Hydrocele မုတ်ရောဂါ
ဆေးအင်္ဂလိပ်စာမှာ ‘ဟိုက်ဒရိုဆီးလ်’ ခေါ်တယ်။ Processus vaginalis နဲ့ Patent processus vaginalis လို့ အခေါ်မျိုး ထပ်ရှိသေးသလို မြန်မာလိုလဲ ‘မုတ်ရောဂါ’၊ ‘မုတ္တရောဂါ’၊ (ကန်တော့ပါ) ‘ဘောကြီတာ’ လို့လဲ ခေါ်ကြတယ်။
အဖြစ် အတော်များပါတယ်။ မွေးကလေးတွေမှာလဲ မနည်းလှပါ။ ကျွန်တော့် လက်ရှိဆေးခန်းလေး တခုမှာ တတ်သိပညာ မနေသာ ဆိုသလို ခွဲစိတ်တာလေးတွေ တတ်အားသမျှ လုပ်ပေးပြီး (ကြွားချင်ချင်လဲ ရှိတာမို့) ‘ဘလော့ခ်’ နဲ့ ‘ဖေ့စ်ဘွတ်’ မှာ ပုံလေးတွေ တင်ပါတယ်။ ခွဲစိတ်ခန်း ဝတ်စုံနဲ့ ခွဲနေတဲ့ ပုံတွေ့တိုင်း အထင်တော် မကြီးကြပါနဲ့ ဆရာဝန်တိုင်း လက်တွေ့ခွဲတာ စိတ်တာ လုပ်ရရင် ဒီရောဂါနဲ့ စကြရတာများတယ်။ ဒီရောဂါနဲ့ ‘ဖိုင်မိုးဆစ်’ ခေါ်တဲ့ ပန်းငုံတာ နှစ်မျိုးက ခွဲရတာလွယ်လို့ဖြစ်တယ်။ နောက်ဆက်တွဲ ဖြစ်စရာတွေကလဲ စိုးရိမ်စရာနည်းတယ်။
ယောက်ျားအစိ ခေါ်တဲ့ တက်စတိစ် ဟာ သန္ဓေသားဘဝတုံးက ဝမ်းဗိုက်ထဲမှာစဖြစ်လာပြီး မွေးကာနီးမှ ကပ်ပယ် အိတ်ခေါ် ‘ဆခရိုတမ်’ ထဲ ဆင်းလာတယ်။ ဆင်းလမ်းပိတ်မသွားရင် အရည်အောင်းတာဖြစ်လာလို့ မုတ်ရောဂါ ဖြစ်စေတယ်။ ‘ဟိုက်ဒရို’ ဆိုတာက ရေ ဖြစ်ပြီး ‘ဆီးလ်’ ဆိုတာက အိတ်။ ရေအိတ်လို့ ပြောတာပါ။ အူကျတာနဲ့လဲ တချို့မှာ တွဲဖြစ်သေးတယ်။ ကလေးငယ်လေးတွေမှာဖြစ်ရင် မစိုးရိမ်ပါနဲ့ အလိုလိုပျောက်ပါမယ်။
အသက်ရလာမှ ဖြစ်တာမျိုးက ကျားအစိကိုဖုံးပေးထားတဲ့အိတ်ထဲမှာ ရှိနေရမဲ့ အရည်ပါးပါးလေးက ရှိသင့်တာထက် များမျာလာလို့ဖြစ်တယ်။ ဘာလို့ အဲလိုများလာလဲ မပြောတတ်ပါ။ ကျးအစေ့ နဲ့ အကြောရောင်ရမ်းရာကနေလဲ အရည်များပြီး ဆက်ဖြစ်နိုင်တယ်။
အမှောင်ခန်းထဲမှာ မီးပုလွေလို ပိုက်လေးတဖက်ကနေ ကြီးနေတဲ့မုတ်ကိုထောက်ထားပြီး မုတ်တဖက်ကနေ လက်နှိပ်မီး အလင်းရောင်ထိုးထားရင် အလင်းကိုကောင်းကောင်းမြင်နိုင်တယ်။ အရည်ကကြည်နေလို့ပါ။ မကြည် ရင်တော့ တမျိုး ဖြစ်နေလို့ဖြစ်နိုင်တယ်။ ဆန်ဆေးရည်လိုလို၊ နွားနို့ရောင်လိုလို နောက်နေမယ်။ အလင်းရောင် ဖြတ်သန်း ဘို့ခက်တယ်။ ကင်ဆာဆို အဲလိုနေမယ်။ နောက်ပြီး Wuchereria bancrofti or Brugia malayi ပိုးကနေဖြစ်ပြီး ခြင်ကတဆင့်ကူးတဲ့ ဆင်ခြေထောက်လိုရောဂါဖြစ်ရင်လဲ အဲလိုဘဲ။
ဖြစ်နေရင် အရွယ်အစားကြီးနေမယ်။ မနာဘူး။ အစိပါလိုက်ကြီးနေမယ်။ တဖက်ထဲရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ လူကို ဘာမှ အန္တရာယ်မပေးပါ။ ကြီးနေလို့ အနေရခက်မယ်။ သူများတွေက ပြောင်လှောင်မယ်။ အဝတ်အစား ခက်မယ်။ အုန်းသီး လောက်ကြီးလဲ မခွဲဘဲနေနိုင်ပါမယ်။
မြန်မာပြည်မှာ အတော်အဖြစ်များတယ်။ ကျွန်တော် အထဲမှာနေရတုံးက ဒီရောဂါလူနာပေါင်း ဘယ်နှစ်ယောက်ခွဲခဲ့ ရသလဲ ရေတွက်မထားပါ။ ရာဂဏန်းရှိနိုင်တယ်။ ဆေးရုံမှာ ဆရာဝန် ဘာခွဲတာလဲ စပ်စုကြလို့ ဒီရောဂါကို ခဏခဏ ခွဲရဖန် များတာလဲသိလို့ ထပ်ပြီး ကန်တော့လိုပြောပါရစေ၊ ‘လဥဆရာ’ တဲ့။ “လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ” ဆိုတဲ့ အသုံးကိုယူပြီး ပြောကြတာပေါ့။
Hydrocele repair ပြုပြင်နည်းမှာ မခွဲတဲ့နည်း နဲ့ ခွဲနည်းရှိတယ်။ အမှန်က ခွဲမှသာ ပျောက်ပါမယ်။ မခွဲတဲ့နည်းတွေ စမ်းခဲ့ကြတယ်။ စုပ်ထုတ်တာ။ ခဏဘဲ ထပ်ပြီး ကြီးလာမယ်။ စုပ်ထုတ်ပြီး ဆေးတမျိုးမျိုး ဥပမာ အိုင်အိုဒင်းဆေး ထိုးထည့်ပေးနည်။ အရွယ်အစားမကြီးရင် ရတယ်။ ကြီးနေတာဆိုရင် ခွဲမှသာပျောက်တယ်။
ခွဲနည်းကို Hydrocelectomy ခေါ်တဲ့ အရည်ထွက်ရာပင်ရင်း အိတ်ကို ဖြတ်ထုတ်နည်းသုံးတယ်။ မသမားရိုးကျ နည်းက အရည်တွေကိုထွက်စေပြီး အရည်အိတ်ကို ပြောင်းပြန်လှန်ချုပ်ပေးတယ်။ အရည်ထွက်ရာ မျက်နှာပြင်က အပြင်မှာမို့ အရည်အောင်းစရာ အိတ်ရယ်လို့မရှိတော့ဘဲ ထွက်သမျှကို စုပ်ယူနေလို့ ထပ်မဖြစ်တော့ပါ။ အဲတာကို Radical cure အပြီးအပိုင်ကုသနည်းလို့ ခေါ်လေ့ရှိတယ်။ ခွဲစိတ်နည်းရဲ့ ပင်ရင်းနာမည်က ခပ်ဆန်းဆန်းမို့ စာမေးပွဲ အတွက်သာ မှတ်ထားရတယ်။ Jaboulay procedure ကို ‘ဂျပိုးလေး’ လို့သာ ပြောင်ခေါ်ကြတယ်။
စာအစမှာရေးခဲ့သလို မြန်မာပြည်မှာ အဖြစ်များတယ်ဆိုပေမဲ့ အိန္ဒိယကိုရောက်နေတဲ့ မြန်မာပြည်ကလူတွေထဲမှာ ချင်းပြည်နယ်ကလာသူက ၉ဝ% ရှိတယ်။ သူတို့အထဲမှာတော့ မြန်မာပြည်ထဲကလူတွေလောက် အဖြစ်မများတာ သတိထားမိတယ်။ ချင်းကလေးတွေမှာ အဖြစ်အများဆုံးက Phimosis ပန်းငုံတာ။ ဗမာတွေထက် နှစ်ဆမက များတာ တွေ့ရတယ်။ ခပ်ဆန်းဆန်းဘဲ၊ ချင်းမွေးကာစ မိန်းကလေးတွေ Imperforate hymen ဗဂျိုင်းနား အပေါက် မပါတာလဲ ဒီမှာ များများတွေ့တယ်။
ဒါကြောင့် ဘယ်အရာကိုဖြစ်ဖြစ် ကောက်ချက်ချတာ စိတ်မစောသင့်ပါ။ ကိုယ့်ရှေ့မှာ တွေ့တာတခုထဲကြည့်ပြီး ဒါက ဒီလိုဆိုလိုက်ရင် မမှန်ဘူး။ တခြားနေရာမှာ ဒါကဟိုလိုဖြစ်နေနိုင်တယ်။ အတွေ့အကြုံများလေလေ ကောင်းလေလေ။ ဒေါင်စုံကကြည့်နိုင်လေလေ အမှန်နဲ့ နီးစပ်လေ။ ပညာစုံ ကုံလုံပြည့်ဝကြပါစေ။
1. Hernia အူကျ-မကျ သိပါရစေ http://dts-medicaleducation.blogspot.com/2010/08/hernia.html
2. Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/phimosis-and-circumcision.html
3. Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/epididymitis-and-orchitis.html
4. Varicose veins သွေးပြန်ကြောထုံးခြင်း http://dts-medicaleducation.blogspot.com/2010/06/varicose-veins_04.html
ဒေါက်တာတင့်ဆွေ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook