တက္ကသိုလ် ၀ိညာဉ်များ နိုးထချိန် ရောက်ပြီ
သုတေသန တစ်ခုပြုလုပ်နေသော တက္ကသိုလ် ဆရာများ (ဓာတ်ပုံ −Nyo Nyo Aung Facebook)
ပရင်စတန် တက္ကသိုလ်သို့ အခြားကျောင်းသား များနှင့် မတူဘဲ အူလည်လည် ရောက်လာသော ကျောင်းသား တစ်ယောက် ဉာဏ်အလင်း ရသွားစေကာ အတွေး သစ်များဖြစ်ပေါ် စေခဲ့သည့် စကားကို ပါမောက္ခတစ်ဦး က ပြောကြားခဲ့သည်။
‘‘တက္ကသိုလ်တစ်ခုရဲ့ ၀ိညာဉ်ဆိုတာ သုတေသနပဲကွ။ တက္ကသိုလ် ကျောင်းသားဆိုတာ စာသင်ရုံနဲ့ တာဝန်မကျေဘူး။ သုတေသနလုပ်ရမယ်။ သုတေသနလုပ်ငန်းမှာ ဘာအရေးကြီးဆုံးလဲ။ မင်းတို့မှတ်ထား။ လွတ်လပ်တဲ့စိတ်ပဲကွ။ ဘယ်သူ့အလွှမ်းမိုးမှမခံတဲ့ ပညာကလွဲပြီး ဘာတစ်ခုကိုမှ အစွဲအလမ်း၊ အခုအခံမထားတဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်တဲ့ အကျင့်ပဲ။ ဒီအကျင့်ကို မင်းတို့ ပျိုးထောင်ယူရမယ်’’
၁၉၈၄ ခုနှစ်က အမေရိကန်နိုင်ငံရှိ ပရင်စတန် တက္ကသိုလ်တွင် ပြင်သစ်ပါမောက္ခ လက်ဖ်ရှပ်ဇ်က မောင်မယ် သစ်လွင် ကျောင်းသားများအား စုရုံး၍ မိန့်ခွန်းခြွေရာတွင် အထက်ပါစကားရပ်ကို ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ် သည်။
အဆိုပါစကားလုံးများက အခြားကျောင်းသားများနှင့်မတူ ကိုးရိုးကားရားနိုင်ပြီး နောင်တစ်ချိန် ၁၉၉၄ ခုနှစ်တွင် ဂိမ်းသီအိုဖြင့် ဘောဂဗေဒ ဆိုင်ရာနိုဗယ်ဆုရှင် ဖြစ်လာသော ‘‘ဂျွန်နက်ရှ်’’ကို အဓိကတွန်းအားပေးခဲ့သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများသာမက ဖွံ့ဖြိုးဆဲ အိမ်နီးချင်းနိုင်ငံများရှိ တက္ကသိုလ်များတွင် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဦးစားပေးဆောင်ရွက်နေကြပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး စသည့် နယ်ပယ်အသီးသီးတွင် တက္ကသိုလ်များ၏ သုတေသနတွေ့ရှိချက်များကို တန်ဖိုးထား အသုံးချလျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ် အသီးသီးတွင် အဘက်ဘက်က နိမ့်ကျခဲ့သော မြန်မာနိုင်ငံတွင်မူ ပညာရေးစနစ် ယိုယွင်းခဲ့ပြီးနောက် တက္ကသိုလ် များ၏ သုတေသနလုပ်ငန်းများလည်း မှေးမှိန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ အစိုးရသစ် လက်ထက်တွင် ပညာရေးအသုံးစရိတ်ကို ပိုမိုတိုးပေးလာသော်လည်း သုတေသနများအတွက် သိသိသာသာ တိုးမလာသေးပေ။
ထို့အပြင် တက္ကသိုလ်များတွင် သုတေသန၏ အရေးပါမှုကို ကျောင်းသားများမှစကာ ပညာရှင်အချို့အပြင် အစိုးရထိ တိုင် မသိသေးဘဲ မျက်ကွယ်ပြုနေခြင်း များစွာရှိသည်။ ထို့ကြောင့် ပညာရေးကဏ္ဍတွင် ရှေ့တန်းမှ ရှိနေသင့်သော သုတေသနလုပ်ငန်းများမှာ နောက်တန်းရောက်နေပြီး အခြားစိန်ခေါ်မှုများစွာလည်း ကြုံတွေ့နေသည်။
အာဏာရှင်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းနေလျက်ရှိပြီး ရာထူးတိုးသတ်မှတ်ချက်အတွက် ပါရဂူဘွဲ့ရရှိရန် သုတေသနကျမ်းပြုစုသော အလေ့အထ သာ ထွန်းကားခဲ့၊ ထွန်းကားနေဆဲဖြစ်သည်။
ပြည်တွင်းတက္ကသိုလ်ပညာရေးလောကတွင် ရေပန်းစားနေသော စကားပုံမှာ ‘‘မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ’’ ဟူ၍ဖြစ်သည်။
စစ်အစိုးရလက်ထက်က ပြည်တွင်းဖြစ် ပါရဂူဘွဲ့ရသူ အမြောက်အမြား မွေးထုတ်ပေးခဲ့ခြင်းကို သရော်ထားခြင်းဖြစ် သည်။
၂၀၁၂-၁၃ ပညာသင်နှစ်၊ ရန်ကုန်တက္ကသိုလ်တွင် ပါရဂူတန်းကျောင်းသားဝင်ခွင့်ဦးရေ ၁၁၄၂ ဦး ရှိနေသည်။ မြန်မာနိုင်ငံတွင် ပါရဂူဘွဲ့ရရှိသူဦးရေ များပြားနေရခြင်းအတွက် ခိုင်မာသော အကြောင်းပြချက်လည်း ရှိနေသည်။ တက္ကသိုလ်ဆရာ၊ ဆရာမများ အဆင့်မြင့်နေရာရာထူးတိုးအတွက် ပါရဂူဘွဲ့ရရှိထားရန် သတ်မှတ်ချက်ရှိနေခြင်းဖြစ် သည်။
ပြည်တွင်းတက္ကသိုလ်များက ပေးအပ်နေသော ပါရဂူဘွဲ့သင်တန်း အဓိကတက်ရောက်နေသည့် ပညာရေးဝန်ထမ်း များသည် လက်တွေ့အသုံးချမှုထက် ရာထူးတိုးမြှင့်ရေး လိုအပ်ချက်အတွက် တက်ရောက်နေကြခြင်းဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ဆိုသည်။
‘‘အများစုက ပါရဂူဖြစ်မှ တွဲဖက်ပါမောက္ခဖြစ်မယ်ဆိုလို့ ပါရဂူဘွဲ့ယူကြတာပါ။ တချို့ကျမ်းတွေက အသုံးပြုလို့ရ ပေမယ့် အများစုကတော့ ကျမ်းတွေကို အဖြစ်ပဲရေးကြတာပါ’’ဟု ဟင်္သာတက္ကသိုလ်မှ ဆရာမတစ်ဦးက ဆိုသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ရာထူးတိုးနှင့် နေရာအပြောင်းအရွှေ့ ဆောင်ရွက် ရာတွင် ပါရဂူဘွဲ့ရရှိရန် လိုအပ်ချက်ကို ဦးစားပေးသတ်မှတ်ခြင်းထက် လုပ်သက်၊ အရည်အချင်းနှင့် စွမ်းဆောင် ရည် ပေါ်မူတည်၍ တိုက်တွန်းတောင်းဆိုမှုများ ရှိနေသည်။
အစိုးရသစ် တက်လာပြီးနောက် ပညာရေးအသုံးစရိတ် အနည်းငယ်တိုးမြှင့်ခြင်းနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်မှု ချို့တဲ့နေဆဲ ဖြစ်သည်။
‘‘ပညာရေးအသုံးစရိတ်မှာ ၀န်ထမ်းလစာက အရမ်းများနေတယ်။ မူရင်းအသုံးစရိတ်ထဲမှာ သုတေသနအတွက် တစ်ပြားမှမပါဘူး။ သုတေသနအတွက် တင်ပြလာရင်တော့ ထုတ်ပေးလေ့ရှိတယ်။ နည်းတော့နည်းတယ်’’ဟု ပညာရေး ၀န်ကြီးဌာနအောက်ရှိ တက္ကသိုလ်စီမံဘဏ္ဍာဌာနမှ အရာရှိတစ်ဦးကပြောသည်။
ပညာရေးဝန်ကြီးဌာနသည် ကာကွယ်ရေးဝန်ကြီးဌာနပြီးလျှင် ၀န်ထမ်းပမာဏ အများဆုံးဖြစ်၍ ပညာရေး အသုံး စရိတ်ကို ၀န်ထမ်းများ၏ လစာအတွက် အဓိကအသုံးပြုနေရပြီး သုတေသနလုပ်ငန်းများကို ထောက်ပံ့မှုများ မပြုလုပ်နိုင်ခြင်း ဖြစ်သည်။
‘‘သုတေသနဆိုတာ ယဉ်ကျေးမှုတစ်ရပ်ပါပဲ။ သုတေသနပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးရမယ်။ တက္ကသိုလ် ဆရာ အနေနဲ့ ကိုယ့်ကိုယ်ကို သတ်မှတ်မယ်ဆိုရင် သုံးခုလုပ်ရတယ်။ သင်ကြားရေး၊ သုတေသနနဲ့ တွေ့ရှိချက် တွေကို ထုတ်ဝေတာပေါ့။ ဒီပေတံနဲ့မှ သတ်မှတ်ရမယ်။ အခု တက္ကသိုလ်ဆရာတွေရဲ့ တာဝန်မှာ အုပ်ချုပ်ရေးဖြစ် နေတယ်။ သုံးခုလုံးကို အပြည့်အ၀မလုပ်နိုင်ဘူး။ အုပ်ချုပ်ရေးတာဝန်တွေ များနေတယ်။ တက္ကသိုလ်တစ်ခုမှာ အကယ်ဒမစ်နဲ့ စီမံအုပ်ချုပ်ရေးပိုင်းကို ခွဲခြားတာဝန်သတ်မှတ်ဖို့ လိုအပ်နေပါတယ်’’ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါက်တာအောင်ထွန်းသက်ကပြောသည်။
‘‘ပြည်တွင်းက သုတေသနတွေက ဘွဲ့တစ်ခု မြန်မြန်ရရေးအတွက် လွယ်လွယ်ကူကူ အချက်အလက် ရနိုင်တာ တွေကို အသုံးချလို့ရတာဖြစ်ဖြစ်၊ မဖြစ်ဖြစ် ရေးတင်နေရတာပေါ့။ အချိန်ကာလ သတ်မှတ်ချက်နဲ့ သွားနေရတယ်။ သုတေသနဆိုတာက သေသေချာချာ အချက်အလက်စုဆောင်းပြီး သိပံ္ပနည်းကျ လက်တွေ့စမ်းသပ်ချက်တွေ အကြိမ်ကြိမ်လုပ်ရမှာလေ။ သုတေသနရန်ပုံငွေကလည်းမရှိ။ ကိုယ့်စရိတ်နဲ့ကိုယ်အိတ်စိုက် ဒီကြားထဲ မန္တလေး ကန်တော်ကြီးထဲက ငါးမျိုးရိုးဗီဇတွေ သုတေသနလုပ်တဲ့သူကို ကလေးတက္ကသိုလ်ကို အပြောင်းအရွှေ့ပို့တယ်။ မြစ်သာမြစ်ထဲ လိပ်သုတေသနလုပ်တဲ့သူတွေကို လားရှိုးပို့တယ်။ သုတေသနက ပျက်ရောပေါ့’’ဟု ပညာရေး ၀န်ကြီးဌာနမှ ပါရဂူဘွဲ့ရ တက္ကသိုလ်ဆရာမတစ်ဦးကပြောသည်။
ပြည်တွင်းတက္ကသိုလ်များသည် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးပြုသုတေသန၊ ဘာသာရပ် အကျိုးပြုသုတေသနနှင့် ဒေသအကျိုးပြု သုတေသနဟူ၍ ခွဲခြားသတ်မှတ်ပြီး ဆောင်ရွက်စေလျက်ရှိသည်။
‘‘တကယ်တမ်းကတော့ ဘာသာရပ်လောက်ပဲ အနည်းအကျဉ်း အထောက်အကူပြုကြပါတယ်။ ငွေကြေး အခြေ အနေကြောင့် အဖြစ်ပဲလုပ်ကြတယ်။ လက်တွေ့နည်းတယ်။ သီအိုရီပိုင်းများတယ်။ ခိုင်းလို့သာ လုပ်ကြရတာပါ’’ဟု ပညာရေးဝန်ကြီးဌာနမှ စီမံဘဏ္ဍာရေးအရာရှိကဆိုသည်။
ပြည်တွင်းတက္ကသိုလ်များတွင် ပါရဂူဘွဲ့အတွက် သုတေသနကျမ်းပြုစုသူများ ရင်ဆိုင်နေရသော အခြားအခက်အခဲ တစ်ခုမှာ မြန်မာစာမှလွဲ၍ အခြားဘာသာရပ်များအတွက် အင်္ဂလိပ်ဘာသာစကားဖြင့် ကျမ်းပြုစုရခြင်းဖြစ်သည်။
‘‘မြန်မာစာဌာနက လွဲလို့ပေါ့။ မြန်မာလို လက်မခံပါဘူး။ သုတေသနစာတမ်းအတွက် စာတမ်းဖတ်ရင်တောင် အင်္ဂလိပ်လိုပဲ ဖတ်ရတယ်။ အဲဒါလည်း သုတေသနကို အားနည်းစေတဲ့အချက်တစ်ချက်ပဲ။ ဘာသာဗေဒ အခက်အခဲပေါ့။ ကိုယ်ရထားတဲ့ သုတေသနရလဒ်ကောင်းတွေကို အသေအချာ မတင်ပြနိုင်တော့ဘူးလေ။ အငယ်တန်းတွေ ကတည်းက အင်္ဂလိပ်စာအားနည်းခဲ့ကြတာပေါ့’’ဟု တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ဆရာမတစ်ဦးကပြောသည်။
သုတေသနကျမ်းအတွက် အခက်အခဲအမျိုးမျိုးနှင့် စိန်ခေါ်မှုများဖြတ်ကျော်၍ ပြည်တွင်းတက္ကသိုလ်ဖြစ် ပါရဂူဘွဲ့ရခဲ့ သူများသည် ၎င်းတို့၏အားထုတ်ခဲ့မှုအတွက် အကျိုးရလဒ်ဖြစ်ပေါ်ရန် မျှော်လင့်ချက်နည်းပါးလျက်ရှိသည်။
‘‘ကျွန်မရဲ့သုတေသနဆိုရင် ပုစွန်မွေးမြူရေးအတွက် အထောက်အကူပြုနိုင်တယ်။ ဒါပေမဲ့ အဆက်အသွယ် မရှိဘူးလေ။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်မှုမရှိလို့ပါ။ ထုတ်ဝေတာလည်း မလုပ်ဘူးလေ။ ကျွန်မရဲ့ ကျမ်းက မန္တလေးတက္ကသိုလ်စာကြည့်တိုက်ထဲမှာ အဆုံးသတ်သွားပါပြီ’’ဟု အထက်ပါဆရာမကဆိုသည်။
ပညာရေးဝန်ထမ်းမဟုတ်ဘဲ မျက်စိလည်၊ လမ်းမှား၍ ပါရဂူဘွဲ့သင်တန်း တက်ရောက်သူများတွင် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရသော အချိန်နှင့် ငွေကြေးတို့အတွက် ထိုက်တန်သော အကျိုးရလဒ်မရရှိသူများလည်း ရှိနေသည်။
‘‘ကိုယ့်အသက်ရဲ့ ထက်ဝက်လောက်ကို ပညာရေးအတွက် အသုံးပြုခဲ့ရတယ်။ လျှောက်ပြီးသားလမ်းက ပြန်လှည့် လို့လည်း မရတော့ဘူးလေ။ ကျမ်းပြုစုခဲ့တာတွေကလည်း ၀န်ထမ်းမဟုတ်တော့ မသုံးရဘူး။ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရပြီး အသုံးချဖို့ အခွင့်အလမ်းက မရှိဘူးဖြစ်နေတယ်။ တက္ကသိုလ်ဆရာအလုပ်ခေါ်ရင် လစာက ကိုးသောင်းနဲ့ နယ်သွားရတယ်။ အခုတော့ ကျူရှင်ပဲပြနေပါတယ်’’ဟု ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒ ဘာသာ ရပ်ဖြင့် ပါရဂူဘွဲ့ရရှိထားသော အသက်(၃၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
ပြည်တွင်းတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိထားသူများ၏ သုတေသနကျမ်းများသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ စိတ်ဝင်စားမှုနှင့် သက်ဆိုင်သော နယ်ပယ်များဖြစ်နေပါက ဘဏ္ဍာငွေအထောက်အပံ့နှင့် အလုပ်အကိုင်အတွက် အခွင့်အလမ်းကောင်း ရရှိနိုင်သည်။
များသောအားဖြင့် ပါရဂူဘွဲ့ရသူများ၏ သုတေသနကျမ်းများသည် ၀န်ကြီးဌာနရည်ရွယ်ချက်ဖြစ်သော နိုင်ငံ့အကျိုး၊ ဘာသာရပ်အကျိုးနှင့် ဒေသအကျိုးအတွက် သက်ရောက်မှုနည်းပါးနေခြင်းမှာ သိသာထင်ရှားနေသည်။
စစ်အစိုးရအုပ်ချုပ်မှု လွန်မြောက်ခဲ့ပြီး အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်ရောက်နေသော ပြည်တွင်း တက္ကသိုလ် များသည် ဗဟိုချုပ်ကိုင်မှုဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး အသုံးစရိတ်အတွက် အစိုးရ၏ထောက်ပံ့မှုကို အပြည့်အ၀မှီခိုနေရဆဲ ဖြစ်သည်။
ဝန်ကြီးဌာန ထိန်းကွပ်မှုဖြင့် အထောက်အပံ့ခံရပ်တည်နေရသော တက္ကသိုလ်များအနေဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး မျှော်လင့်ချက်မှာ မှေးမှိန်နေဆဲဖြစ်သည်။ သက်ဆိုင်ရာတက္ကသိုလ်များ၏ ကျွမ်းကျင်မှုနှင့် တည်ရှိရာဒေသအလိုက် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သုတေသန လုပ်ငန်းများ လွတ်လပ်စွာဆောင်ရွက်နိုင်ရေး အခွင့်အလမ်းတိုးမြှင့်ပေးရန် လိုအပ်နေသည်။
‘‘တက္ကသိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ဆက်ဆံရေးမရှိတော့ ရန်ပုံငွေထောက်ပံ့တာလည်းမရှိဘူး။ တက္ကသိုလ်က သုတေသနစာတမ်းတွေကို သုံးမယ့်သူလည်း မရှိတော့ဘူး။ အဲဒီတော့ ဘယ်သူက ကောင်းအောင် လုပ်မလဲပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သုတေသနလုပ်ငန်းတွေ တကယ်အသုံးပြုနိုင်ရင် ၀ယ်ယူမှာပါပဲ။ ခက်တာက တက္ကသိုလ်တွေက သုတေသနစာတမ်းတွေကို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ဘယ်သူမှမဖတ်ဘူး ဖြစ်နေတာပါပဲ’’ဟု မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းကပြောသည်။
ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတအကြား သဘောထားကွဲလွဲမှုကြောင့် အတည်ပြု လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော အမျိုးသားပညာရေးဥပဒေတွင် တက္ကသိုလ်များအား လွတ်လပ်သော ကိုယ်ပိုင် စီမံခန့်ခွဲမှုဖြင့် ရပ်တည်ရေးအတွက် အခြေခံမူချမှတ်ထားသည်။
တစ်ချိန်က နာမည်ကြီးတက္ကသိုလ်များဖြစ်ခဲ့သော ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တို့သည် လက်ရှိအချိန်တွင် အခြားတက္ကသိုလ်များထက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိနေသည်။
အထက်ပါ အမျိုးသားပညာရေးဥပဒေ၏ ပညာရေးရည်မှန်းချက်များတွင် သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေးမြင့်မားစေရန်နှင့် ပညာရေးစနစ်တွင် အဆင့်မြင့်ပညာရေး အကောင်အထည် ဖော်မည့် ကျောင်းများအနေဖြင့် သုတေသနနှင့်ပညာရပ်ဖွံ့ဖြိုးမှုကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် လာမည့်ပညာသင်နှစ်များအတွင်း လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရရှိလာပါက တက္ကသိုလ်များတွင် တက္ကသိုလ်သုတေသနလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရန် ပညာရေးအသိုင်းအ၀ိုင်းမှ မျှော်လင့်နေသည်။
ပရင်စတန်တက္ကသိုလ်မှ ပြင်သစ်ပါမောက္ခလက်ဖ်ရှပ်ဇ် လွန်ခဲ့သော နှစ် ၃၀ က ပြောခဲ့သောစကားနှင့် ပြောရလျှင် တက္ကသိုလ်တစ်ခု၏၀ိညာဉ်မှာ သုတေသနဆိုလျှင် မြန်မာပြည်ရှိ တက္ကသိုလ်အများစု ၀ိညာဉ်ပျောက်ဆုံးနေဆဲ ဖြစ်သည်။

7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook