ဘာကြောင့် ငိုတာလဲ...

နှုတ်ခမ်းတွေ တုန်ယင်လာမယ်၊ မျက်လုံးတွေက နီရဲစိုစွတ် လာမယ်၊ ပြီးရင် မျက်တောင်တွေကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး မျက်ရည်တွေ စီးမကျလာအောင် ထိန်းထားမယ်။ ဒီနည်းနဲ့ မျက်ရည်တွေကို မထိန်း ထားနိုင်ရင်တော့ ငိုတယ်ဆိုတာ ဖြစ်လာပါပြီ။

ငိုတယ်ဆိုတာ မထူးဆန်းပါဘူး။ မိခင်ဝမ်းဗိုက်ထဲက ထွက်လာကတည်းက လူတွေဟာ ဘဝတခုကို ငိုခြင်းနဲ့ စတင်ခဲ့ကြတာပါ။ ဒါပေမဲ့ အရွယ်ရောက်ပြီး သူတွေ အတွက်တော့ ငိုတာနဲ့ ပတ်သက်ပြီး တယောက်နဲ့ တယောက် ကွဲပြားခြားနား မှုတွေ ရှိလာပါတယ်။

တချို့လူတွေဟာ အငိုလွယ်တတ်ကြပြီး တချို့လူတွေကတော့ လုံးဝကို မငိုကြပါဘူး။ အငိုလွယ်လွန်းပြီး မကြာခဏ ငိုတတ်ကြသူတွေဟာ သူတို့ဘယ်အချိန်က နောက်ဆုံးငိုခဲ့တယ်ဆိုတာကိုတောင် မမှတ်မိနိုင်လောက်အောက်ပါပဲ။

အောက်ပါတို့ဟာ ငိုခြင်းနဲ့ပတ်သက်ပြီး အနောက်တိုင်း ဆေးပညာရှင်တွေနဲ့ သုတေသနပညာရှင် တွေ လေ့လာ တွေ့ရှိ ထားသမျှ အကြောင်းအရာတွေ ဖြစ်ပါတယ်။

သင် ဘာကြောင့် ငိုတာလဲ---
သင်ဟာ ပျော်တဲ့အခါ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ ငိုတာပါ။ ငိုတယ်ဆိုတာဟာ ခံစားမှုတခုခု အများအားဖြင့် ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို သဘာဝအတိုင်း စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတခု ဖြစ်ပါတယ်။ ဒါ့အပြင် ခံစားမှုတွေနဲ့ အတူ စွမ်းအင်တည်ဆောက်ခြင်းလည်း ဖြစ်နိုင်ပါတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် Stephen Sideroff က ဆိုပါတယ်။

ငိုတာဟာ ရှင်သန်မှုကို အထောက်အကူပြုတဲ့ ဖြစ်စဉ်တခုလည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ တစုံတခုကို လိုအပ် တယ် ဆိုတာကို ဖော်ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် တစုံတယောက်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့ ကြိုးစားနေ တယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သင်ငိုတာကို စောင့်ကြည့်နေတဲ့ သူဆီမှ အထောက်အပံ့ကို အောင်အောင် မြင်မြင် ရရှိစေမယ့် နည်းလမ်းတခုလည်း ဖြစ်ပါတယ်လို့ ဖလော်ရီဒါရှိ Tampa ဆေးရုံမှ အာရုံကြော စိတ်ပညာရှင် Jodi Deluca က ဆိုပါတယ်။

ဒီထက်ပိုအဓိကကျတဲ့အချက်ကတော့ ငိုတာမှာ ဇီဝဓာတုဆိုင်ရာ ရည်ရွယ်ချက်တခုရှိပါတယ်။ ငိုတာဟာ ခန္ဓာကိုယ် မှ ဖိစီးမှုဟော်မုန်း ဒါမှမဟုတ် အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်လို့ ငိုခြင်းနဲ့ ပတ်သက်ပြီး သုတေသနလုပ်ခဲ့တဲ့ Deluca က ဆိုပါတယ်။

ဘယ်သူတွေက ပိုငိုတတ်သလဲ---
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုငိုတတ်ပါတယ်။ ဓလေ့ထုံးစံတွေအရလည်း အမျိုးသမီးတွေဟာ ပိုပြီး ငိုခွင့်ရှိနေပါတယ်။ အမျိုးသားတွေအတွက်တော့ ငိုတာဟာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာတခု ဖြစ်နေပါတယ်။

တချို့လူတွေက အငိုလွယ်ပြီး တချို့လူတွေက ငိုခဲတာအတွက်တော့ သုတေသီတွေက ရှင်းရှင်းလင်းလင်း မပြောနိုင် သေးပါဘူး။ ပင်ကိုစိတ်ရင်းက အဓိကကျတယ်လို့သာ ယူဆထားကြပါတယ်၊ နောက်တချက်ကတော့ အတိတ်က စိတ်ဒဏ်ရာရဖူးတဲ့သူတွေဟာ ပိုငိုတတ်ကြပါတယ်။ အထူးသဖြင့် အတိတ်ရဲ့ လွှမ်းမိုးမှုက ရုန်းမထွက်နိုင်တဲ့ သူတွေအတွက် ပိုမှန်ပါတယ်။

ငိုခြင်း၏ အကျိုးကျေးဇူး---
ငိုပြီးတဲ့နောက်မှာ စိတ်ပေါ့သွားတယ်ဆိုရင် ငိုလိုက်တာက ကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ လူတိုင်း အတွက် ဒီလိုမဖြစ်နိုင်ပါဘူး။ ဒက်ခ်ျ အမျိုးသမီး ၂၀၀-နီးပါးကို လေ့လာတဲ့ သုတေသနတခုမှာ အများစုက ငိုပြီးတဲ့အခါ ခံစားမှုပိုကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျဆင်းမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုကို တိုင်းတာစစ်ဆေးရာမှာ ရမှတ်မြင့်နေသူတွေဟာ ငိုပြီးတဲ့နောက် ခံစားမှုပိုဆိုးသွား တာကို တွေ့ရပါတယ်။

ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကို အတိအကျ မသိပေမယ့် စိတ်ဓာတ်ကျနေသူ ဒါမှမဟုတ် စိုးရိမ်ပူပန်နေသူတွေ ဟာ တခြားသူတွေလို ငိုပြီးတဲ့နောက် အကျိုးကျေးဇူးမရတာကိုတော့ သိရှိရပါတယ်။


ဆွေဆွေမျိုးနိုင်(ဆေးဝါးတက္ကသိုလ်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...