ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ဆရာကို ကျောင်းသားက ဝေဖန်သည့်စနစ် စတင် ကျင့်သုံးနေပြီ ဟုဆို
![]() |
www.telegraph.co.uk |
အဆိုပါစနစ်သည် ဘွဲ့လွန်၊ ဘွဲ့ကြိုကျောင်းသား တွေက ဆရာ၊ ဆရာမတွေကို သင်ကြားမှုနှင့်ပတ် သက်ပြီး ဝေဖန် အကြံပြုသည့်စနစ်၊ တစ်နည်းအားဖြင့် သင်ကြားသူ ဆရာနှင့် သင်ယူသူ ကျောင်းသား တို့အကြား နားလည်မှုလွဲ၊ သဘောထား ကွဲလွဲသည့် သင်ကြားရေး ပုံစံတို့ကို ပြုပြင်ရန် ကျောင်းသားလို ချင်သည့် သင်ကြားမှုပုံစံ၊ ကျောင်းသားနှင့် အံဝင်ခွင်ကျသည့် သင်ကြားရေး ပုံစံရအောင် ကျောင်းသားများက ဝေဖန်အကြံပြုရသည့် စနစ်ဖြစ်သည်။
ယင်းစနစ်သည် ကျောင်းသား၏ ပညာသင်ကြားရေးကို ပိုမိုအထောက်အကူပြုစေမည်ဟုလည်း သိရသည်။ ရန်ကုန် နည်းပညာ တက္ကသိုလ်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အသိအမှတ်ပြုခံရရေး နှင့် နောက်ဆုံးအဆင့် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်သဘောတူညီချက် (ဝါရှင်တန် Accord) တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ယခုကဲ့သို့စနစ်မျိုး ကျင့်သုံးရခြင်းဖြစ်ကြောင်း သိရသည်။
“နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရဖို့ လုပ်ဆောင်ရတဲ့အထဲမှာ Quality Management System-QM ထဲမှာ ပါတဲ့အချက်တစ်ချက်အနေနဲ့ ကျောင်းသားရဲ့အရည်အချင်းတိုးတက်အောင်၊ လုပ်ရတဲ့စနစ်ပေါ့။ ဆရာကတော့ ကျောင်းသားနားလည်အောင် နည်းမျိုးစုံနဲ့သင်မှာပဲ။ ဒါပေမဲ့ကျောင်း သားအနေနဲ့ကျတော့ ဘယ်လိုသင်တာကတော့ အဆင်မပြေဘူး။ ဘယ်လိုဆိုရင်တော့ အဆင်ပြေ တယ်ဆိုတာမျိုးသိရအောင် ဒီစနစ်ကိုလုပ်ရတာပါ” ဟု ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပါမောက္ခဌာန မှူး ဒေါက်တာဉာဏ်မြင့်ကျော်က ပြောသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့် ထိုဝါရှင်တန်သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးနိုင် ပြီဆိုပါက မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပကညာရေးသည် နိုင်ငံတကာအသိအမှတ်ပြုခြင်းခံရမည်ဖြစ်ပြီး ဒီတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတကာ အင်ဂျင်နီယာလောကတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ပိုမိုလွယ်ကူလာမည်ဟု သိရသည်။
ယင်း QM လက်မှတ်ရဖို့ အချိန်သိပ်မစောင့်ရဘဲ ယခုနှစ်မကုန်ခင် ရရှိနိုင်မည်ဖြစ်ပြီး QM လက်မှတ် သက်တမ်း သည်သုံးနှစ် (သို့မဟုတ်) ငါးနှစ်သက်တမ်းရှိသည့်အတွက် အဆိုပါသက်တမ်းအတောအ တွင်းတွင် အဖွဲ့အစည်း ၏ လာရောက်စစ်ဆေးခြင်းခံရမည်ဖြစ်ကြောင်းနှင့် နောက်ဆုံးအဆင့်နိုင်ငံ တကာအသိအမှတ်ပြုခံရဖို့ဆိုလျှင်တော့ အနည်းဆုံးနှစ်နှစ်ကျော်ခန့် ကြာမြင့်ကြောင်းသိရသည်။
“QM လက်မှတ်ရပြီးသွားရင် ဒီအတိုင်းနေလို့မရဘူး။ တောက်လျှောက်လေ့ကျင့်မှုတွေ လုပ်နေရမှာ။ လက်မှတ်ရပြီ ဆိုပြီး ရပ်နေလို့မရဘူး။ သူတို့လာစစ်လို့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီမှ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ အချိန် မကြာမှာ” ဟု ဒေါက်တာဉာဏ်မြင့်ကျော်က ဆက်လက်ပြောသည်။
လက်ရှိဝါရှင်တန် Accord မှာမလေးရှား၊ စင်ကာပူနှင့် သီရီလင်္ကာနိုင်ငံတို့ ပါဝင် လက်မှတ်ရေးထိုးထား ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းပြင်ဆင်နေကြသည်မှာ ခရီးတစ်ဝက် ပင်ရောက်နေပြီဟု သိရသည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများ အားလုံးနီးပါး ထိုဝါ ရှင်တန် Accord တွင် ပါဝင်လက်မှတ်ထိုးနေကြပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း နောက်ကျကျန်နေခဲ့ခြင်းမရှိအောင် အမီလိုက်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။
တစ်ဖက်တွင်လည်း ယခုကဲ့သို့စာသင်ကြားပေးသည့်ဆရာကို ကျောင်းသားမှပြန်လည်ဝေဖန်သည့် စနစ်သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဂါရဝတရားနှင့် ကိုက်ညီခြင်းမရှိဟု ဝေဖန်မှု များလည်းရှိနေသည်။
စင်စစ်အားဖြင့် ယခုကဲ့သို့သင်ဆရာကိုဝေဖန်သည့် စနစ်ဆိုသည်ထက်ကျောင်းသား၏ သင်ယူမှုဖြင့် အံဝင်ခွင်ကျ ရှိစေရန် လိုအပ်ချက်ရှိသည့်ဆရာ၊ ဆရာမများကိုအကြံပြု ပြောကြားသည်ဟုဆိုလျှင်ပို၍ မှန်မည်ဟုသိရသည်။ ယင်းစနစ်မျိုးသည် ကျွန်ုပ်တို့ဘိုးဘွားများလက်ထက်မှ ဆရာသမားများကိုယ် တိုင်ကျင့်သုံးလာခဲ့ပြီး တွင်ကျယ်စွာ ကျင့်သုံးခဲ့ခြင်းမရှိသောကြောင့် မျိုးဆက်ပြတ်ခဲ့ပြီး ယခုမှစနစ်အ သစ်တစ်ခုသဖွယ် ဖြစ်နေသည်ဟုလည်း ဒေါက်တာ ဉာဏ်မြင့်ကျော်က သုံးသပ်ပြောကြားသည်။
တချို့ကလည်း ပုဂ္ဂိုလ်ရေးအရဝေဖန်မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး သည် စနစ်အမှန်တကယ် အောင်မြင် မည်လားဆိုသည်ကို စောင့်ကြည့်လေ့လာနေကြသူများလည်းရှိနေသည်။ တဖန် ကျောင်းသားများဘက်မှလည်း တောင်းဆိုမှုများ၊ ဝေဖန်အကြံပြုချက်များအတိုင်း လိုက်လျောပေးမည် လား၊ ကျောင်းသား၏ပညာသင်ကြားရေးကို အမှန်ထင်သာမြင်သာ ရှိအောင် အထောက်အကူပြုပံ့ပိုး ပေးနိုင်မည်လားစသည့်ဖြင့် မေးခွန်းများ ထုတ်လျက်ရှိ ကြသည်။
“အဲဒီလိုဆရာကို ဝေဖန်အကြံပြုနိုင်တယ်ပဲထားပါတော့။ ကျွန်တော်တို့အကြံပြုတဲ့အတိုင်း သူတို့က ထင်သာမြင် သာ ရှိအောင် ပြုပြင်ပေးမှာလား။ နောက်ပြီးသူတို့သာ ကျွန်တော်တို့ကျောင်းသားတွေရဲ့ ပညာရေးကို အမှန် တကယ် တိုးတက်စေချင်တယ်ဆိုရင် ကျောင်းသားတွေရဲ့ပညာရေး၊ ဘဝအာမခံ ချက်ရှိဖို့ သူတို့လုပ်ပေးစေ ချင်တယ်။ အဲဒီလိုမဟုတ်မှမဟုတ်ရင်တော့ ကျွန်တော့်ပုဂ္ဂိုလ်ရေးအမြင်က တော့ အပေါ်ယံပြောင်းလဲမှုမျိုး လို့ပဲမြင်တယ်” ဟု ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား များသမဂ္ဂမှ ကျောင်းသားခေါင်းဆောင် ကိုအောင်မင်းခန့်က ပြောသည်။
ပြီးခဲ့သည့်လပိုင်းက ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သည့် Private Test အပြီး တွင် ကျောင်းသား များထံမှ သင်ကြားရေးနှင့်ပတ်သက်ပြီး Feedback များပြန်လည်တောင်းခံခဲ့ပြီး ကျောင်းသား များဘက်မှ တောင်းဆိုသည်များကို အမှန်တကယ်ပြုပြင်ပေးမည်လားဟု မေးမြန်းရာတွင် ကျောင်း၏ တာဝန်ရှိသူ များက အထက်ကိုတင်ပြပေးမည်ဟုသာဖြေကြောင်း ကိုအောင်မင်းခန့်က ဆက် လက်ပြောသည်။
လက်ရှိရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင့်သုံးနေသည့် အဆိုပါစနစ်သည် ဆရာ၊ ဆရာမများ၏ သင်ကြားရေးနှင့် ပတ်သက်သည့် မေးခွန်းခုနှစ်စီဝေငှပြီး ကောင်း၊ သင့်၊ ညံ့စသည့် ဝေဖန်အကြံပြုမှုမျိုးကို ကျောင်းသားများအမည်၊ ခုံနံပါတ်ရေးစရာမလိုဘဲ သက်ဆိုင်ရာဌာနမှူးများထံ ပေးပို့ဝေဖန်အကြံပြု ရမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်သဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးနိုင်ပြီဆိုလျှင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မွေး ထုတ်ပေး လိုက်သည့် ကျောင်းသားများသည် အင်ဂျင်နီယာဘာသာရပ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ အင်ဂျင်နီယာ တက္ကသိုလ်များတွင် ဆက်လက်တက်ရောက်လိုပါက စာမေးပွဲစစ်ဆေးခြင်းခံရခြင်းမျိုး မရှိနိုင်တော့ဘဲ တိုက်ရိုက် ဆက်သွယ်တက်ရောက်နိုင်သည့် အခွင့်အရေးများရရှိလာမည်ဖြစ်သဖြင့် ယင်းသို့သောကျောင်းသားများ မွေးထုတ် ပေးနိုင်ရေးအတွက် ဤစနစ်ကိုကျင့်သုံးနေရခြင်းဖြစ်သည်ဟု သိရသည်။
Democracy Today Daily
စက်တင်ဘာ (၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများကို ဂျပန်မီဇူဟိုဘဏ်မှ ပညာသင်ဆုများ နှစ်စဉ် ချီးမြှင့်မည် JAVA leaning Myanmar (PDF)ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံးSamsung Multipackage Firmware Collection သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ပညာတော်သင် ကိစ္စများနှင့် ပတ်သက်ပြီး တက္ကသိုလ် အသီးသီးက ဆရာ၊ ဆရာမများကို ဖြေလျှော့မှုများ ပေးထားပြီးဟုဆို JAVA leaning Myanmar (PDF)ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံးSamsung Multipackage Firmware Collection သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'