Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
အမျိုးသမီးက ဆီးအောင့်နေလို့ပါ။ ဆီးလဲ မထိန်းနိုင် ဖြစ်တယ်ဆရာ။ အဲ့ဒါ ဘာဆေးသောက် ရမလဲ။ နောက်ဆို မဖြစ်အောင် ဘယ်လို ဆင်ခြင် နေထိုင်သင့်လဲ သိချင်လို့ပါ ဆရာ။
မင်္ဂလာဆောင်ပြီး၊ တချို့က ခရီးထွက်တယ်။ တချို့လဲ ခွင့်ယူ၊ အလုပ်နား၊ ပျော်ပါးကြပါတယ်။ (ဟန်းနီးမွန်း) ဆိုတာ တသက်မှာတခါ ပျော်ကြ ရတဲ့ နေ့ ဖြစ်တယ်။ တချို့ကြ အခါခါ။ ပျော်ရတာနဲ့ တဆက်ထဲ ငိုရတာလဲ တွဲတတ်တယ်။ ငိုရမဲ့ အကြောင်းတွေထဲမှာ ဆရာဝန်နဲ့ ဆိုင်မှာက ဆီးအောင့်တာ ဖြစ်တယ်။ အဖြစ်များလှတယ်။
ခင်ပွန်းသည်နဲ့ လိင်ဆက်ဆံရာကနေ ဖြစ်လာတယ်။ ယောက်ျားရဲ့ လိင်တံ၊ တံတွေး၊ လက်ချောင်း၊ ဆက်ဆံရာမှာ သုံးတဲ့ ကရိယာ ပစ္စည်းတွေကနေ ရောဂါပိုး ဝင်နိုင်တယ်။ (ကွန်ဒွမ်)၊ ချောဆီ၊ ထုံဆေး၊ သုတ်ပိုးသေဆေး တွေကတော့ ဆေးမတည့်တာသာ ဖြစ်စေနိုင်တယ်။ ပိုဆိုးမှာက ဆက်ဆံတဲ့အခါ စအိုရော (ဗဂျိုင်းနား) ရောသုံးလို့ ဖြစ်ရပါတယ်။ အဆိုးထဲက အကောင်း ပြောရရင် ဒီအမျိုးသမီး အရင်က ယောက်ျားနဲ့ မနေဘူးခဲ့တာ ဖြစ်ဘို့များ တယ်။
သတို့သမီးကိုယ်တိုင် တရားခံ ဖြစ်နိုင်သေးတယ်။ မ-အင်္ဂါကို ရေဆေးရင်းနဲ့ လက်ကို ရှေ့ပြန်-နောက်ပြန် လုပ်တာ ကနေ ဖြစ်စေနိုင်တယ်။ အဲလို မလုပ်ရဘူး။ လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွား လုပ်ပါလေ။ အိမ်ထောင် ကျကာစမှ မဟုတ်ဘူး၊ နောင်လဲဘဲ ဆီးအောင့်တာ ထပ်ထပ်ဖြစ်နိုင်သေးလို့ ဒီနည်းကိုသာ သုံးပါ။
တရားခံအစစ်က ဗက်တီးရီးယား၊ နာမည်တပ် ပြောရရင် E. coli ဆိုတဲ့ အကောင်ဖြစ်တယ်။ ပိုးဝင်လာပြီး၊ ၁-၂ ရက်ဆိုရင် လက္ခဏာတွေ ပြတယ်။ ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်။ ဆီးခဏခဏလဲ သွားချင်နေမယ်၊ သွားချင်လာရင်လဲ Bathroom ရေချိုးခန်း တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာ ထွက်မယ်။ ကြာတော့ ဆီးကထွက်စရာ မရှိတော့ဘူး။ ဆီးထဲမှာ အနယ်ပါနေမယ်။ အနံ့လဲ ဆိုးလာမယ်။ တခါတလေ ဆီးထဲမှာ သွေးပါမယ်။
အဝတ်ကို ရေခပ်နွေးနွေး ဆွတ်ပြီး နာနေတဲ့ ဆီးစပ်နေရာမှာ အုပ်ပေးပါ။ အတူမနေခင်နဲ့ နေပြီးတိုင်း ဆီးသွားပေး ပါ။ ရေ-အရည် အများကြီးသောက်ပါ။ Cranberry juice ဖျော်ရည်ကို ညွှန်းတယ်။ ကိုယ့်ဆီမှာရှိတဲ့ လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည် ကောင်းပါတယ်။ အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ် များစေလို့ လျှော့ရ-ရှောင်ရမယ်။
ဆီးလမ်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေ
• Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Amoxacilin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက် သောက်ပါ။
• ပိုးသေဆေးတွေကို ဖြစ်မှမဟုတ်ဘဲ ကြိုတင် ကာကွယ်တဲ့အနေနဲ့ သောက်နိုင်ပါတယ်။
• နာတာသက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ဆီး အက်စစ်ဓါတ် များနေရင် ပိုးက ကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် နည်းအောင် ရေအများကြီး သောက် တာအပြင် Cystopurin (Potassium citrate) ဆေးပါသောက် သင့်တယ်။
• လေနာအတွက်ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်းကိုလဲ ဖတ်ပါ။
• ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးအတင်းသွားစေတဲ့ ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။ Lasix လို Diuretic ဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုး တာတွေမှာသာ သုံးရတာ ဖြစ်တယ်။ ဒီရောဂါမှာ မသောက်ရပါ။ ပိုဆိုးစေတယ်။
ဆီးအောင့်လို့ သောက်ရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက သိပ်ဆိုးတာတွေတော့ မဟုတ်ပါ။ သောက်ဖူး လို့ ဘေးထွက်ဆိုးကျိုး ခံနိုင်ရင် သောက်တာ သောက်ပါ။ လူတိုင်းမှာ ဖြစ်ကြတာ မဟုတ်ပါ။ လူတွေအများကြီးကို သုတေသန လုပ်ထားတာမို့ များနေတာပါ။
• Co-trimoxazole = Septrin (Trimethoprim + Sulfamethoxazole) ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အနီပြင်ထွက်၊ ဝမ်းပျက်၊ ပျို့-အန်၊ မှိုပိုးဝင်တတ်၊ ပိုတက်ဆီယမ်များစေ၊ ဆိုဒီယမ်နည်းစေ၊ သကြားဓါတ်နည်းစေ၊ အစားပျက်၊ လျှာနာ၊ ခေါင်းမူး၊ စိတ်ကျ၊ ချောင်းဆိုး၊ ကြွက်သားနာ၊ တက်၊ ကျောက်ကပ်-အသဲထိခိုက်၊ အရေပြား အဖူးပေါက်၊
• Nitrofurantoin ရဲ့ဘေးထွက်ဆိုးကျိုးများ = ဝမ်းအရည်သွား၊ အသက်ရှူမဝ၊ ရင်ပတ်အောင့်၊ ကိုယ်ပူ၊ ကိုက်ခဲ၊ ပိန်၊ ခြေဖျား လက်ဖျားထုံ၊ အသားဝါ၊ အစားပျက်၊ ဆီးနီ၊ ဗိုက်နာ၊ အားနဲ၊ အရေပြားနီ-ဖြူ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ အစာမကျေ၊ အန်၊ ဝမ်းပျက်၊ ဆီးနီ၊ မွေးလမ်းကြောင်းယား၊ အဖြူဆင်း၊
• Doxycycline ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ အရေပြားနီ၊ ဆီးနဲ၊ အသားအရေ ဖြူဖျော့၊ အားယုတ်၊ ဗိုက်နာ၊ ပျို့-အန်၊ အစားပျက်၊ အသားဝါ၊ သွေးယို၊ လျှာနာ၊
• Amoxacilin ရဲ့ဘေးထွက်ဆိုးကျိုးများ = အရေပြား အနီပြင်ထွက်၊ ယား၊ အသက်ရှူခက်၊ ဆီးနီ၊ တက်၊ ဝမ်း အရည်သွား၊ ဆီးသွားရခက်၊ သွေးယို၊ အားယုတ်၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အိပ်မရ။
Dr. တင့်ဆွေ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) Adenomyosis သားအိမ် အတွင်းဆုံးလွှာ ရောဂါတမျိုး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ