ပညာတော်သင် ကိစ္စများနှင့် ပတ်သက်ပြီး တက္ကသိုလ် အသီးသီးက ဆရာ၊ ဆရာမများကို ဖြေလျှော့မှုများ ပေးထားပြီးဟုဆို

ပညာတော်သင် ကိစ္စများနှင့် ပတ်သက်ပြီး တက္ကသိုလ် အသီးသီးမှဆရာ၊ ဆရာမများကို ဖြေလျှော့မှုများ ပေးထားပြီးဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီါ်ဌာန (အောက်မြန်မာပြည်) မှသိရသည်။

ပညာတော်သင် သွားရန် ရေးဖြေစာမေးပွဲ ဖြေဆိုထားပြီး အကြောင်း အမျိုးမျိုးကြောင့် သွားခွင့် မရရှိသူ များသည် နောက်ထပ်ခြောက်လ အတွင်း မည်သည့် စာမေးပွဲမှ ဝင်ရောက်ဖြေဆို၍ မရသည့် ကိစ္စကို ပယ်ဖျက် ထားပြီးဖြစ်ကြောင်း သိရသည်။

“ဆရာတို့အနေနဲ့ တက္ကသိုလ်ပညာတော်သင်ကိစ္စတွေ၊ ကျောင်းသားဖလှယ်တာတွေ၊ တက္ကသိုလ် အချင်းချင်း ပူးပေါင်းဆောင်ရွက်တာတွေကို အားလုံးဖြေလျှော့ထားပြီးဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ အနေနဲ့ အရင်ကလို သွားခွင့်မရရင်ခြောက်လစောင့်စရာလဲ မလိုတော့ပါဘူး။ ကိုယ့်ဟာကိုနိုင်ငံခြား ပညာတော်သင်ကိစ္စတွေကို ဆောင်ရွက်နိုင်ပါပြီ။ ဟိုကလာခေါ်တာဖြစ်ဖြစ်၊ ကိုယ်ကသွားတာဖြစ်ဖြစ် လွတ်လပ်စွာဆောင်ရွက်နိုင်ပါပြီ” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။

တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံခြားတက္ကသိုလ်များသို့ ပညာတော်သင်သွား ရောက်ရန် ရေးဖြေစာမေးပွဲများကို ဖြေဆိုရပြီးအောင်မြင်ပါက ပညာတော်သင်သွားရောက်ရန် ဌာန၏ ခွင့်ပြုချက်များကို စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

ယင်းအပြင်နိုင်ငံခြားမှခေါ်ယူသော ပညာတော်သင်ရက်ကို သွားရောက်နိုင်ခြင်းမရှိပါက နောက်ထပ် ခြောက်လ အတွင်း မည်သည့်စာမေးပွဲများကိုမျှ ဖြေဆို၍မရတော့သည့်အတွက် ထပ်မံခေါ်ယူသော ပညာတော်သင် ကိစ္စများ အတွက် နစ်နာမှုများဖြစ်ပေါ်လာရသည့်အတွက် ယင်းကဲ့သို့ပယ်ဖျက်လိုက်ရ ခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာန (အောက်မြန်မာပြည်) မှသိရသည်။

အဆိုပါကိစ္စများသည် အမျိုးသားပညာရေး ဥပဒေထွက်ရှိလာပါက လွတ်လပ်စွာပိုမိုဆောင်ရွက်နိုင်မည် ဖြစ်ပြီး နိုင်ငံခြားခရီးစဉ်များအတွက် တက္ကသိုလ်အလိုက် လွတ်လပ်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အရင်ကစောင့်ဆိုင်းခဲ့ရတာတွေကြောင့် သွားခွင့်မရသူတွေရှိခဲ့တာတွေ ဖြစ်ခဲ့တယ်။ နောက်ဆိုရင် အဲ့ဒီလိုမဖြစ် တော့ပါဘူး။ အရင်ကနောက်ကျလို့ သွားခွင့်မရဘူးဆိုတာက ဆရာတို့ကဒီကိစ္စတစ်ခု တည်းဆောင်ရွက်နေရ တာမဟုတ်တော့ လိုအပ်ချက်လေးတွေတော့ ရှိမှာပဲ။ အခုဆိုရင်နိုင်ငံခြားပညာ တော်သင်သွားတဲ့သူတွေ အဆင်ပြေပြေလျင်လျင်မြန်မြန် သွားခွင့်ရနေသူတွေရှိနေပါပြီ” ဟုယင်းက ထပ်မံပြောသည်။

အမျိုးသားပညာရေးဥပဒေ ထွက်ရှိလာပါက တက္ကသိုလ်အလိုက် လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရရှိရန် ယခု ကတည်းက ကြိုတင်ဆောင်ရွက်နိုင်စေရန် လေ့ကျင့်ပေးထားခြင်းဖြစ်ပြီး စနစ်တကျဆောင်ရွက်တတ် စေရန်လည်း ဖြေလျှော့မှု များပြုလုပ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလိုသွားခွင့်မရအောင် လုပ်တာဟာ သူတို့ဘက်ကနောက်ကျတာတွေကြောင့် ဆရာတွေကသွားခွင့် မရတာ။ တစ်ခါဆိုရင်ဟိုကခေါ်ထားပေမယ့် တာဝန်ရှိသူတွေက ဖြေခိုင်းတာက ရှေ့လလောက်မှာ ဖြေခိုင်းတာတွေကြောင့် ဆရာတွေကစကောလားရှစ်ဆိုရင် တော်ပါပြီဆိုပြီး ဖြစ်လာကြတယ်။ ခု နောက်ပိုင်းတော့ နည်းနည်းဖြေလျှော့ ပေးလာတာတွေကြောင့် အဆင်ပြေပြေလေး ဖြစ်လာတယ်” ဟု ဦးဇော်မျိုးလှိုင်ကထပ်မံပြောသည်။

တက္ကသိုလ်များ၏ စီမံခန့်ခွဲခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်၊ နိုင်ငံခြားပညာတော်သင်ကိစ္စများအတွက် ဖြေလျှော့မှုများကို ၂၀၁၃ ခုနှစ်မှစတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 


Democracy Today Daily
စက်တင်ဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...