ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်း၏ အကြောင်းရင်း

နေ့စဉ် သတင်းစာတွေနဲ့ Facebook စတဲ့ လူမှု ဆက်ဆံရေး နယ်ပယ်တွေမှာ လူသတ်မှုတွေ၊ အလစ်သုတ်မှုတွေ၊ ခိုးဆိုး လုယက်မှုတွေ၊ လယ်ယာမြေတွေ အဓမ္မ အသိမ်းခံရလို့ ထွန်းတုံး တိုက်ပွဲဝင်နေရင်း ထောင်ထဲ အချုပ်ထဲ ရောက်သွား ကြတဲ့ ကျေးဇူးရှင်ကြီးတွေ၊ အလုပ်လက်မဲ့ ဖြစ်နေသော ၆၀ ရာခိုင်နှုန်းသော လူငယ် လူရွယ်တွေ၊ စစ်ပွဲတွေကြောင့် ဒုက္ခအတိ ဖြစ်နေကြသော ပြည်သူပြည်သားတွေ၊ ဘဝဆည်းဆာ နေဝင်ချိန်မှာ တိရစ္ဆာန် တစ်ကောင်လို စွန့်ပစ်ခြင်း ခံနေရတဲ့ သက်ကြီးရွယ်အိုတွေ၊ လူကုန်ကူးမှု ခံနေရသူတွေ၊ အမျိုးသမီး အမျိုးသား ပြည့်တန်ဆာတွေ၊ မုဒိမ်းမှုတွေ စတဲ့စိတ် မချမ်းမြေ့ဖွယ်ရာ သတင်းတွေကသာ ကြီးစိုးလို့ထားပါတယ်။

ဒီမိုကရေစီ သက်တမ်း ငါးနှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် ပြည်သူပြည်သားတွေမှာတော့ ဘာတစ်ခုမှ မည်မည်ရရ အဆင်ပြေလာတာ မရှိပါဘူး။ ဘတ်စ်ကား စီးရတာကအစ ဖုန်းလိုင်းတွေ အဆုံးပါပဲ။ ရန်ကုန်မြို့က ကမ္ဘာအေး စေတီလမ်းလို သုဓမ္မာလမ်းလို လမ်းမကြီးတွေကို လမ်းဖြတ်ကူးတာတောင် အသက်နဲ့ရင်းပြီး ကူးနေကြတာပါ။ ဒါတွေ ဘယ်သူ့ကြောင့် ဘာကြောင့် ဖြစ်နေရတာပါလဲ။ အပြစ်တင်၊ အပြစ်မြင်တာ မဟုတ်ပေမယ့် အပြစ်ကိုသိမှ အကြောင်းရင်းကိုသိမှ ပြုပြင်နိုင်မှာမို့ အပြစ်ကို အကြောင်းရင်းကို ရှာဖွေကြဖို့ လိုအပ်ပါတယ်။

ရှေးအခါတုန်းက တရားစောင့်၍ တရားနဲ့အညီ တိုင်းပြည်ကိုစိုးမိုး အုပ်ချုပ်တဲ့ ဒဠှနေမိ အမည်ရှိတဲ့ စကြဝတေး မင်းတစ်ပါး ရှိခဲ့ဖူးပါတယ်။ သူဟာ လူ့သက်တမ်း အနှစ်ရှစ်သောင်းရှည်စဉ် ကာလတုန်းက ပေါ်ပေါက်ခဲ့တဲ့ မင်းတစ်ပါး ဖြစ်ပါတယ်။ ဒဠှနေမိမင်းဟာ တစ်နေ့သောအခါမှာ မင်းချင်း ယောက်ျား တစ်ယောက်ကိုခေါ်ပြီး “အချင်းယောက်ျား၊ ဤမြတ်သော စကြာရတနာသည် တည်နေရာမှ အနည်းမျှပင် လျှောကျနေသည်ကို တွေ့မြင် ပါက ငါ့ထံလာ၍ ပြောကြားပါလော့” လို့ အမိန့်တော် ချမှတ်ပါတယ်။ ထိုသို့ အမိန့်ချမှတ်ပြီး နှစ်ထောင်ပေါင်းများစွာ ကြာလွန်တဲ့အခါမှာ မင်းချင်းယောက်ျားက “မင်းမြတ် သင်မင်းမြတ်၏ မြတ်သောစကြာ ရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းပါပြီ” လို့ သံတော်ဦး တင်ပါတယ်။

ထိုသို့ လျှောက်ထားပြီးတဲ့အခါမှာ ဒဠှနေမိမင်းကြီးဟာ သားတော် အိမ်ရှေ့မင်းကိုခေါ်ပြီး “ချစ်သား ငါ၏မြတ်သော စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျ သက်ဆင်းသတတ်။ ‘အကြင်စကြာမင်း၏ မြတ်သော စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျ သက်ဆင်း၏။ ထိုစကြာမင်းသည် ကြာမြင့်စွာ အသက် မရှည်ရာ’ ဟု ငါ ကြားဖူး၏။ ငါသည် လူ့စည်းစိမ်ချမ်းသာတို့ကို ခံစားခဲ့ပြီ။ ယခုအခါ ငါသည် နတ်စည်း စိမ်ချမ်းသာ တို့ကို ရှာဖွေရန် အချိန်တန်ပြီ။ ချစ်သားလာလော့၊ သင်သည် သမုဒ္ဒရာလေးစင်း အဆုံးရှိသော ဤမြေကြီးကို သိမ်းဆည်းအုပ်စိုးလော့။ ငါမူကား ဆံမုတ်ဆိတ်တို့ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်အံ့” လို့ အစချီပြောဆိုကာ သားတော်အိမ်ရှေ့မင်းသားကို ဆုံးမ သွန်သင်ပြီး ရသေ့ဝတ်သွားပါတယ်။

ဒဠှနေမိမင်း ရသေ့ဝတ်ပြီး ခုနစ်ရက်မြောက်နေ့မှာ စကြာရတနာလည်း ကွယ်ပျောက် သွားပါတယ်။ တာဝန်ရှိ မင်းချင်းယောက်ျား တစ်ယောက်က စကြာရတနာ ကွယ်ပျောက်ကြောင်းကို ဒဠှနေမိမင်းရဲ့ အရိုက်အရာကို ဆက်ခံထားတဲ့ ဘုရင်သစ်ကို သံတော်ဦး တင်ပါတယ်။ အရိုက်အရာ ဆက်ခံထားတဲ့ ဘုရင်သစ်ဟာ စိုးရိမ်သောက ဗျာပါဒများနဲ့အတူ ဘုရင်ဟောင်းဖြစ်တဲ့ ဒဠှနေမိရသေ့ထံ သွားရောက်ပြီးတော့ စကြာရတနာ ကွယ်ပျောက် သွားကြောင်းကို လျှောက်ထားပါတယ်။

ထိုအခါ ဒဠှနေမိရသေ့က “ချစ်သား မြတ်သော စကြာရတနာ ကွယ်ပျောက်သောကြောင့် နှလုံးမသာမယာ မဖြစ်လင့်။ နှလုံးမသာမယာ ဖြစ်နေခြင်းကိုလည်း သူတစ်ပါးအား မပြောကြားလင့်။ ချစ်သားမြတ်သော စကြာ ရတနာသည် သင့်ဖခင်မှ ဆင်းသက်သော အမွေပစ္စည်းမဟုတ်။ ချစ်သား သင်ချစ်သားသည် အပြစ်ကင်းသော စကြာမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ဘိလော့။ တစ်ဆယ့်ငါးရက် မြောက်သော ဥပုသ်နေ့၌ ဦးခေါင်းဆေး မင်္ဂလာပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို ကျင့်နေသော သင်ချစ်သားအား မြတ်သော စကြာရတနာသည် ထင်ရှားဖြစ်ပေါ်လာ လတ္တံ့သော အကြောင်းသည် ရှိသည်သာတည်း” လို့ မိန့်ကြားပါတယ်။

“မင်းမြတ် မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်ဟူသည် အဘယ်ပါနည်း” လို့ ဘုရင်ဟောင်းဖြစ်တဲ့ ရသေ့ကို ဘုရင်သစ်က မေးပါတယ်။ “ချစ်သား သင်သည် တရားကိုသာ အမှီပြု၍ တရားကိုသာ အရိုအသေ အလေးအမြတ် ပြု၍ သားမယားမှစ၍ တိုင်းသူပြည်သား အားလုံးတို့ အပေါ်၌ လည်းကောင်း၊ သားငှက်တို့အပေါ်၌ လည်းကောင်း တရားနှင့်လျော်သော ကာကွယ် စောင့်ရှောက်မှုကို ပြုလုပ်စီရင်လော။ သင့်နိုင်ငံ၌ အနိုင်အထက် နှိပ်စက်မှုများ မဖြစ်စေလင့်။ ပစ္စည်းဥစ္စာ မရှိသူတို့အားလည်း ပစ္စည်းဥစ္စာကို ပေးကမ်းလော့။ တရားနှင့်ပြည့်စုံသော သူတော် သူမြတ်တို့၏ ဆုံးမသြဝါဒကို ခံယူ၍ အကုသိုလ်တရားတို့မှ ရှောင်ကြဉ်ပြီး ကုသိုလ်တရားတို့ကို ဆောက်တည် ကျင့်သုံးလော့။ ချစ်သား ဤသည်ကား စကြဝတေးမင်းတို့၏ ကျင့်ဝတ်ပေတည်း” လို့ မိန့်ကြားပါတယ်။ ခမည်းတော် ဒဠှနေမိရသေ့ ပြောကြားတဲ့အတိုင်း ကျင့်ဆောင်တာကြောင့် ဘုရင်ဟောင်း ဒဠှနေမိရသေ့ ပြောတဲ့အတိုင်းပဲ စကြာရတနာကို ပြန်လည် ရရှိပြီးတော့ ဘုရင်သစ်လည်း စကြဝတေးမင်း ဖြစ်သွားပါတယ်။

နောင်အခါမှာ ဘုရင်သစ်လည်း ရသေ့ဝတ်သွားပြီး သူ၏သားတော်ကြီးကို ထီးနန်း လွှဲပေးခဲ့ပါတယ်။ မင်းဆက် ခုနစ်ဆက်တိုင်အောင် စကြဝတေးမင်း ကျင့်ဝတ်ကို ဖြည့်ကျင့် ကြတာကြောင့် မင်းဆက် ခုနစ်ဆက်လုံး စကြဝတေးမင်းတွေ ဖြစ်ကြပါတယ်။ မင်းဆက် ခုနစ်ဆက်လုံးလည်း ဒဠှနေမိမင်းကြီးလိုပဲ စကြာရတနာ တည်နေရာမှ လျှောကျတာကို သိတဲ့အခါမှာ သားတော်ကြီးဖြစ်တဲ့ အိမ်ရှေ့မင်းကို ထီးနန်းလွှဲပေးပြီး ရသေ့ဝတ် သွားကြပါတယ်။

သတ္တမမြောက် စကြဝတေးမင်း ရသေ့ဝတ်သွားလို့ ခုနစ်ရက်မြောက်နေ့မှာ စကြာရတနာက ထုံးစံအတိုင်းပဲ ကွယ်ပျောက် သွားခဲ့ပါတယ်။ ဒါပေမဲ့ သတ္တမမြောက် စကြဝတေးမင်းရဲ့ အရိုက်အရာကို ဆက်လက်ခံယူတဲ့ ဘုရင်သစ်ဟာ ရှေးရှေးသော အရိုက်အရာခံယူ ဘုရင်သစ်များကဲ့သို့ ဘုရင်ဟောင်းရသေ့ထံ သွားရောက်ပြီး စကြာရတနာ ပြန်လည် ရှိစေမယ့် နည်းလမ်းကို မမေးမြန်းတော့ပါဘူး။ ကိုယ်ပိုင်ဉာဏ် ကိုယ့်အမြင်နဲ့သာ တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ အကျိုးဆက်ကတော့ တိုင်းပြည်ဟာ ရှေးမင်းများရဲ့လက်ထက်တုန်းကလို သာယာ ဝပြော တိုးတက်စည်းပင်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်း ဆုတ်ယုတ် သွားပါတော့တာပါပဲ။

ဒါကြောင့် အမတ်ချုပ်၊ ပုရောဟိတ်များ၊ အမှုဆောင် အမတ်ကြီးများ၊ မင်းတိုင်ပင် အမတ်ကြီးများ၊ စစ်သူကြီး၊ ဘဏ္ဍာရေး အမတ်ကြီးက စုပေါင်းပြီး ရှေးမင်းများ လက်ထက်က ကျင့်သုံးခဲ့တဲ့ စကြာမင်းကျင့်ဝတ်ကို ကျင့်သုံးပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ရန် ဘုရင်ကို တိုက်တွန်း တောင်းပန်ကြပါတယ်။ စကြာမင်းကျင့်ဝတ်ကို ဘုရင်က မေးတဲ့အခါမှာ ထိုအမတ်ကြီးများကပဲ ဖြေကြားကြပါတယ်။

ထိုကဲ့သို့ အမတ်ကြီးများရဲ့ လျှောက်တင်ချက်အရ ရှေးမင်းများကဲ့သို့ တိုင်းသူပြည်သားတို့ကို တရားနဲ့လျော်သော ကာကွယ် စောင့်ရှောက်မှုများကို ဘုရင်က ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ ရှေးမင်းများကဲ့သို့ ပစ္စည်းဥစ္စာ မရှိသော သူများကို ပစ္စည်ဥစ္စာများ ပေးကမ်းခြင်း မပြုပါဘူး။ ဒါကြောင့် ဆင်းရဲသားဦးရေက တိုးပွားသထက် တိုးပွားလာ ပါတော့တယ်။ ဆင်းရဲဦးရေ တိုးပွားလာခြင်းရဲ့ အကျိုးဆက်အနေနဲ့ ပထမဆုံး ဖြစ်ပေါ်လာတာကတော့ ရှေးမင်းများ လက်ထက်တုန်းက မရှိခဲ့တဲ့ ခိုးမှုများ ပေါ်ပေါက်လာ ပါတော့တယ်။

ခိုးသူယောက်ျားကို ရဲမက်များက ဖမ်းဆီးပြီးတော့ ဘုရင့်ဆီ ပို့ပါတယ်။ ဘုရင်က ဘာကြောင့် သူတစ်ပါးပိုင် ပစ္စည်း ဥစ္စာကို ခိုးယူရတာလဲလို့ စစ်ဆေးမေးတဲ့အခါမှာ “အသက်မွေးမှု မလုံလောက်သောကြောင့်ပါ” လို့ ဖြေကြား ပါတယ်။ ဒါနဲ့ ဘုရင်က “သင်သည် ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့။ မိဘကိုလည်း ကျွေးမွေး လော့။ အလုပ်အကိုင် တို့ကိုလည်း လုပ်ကိုင်လော့။ အထက်နတ်ဘုံသို့ ရောက်စေတတ်သည့် အကျိုးရှိသော ကောင်းမြတ်သော အကျိုးထူးဆယ်ပါးကို ဖြစ်စေတတ်သော ချမ်းသာသော နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့အား ပေးလှူလော့” လို့ ပြောဆိုကာ ပစ္စည်းဥစ္စာများကို ပေးကမ်းပြီးတော့ ပြန်လွှတ်လိုက် ပါတယ်။

ထိုကဲ့သို့ ခိုးသူကို ပစ္စည်းဥစ္စာများပေး၍ လွှတ်ပေးလိုက်ကြောင်းကို ကြားသိကြရတဲ့ အခြားသော ဆင်းရဲမွဲတေ ကြသော သူများကလည်း ခိုးမှုများကို ကျူးလွန်ကြပါတော့တယ်။ ထိုအခါမှာ ဘုရင်က ခိုးသူများကို ဥစ္စာပစ္စည်း ပေးကမ်း၍ ပြန်လွှတ်ပေးနေရင် ခိုးမှုတွေ ဆုံးခန်းတိုင်မှာ မဟုတ်တော့ဘူးလို့ တွေးမိပြီးတော့ ခိုးသူတစ်ယောက်ကို ဖမ်းမိတဲ့အခါမှာ လက်ပြန်ကြိုးတုပ် ကတုံးတုံးပြီး မြို့ထဲ လှည့်လည်ပြသကာ ခေါင်းဖြတ်သတ်ရန် အမိန့်ချမှတ် လိုက်ပါတော့တယ်။

ဤကဲ့သို့ တိုင်းပြည်အုပ်ချုပ်သူက ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာ ထောက်ပံ့ပေးကမ်းခြင်း မပြုသဖြင့် ဆင်းရဲမွဲတေသူများ တိုးပွားလာပါတယ်။ ဆင်းရဲမွဲတေမှု တိုးပွားလာသဖြင့် သူတစ်ပါးပစ္စည်း ဥစ္စာကို ခိုးယူမှုသည် တိုးပွားလာပါတယ်။ ခိုးယူမှုများ တိုးပွားလာသောကြောင့် လက်နက်များ တိုးပွားလာပါတယ်။ လက်နက်များ တိုးပွားလာသဖြင့် သတ္တဝါတို့ သက်တမ်းဟာလည်း ဆုတ်ယုတ်လာပါတယ်။ နှစ်ပေါင်းရှစ်သောင်း အသက်ရှည် ကြသော ထိုသူတို့၏ သားသမီးများဟာ နှစ်ပေါင်းလေးသောင်းသာ အသက်ရှည်ကြပါတော့တယ်။

နှစ်ပေါင်းလေးသောင်း အသက်ရှည်စဉ်တုန်းက တစ်ယောက်သော သူဟာ သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူ တာကြောင့် ရဲမက်များက ဖမ်းဆီးပြီးတော့ ဘုရင့်ထံပို့ကြပါတယ်။ ဘုရင်က စစ်ဆေး မေးမြန်းတဲ့အခါမှာ “မခိုးယူပါ” လို့ လိမ်လည် ထွက်ဆိုပါတယ်။ ဒီလိုနဲ့ လိမ်လည်မှုများ တိုးပွားလာပြီး နှစ်ပေါင်းလေးသောင်း အသက်ရှည်ကြတဲ့ လူတွေရဲ့ သားသမီးများဟာ နှစ်ပေါင်းနှစ်သောင်းသာ အသက်ရှည်ကြပါတော့တယ်။

နှစ်ပေါင်းနှစ်သောင်း အသက်ရှည်သူတို့တွင် တစ်ယောက်သောသူဟာ ဘုရင့်ထံ သွားရောက်ပြီး “အရှင်မင်းမြတ် ဤမည်သောသူသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူပါသည်” လို့ ကုန်းချောစကား ပြောကြားပါတယ်။ ဤကဲ့သို့ ကုန်းချောစကား ပြောကြားမှုများ တိုးပွားများပြားခြင်းကြောင့် နှစ်ပေါင်းနှစ်သောင်း အသက်ရှည်ကြသော လူများရဲ့ သားသမီးများဟာ နှစ်ပေါင်းတစ်သောင်းသာ အသက်ရှည်ကြပါတော့တယ်။

နှစ်ပေါင်းနှစ်သောင်းအထိ လူတွေအားလုံးဟာ ရုပ်ဆင်းအင်္ဂါများ တင့်တယ်လှပကြပါသေးတယ်။ နှစ်ပေါင်း တစ်သောင်း ရောက်တဲ့အခါမှာတော့ လူတိုင်းက ရုပ်ဆင်းအင်္ဂါများ တင့်လှပချောမော ပြေပြစ်ချင်း မရှိတော့ပါဘူး။ လှတဲ့သူလှသလို ရုပ်ဆိုးတဲ့ သူတွေကလည်း ရုပ်ဆိုးကြပါတယ်။ ဒီအခါမှာ ရုပ်ဆိုးသူများက ရုပ်ချောသူများကို တပ်မက်စိတ် ဝင်ကြတာကြောင့် သူတစ်ပါးရဲ့ သားမယားကို ကျူးကျော် ပြစ်မှားခြင်းများ ဖြစ်ပေါ်လာပါတော့တယ်။ ကာမေသုမိစ္ဆာရကံ ကျူးလွန်ကြသူများ တိုးပွားများပြား လာခြင်းကြောင့် လူ့သက်တမ်းဟာ နှစ်ငါးထောင်အထိ ဆုတ်ယုတ်သွားပါတော့တယ်။

နှစ်ပေါင်းငါးထောင် အသက်ရှည်ကြတဲ့ သူတွေဟာ ကြမ်းတမ်း ရိုင်းပျသောစကားများ၊ အခြေအမြစ်မရှိသော အကျိုးစီးပွားနဲ့ မစပ်ယှဉ်သော အပြိန်အဖျင်း စကားများကို ပြောဆိုကြတာကြောင့် လူ့သက်တမ်းဟာ နှစ်ပေါင်း နှစ်ထောင့်ငါးရာအထိ ဆုတ်ယုတ်သွားပါတယ်။

နှစ်ပေါင်း နှစ်ထောင့်ငါးရာ အသက်ရှည်ကြတဲ့ သူတွေဟာ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို မတော်မတရား လိုချင် တပ်မက်ခြင်းဟူသော အဘိဇ္ဈာနဲ့ သူတစ်ပါးကို ပျက်စီးစေလိုခြင်း- ဗျာပါဒဆိုသော ယုတ်ညံ့သော စိတ်နေ သဘောထားများ ထားရှိကြခြင်းကြောင့် လူ့သက်တမ်းဟာ နှစ်တစ်ထောင်အထိ ဆုတ်ယုတ် သွားပါတော့တယ်။ နှစ်ပေါင်းတစ်ထောင် အသက်ရှိကြသူတွေဟာ မိစ္ဆာဒိဋ္ဌိဟူသော မှားယွင်းသောအယူများ အမြင်များကို လက်ခံ ကျင့်သုံး ကြတာကြောင့် လူ့သက်တမ်းဟာ နှစ်ပေါင်းငါးရာထိ ဆုတ်ယုတ် သွားပြန်ပါတော့တယ်။

နှစ်ပေါင်းငါးရာ အသက်ရှည်ကြတဲ့သူတွေဟာ သူတစ်ပါး၏ ပစ္စည်းများကို မတော်မတရား တပ်မက်ခြင်းဟူသော အဓမ္မရာဂ၊ ကုန်သွယ်မှုများ ပြုလုပ်ရာတွင် မညီမျှသော ဖောက်ပြန်သော တပ်မက်မှုများနဲ့ ကုန်သွယ်ကြခြင်း ဟူသော ဝိသမလောဘ၊ လိင်တူ ဆက်ဆံကြခြင်းဟူသော မိစ္ဆာ ဓမ္မများကို ပြုမူကျူးလွန် ကြတာကြောင့် လူ့သက် တမ်းဟာ တချို့ နှစ်ပေါင်း နှစ်ရာ့ငါးဆယ်၊ တချို့ကား နှစ်ပေါင်းနှစ်ရာမျှသာ အသက်ရှည်ကြပါတော့တယ်။

နှစ်ပေါင်းတစ်ရာ အသက်ရှည်တဲ့ သူတွေဟာ မိဘရဟန်းပုဏ္ဏားနဲ့ သက်ကြီးရွယ်အိုတို့အား ပြုသင့်ပြုထိုက်သော ဝတ္တရားများကို မပြုလုပ်ကြတာကြောင့် လူ့သက်တမ်းဟာ တစ်ရာထိ ထပ်မံကျဆင်း သွားပြန်ပါတော့တယ်။

“ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးကမ်းသော် ဆင်းရဲခြင်းသည် ပွားများလာ၏။ ဆင်းရဲခြင်းပွားများ လာသော် သူတစ်ပါးတို့ မပေးသော ပစ္စည်းဥစ္စာကို ခိုးယူမှုများ ပွားများလာ၏။ ခိုးယူမှု ပွားများ လာသော် လက်နက်ပွားများလာ၏။ လက်နက် ပွားများလာသော် အသက်သတ်မှု ပွားများလာ၏။ အသက်သတ်မှု ပွားများလာသော် မဟုတ်မမှန်ပြောမှု ပွားများလာ၏။ မဟုတ်မမှန်ပြောမှု ပွားများလာသော် ကုန်းချောစကား ပြောကြားမှု ပွားများလာ၏။ ကုန်းချောစကား ပြောကြားမှု ပွားများလာသော် သူ့အိမ်ရာ လွန်ကျူးမှု ပွားများလာ၏။ သူ့အိမ်ရာကို လွန်ကျူးမှု ပွားများလာသော် ကြမ်းတမ်းသောစကား၊ ပြိန်ဖျင်းသောစကား ပြောကြားမှု ပွားများလာ ကုန်၏။ ထိုကဲ့သို့ ပြောကြားမှု ပွားများကုန်သော် အဘိဇ္ဈာနှင့် ဗျာပါဒတို့ ပွားများလာကုန်၏။ ထို တရားနှစ်ပါး ပွားများလာကုန်သော် မိစ္ဆာဒိဋ္ဌိ ပွားများလာ၏။ မိစ္ဆာဒိဋ္ဌိ ပွားများလာသော် အဓမ္မရာဂ ဝိသမလောဘ မိစ္ဆာဓမ္မတို့ ပွားများလာကုန်၏။ ထိုတရားသုံးပါးတို့ ပွားများလာကုန်သော် မိဘရဟန်းပုဏ္ဏား အသက်အရွယ် ကြီးရင့်သူတို့ကို ပြုသင့်ပြုထိုက်သော တာဝန်ဝတ္တရားတို့ကို ကျေပွန်စွာ မပြုလုပ်သူများ တိုးပွားကုန်၏” လို့ ဒီဃနိကာယ် ပါထိကဝဂ္ဂ ပါဠိတော် စက္ကဝတ္တိ သုတ်တော်မှာ ဘုရားရှင်က ရဟန်းတို့အား မိန့်ကြားတော်မူခဲ့ပါတယ်။

အထက်ပါ စက္ကဝတ္တိသုတ်တော်ကို ခြုံငုံသုံးသပ် ကြည့်လိုက်မယ်ဆို ရင် ယနေ့အချိန်အခါ မိမိတို့ နိုင်ငံတော်ကြီး အတွင်းမှာ လူသတ်မှုများ၊ အလစ်သုတ်မှုများ၊ ခိုးဆိုးလုယက်မှုများ၊ လယ်ယာမြေများ အဓမ္မ အသိမ်းခံရလို့ ထွန်တုံးတိုက်ပွဲ ဝင်နေရင်း ထောင်ထဲအချုပ်ထဲ ရောက်သွားကြသော ကျေးဇူးရှင်ကြီးများ၊ အလုပ်လက်မဲ့ ဖြစ်နေသော ၆၀ ရာခိုင်နှုန်းသော လူငယ်လူရွယ်များ၊ စစ်ပွဲတွေကြောင့် ဒုက္ခအတိ ဖြစ်နေကြသော ပြည်သူပြည် သားများ၊ ဘဝဆည်းဆာ နေဝင်ချိန်မှာ တိရစ္ဆာန်တစ်ကောင်လို စွန့်ပစ်ခြင်းခံနေရတဲ့ သက်ကြီးရွယ်အိုများ၊ လူကုန်ကူးမှု ခံနေကြရသူများ၊ အမျိုးသမီး အမျိုးသား ပြည့်တန်ဆာများ၊ မုဒိမ်းမှုများ စတဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ အနိဋ္ဌာရုံတွေ များလာရခြင်းဟာ ဘယ်သူ့ကြောင့် ဘာကြောင့် ဖြစ်နေရတယ်ဆိုတာ ရှင်းလင်းလွယ်ကူစွာ သိမြင်နိုင်ပါတယ်။ ပြီးတော့ ဆင်းရဲမွဲတေမှုနှုန်းကို ကျဆင်းသွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်း ကိုလည်း သိမြင်နိုင်ပါတယ်။

ယနေ့ကမ္ဘာမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး တည်ငြိမ်အေးချမ်းနေတဲ့ နိုင်ငံတွေဟာ ထိုနိုင်ငံကို အုပ်ချုပ်သူအစိုးရက စက္ကဝတ္တိ သုတ်တော်လာ ကျင့်ဝတ်နဲ့အညီ အုပ်ချုပ်နေခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံများဟာ စက္ကဝတ္တိ သုတ်တော်လာ ကျင့်ဝတ်များကို မျက်ကွယ် ပြုထားတဲ့သူများ အုပ်ချုပ်နေခြင်းကြောင့် ဖြစ်တယ်ဆိုတာ အလွယ်တကူ လေ့လာသိရှိနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုကို ဘူဒိုဇာနဲ့ ထိုးဖျက်လို့ မရပါဘူး။ ပြစ်ဒဏ်ချမှတ်ခြင်းနဲ့ လျှော့ချလို့ မရပါဘူး။ ကျင့်ဝတ်နဲ့အညီ တရားသဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခြင်းကသာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ပါတယ်။ 


မိုးသု (မန္တလေး)
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...