုးမှုကြီးတစ်ခု အဖြစ် သတ်မှတ်ထားကြ သည်။

လူသူ လေးစားရသည့် တရုတ် အဘိဓာန် တစ်ခုတွင် ကာရက်တာ (၈၅၀၀၀) ကျော် ပါဝင်ပြီး ကာရက်တာ (၇၀၀၀) ခန့်ကို နေ့စဉ် အသုံးပြုနေကြ သည်။ သို့သော် ၎င်းသင်္ကေတများကို မည်ကဲ့သို့ ရေးဆွဲရမည်နှင့် ပတ်သက်၍မူ တရုတ်နိုင်ငံသားများ တဖြည်းဖြည်း မေ့လျော့လာကြပြီ ဖြစ်သည်။ တရုတ် တစ်နိုင်ငံလုံး အတိုင်း အတာအားဖြင့် တရုတ် လူမျိုးများသည် ကွန်ပျူတာ၏ အကူအညီ မပါဝင်ဘဲ မိခင်ဘာသာ စကားကို ရေးသားရန် အခက် အခဲရှိနေကြပြီဖြစ်သည်။

စမတ်ဖုန်းများနှင့် ကွန်ပျူတာများရှိ ဆော့ဝဲလ်များ ကလည်း အသုံးပြုသူများက အင်္ဂလိပ်ဘာသာဖြင့် အခြေခံ အသံကို ရေးထည့်ရုံဖြင့် မှန်ကန်သော ကာရက်တာများကို စာရင်းထဲမှ ရွေးချယ်နိုင်ရန် အကူအညီပေးနေသည်။ အကျိုးဆက်မှာ ကာရက်တာများကို ရေးသားနိုင်ရေး မှတ်မိရန် မလိုအပ်တော့ ခြင်းဖြစ်သည်။ အခြေခံအသံကို သိရုံလောက်ဖြင့် ဖုန်းနှင့် ကွန်ပျူတာက ရွေးထုတ် ဖော်ပြသော ကာရက်တာများထဲမှ လက်ဖြင့် တစ်ချက် နှိပ်ရုံဖြင့် ရွေးချယ် ဖော်ပြနိုင်နေကြပြီ ဖြစ်သည်။

သို့သော် လက်ဖြင့် ရေးသားမှု ပြန်လည် အသက်ဝင်လာရေး မျှော်လင့်ချက် အနည်းငယ်တော့ ကျန်ရှိနေပါသေး သည်။ တရုတ် ပညာရေးဝန်ကြီးဌာန က ကလေးငယ်များ စာရေးခြင်းနှင့် ပတ်သက်ပြီး ပိုမို အချိန်ပေးရန် လှုပ်ရှား လုပ်ဆောင်နေပြီ ဖြစ်သည်။ ပေကျင်းရှိ မူလတန်းကျောင်း တစ်ခုတွင် စာသင်ကျောင်း အတွင်းရှိ တရုတ် သင်္ကေတများ ရေးသားခြင်း ဆိုင်ရာ အထူးစာသင်ခန်း တစ်ခုထဲတွင် ကျောင်းသားငယ်များသည် စုတ်တံများကိုင် ဆောင်ပြီး သင်္ကေတများကို နေ့စဉ်ရေးသား လေ့ကျင့်နေကြပြီ ဖြစ်သည်။ ခြောက်နှစ်အရွယ် ကလေးငယ်များက စုတ်တံကိုင်ပြီး ရေးသားနေချိန်တွင် နောက်ဘက်တွင် သီချင်းသံကို တိုးတိုးလေးကြားရမည် ဖြစ်သည်။ ကလေး ငယ် များသည် ကျောက်သင်ပုန်းပေါ်တွင် ဆရာက ရေးသားထားသည့် သင်္ကေတများကို လှမ်းကြည့်လိုက် သူတို့ရှေ့ရှိ စာရွက်ပေါ်တွင် စုတ်တံဖြင့် ရေးလိုက်ဖြင့် အလုပ်များနေကြသည်။

ဒီနေရာတွင် လူကြီးများသည် လက်ဖြင့် စာရေးစရာ မလိုဘဲ အလုပ်ဖြစ်နေကြလျင် ကလေးငယ်များကို အဘယ်ကြောင့် လက်ဖြင့် စာရေးခြင်းကို သင်ကြားနေပါ သလဲဟု မေးခွန်း ထုတ်စရာရှိ နေပါသည်။ သင်္ကေတ များကို လက်ဖြင့် ရေးသားနိုင်စွမ်း ရှိခြင်းသည် တရုတ် ယဉ်ကျေးမှုနှင့် အစဉ်အလာ တို့၏ အရေးပါသော အစိတ်အပိုင်းသာ ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးသည့် အခါတွင် မမေ့သွားစေရန် အတွက် ကလေးငယ် များသည် စာရေးနည်းကို ငယ်စဉ်ကတည်းက လေ့ကျင့်ရန် လိုအပ်ကြောင်း ဆရာမတစ်ဦး ဖြစ်သည့် ရှင်ပင် ကပြောဆိုခဲ့သည်။ မစ္စရှင်ပင်လျင် ခေတ်သစ် နည်းပညာ၏ သက်ရောက်မှုကို ရှောင်ရှားနိုင်ခြင်း မရှိခဲ့။ ကျွန်မလို ဆရာတွေတောင် တစ်ခါတလေ တချို့စကားလုံးတွေကို မေ့မေ့ နေတတ်တယ်ရှင်ဟု တရုတ် သင်္ကေတ စာရေးနည်း သင်ဆရာမ မစ္စရှင်က ရှက်ပြုံးလေးဖြင့် ပြောဆိုခဲ့သည်။ 


Ref: When Chinese children forget how to write:BBC
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...