အမေရိကန် သမ္မတ၏ သံကွန်ချာထဲ ၀င်ကြည့်ခြင်း
By ဟိန်းထက်
အမေရိကန် သမ္မတ ဘားရတ်အိုဘားမား တစ်ယောက် သမ္မတ လုံခြုံရေးကွန်ချာထဲက ထွက်ပြီး သာမန် လူတစ်ယောက်လို သွားလာ ခွင့်ရဖို့ မကြာမကြာ ညည်းတွားလေ့ရှိသည်။ မစ္စတာအိုဘားမား ဘာကြောင့် ညည်းတွားနေလဲကို သံကွန်ချာထဲ တစ်ရက်လောက် ၀င်ကြည့်ပြီး သွားသည့်နောက် စာရေးသူလည်း ကိုယ်ချင်း စာမိသွားသည်။
သောကြာနေ့က မစ္စတာ အိုဘားမားနှင့် (၁၄)နှစ်အရွယ် သမီးငယ် ဆာဟာတို့ နယူးယောက်မြို့ ကတ္တရာလမ်းတွေပေါ် လမ်းလျှောက် ထွက်ခဲ့ကြသည်။ သမီးဖြစ်သူ ပခုံးကို အသာပုတ်ပြီး မန်ဟတ်တန်ဘက်ကို မစ္စတာအိုဘားမား လက်ညှိုး ထိုးပြသည်။ သမီးဖြစ်သူအား ဖခင်က ကမ္ဘာကြီးကို ညွှန်ပြသည်။
သားအဖ နှစ်ယောက်သား နယူးယောက်မြို့ကြီးက လေဆိပ်တစ်ခုကို Air Force One လေယာဉ်ကြီးနဲ့ လာကြသည်။ လေယာဉ်ကွင်းကနေ သားအဖ နှစ်ယောက်သား Marine ရဟတ်ယာဉ်နဲ့ မန်ဟတ်တန်ကို ရောက်ကြသည်။
သမ္မတ အိုဘားမားသွားမည့် နယူးယောက် လမ်းတွေကို ပိတ်ထားသည်။ သမ္မတ ကားတန်းသည် မီးနီ(၂၆)ပွိုင့်ကို ဖြတ်မောင်းသည်။ လမ်းတစ်ဖက်တစ်ချက်တွင် နယူးယောက်မြို့ခံများက ဝှေ့ရမ်း နှုတ်ဆက်နေကြသည်။ နယူးယောက်မြို့ထဲသို့ ရောက်သော်လည်း မစ္စတာအိုဘားမား တစ်ယောက် နယူးယောက် မြို့သားတွေနဲ့ ထိတွေ့ခွင့် မရလိုက်။ နယူးယောက် အငွေ့အသက် ထွေးပိုက်ခွင့် မရလိုက်။ သမ္မတတစ်ယောက် အနေဖြင့် ဘယ်နေရာသွားသွား လုံခြုံရေးသံကွန်ချာ (လုံခြုံရေးပူဖောင်းဟုလည်း ဆိုကြသည်) အုပ်ပြီး သွားနေရသည်။ လုံခြုံရေး စနစ်တကျ ချိတ်ဆက် စီမံထားသော လေယာဉ်၊ ရဟတ်ယာဉ်၊ ကားများပေါ် လိုက်စီးကာ လုံခြုံရေး စနစ်တကျ ကြိုစီစဉ်ထားသော နေရာများကိုသာ သွားလာရသည်။
ကွန်ချာသည် လုံခြုံမှုပေး၏။ သို့သော် အချုပ်အနှောင် သဘောလည်း သက်ရောက်၏။ သမ္မတ အာဏာသည်ပင် အခြားနေရာများမှာ အသုံးဝင်မည် ဖြစ်သော်လည်း ကွန်ချာပြင်ထွက်ပြီး လုပ်ချင်ရာတော့ လုပ်ပိုင်ခွင့်မရှိ။ ထို့အတွက်ကြောင့်ပင် မစ္စတာ အိုဘားမားသည် သူ့ဖခင် မွေးရပ်ဇာတိ ကင်ညာကို သွားမည့်ခရီးစဉ်တွင် အမေရိကန် သမ္မတ တစ်ယောက် အနေဖြင့်ထက် သာမန်အရပ်သား တစ်ယောက် အနေဖြင့် တတ်နိုင်သမျှ ခရီးသွားချင်ဟုပင် ထုတ်ဖော် ညည်းတွားခဲ့ရရှာသည်။ တတ်နိုင်သမျှ လုံခြုံရေး အကန့်အသတ် နည်းနည်းဖြင့် ကင်ညာမှာ နေချင်သည်ဟု ဆိုသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကင်ညာ ခရီးစဉ်ဟာ ကျွန်တော့်အဖို့တော့ သာမန် အရပ်သားတစ်ယောက် အနေနဲ့ သွားရမှပဲ ပိုအဓိပ္ပာယ် ပြည့်စုံပါလိမ့်မယ်” ဟု မစ္စတာ အိုဘားမားက ဆိုသည်။
မည်သို့ပင် ညည်းညည်း နောက်(၁၈) လတော့ ကွန်ချာထဲမှာ မစ္စတာ အိုဘားမား နေရလိမ့်ဦးမည်။ သမ္မတ စီးတော်ယာဉ် Beast ကားသည် သမ္မတကို အန္တရာယ် မျိုးစုံမှ အကာအကွယ်ပေး၏။ သို့သော် Beast အထဲ ၀င်ပြီး မှန်ပိတ်ထားသော သမ္မတသည် ကွန်ချာထဲ ရောက်သည့်နှယ်သာ ဖြစ်၏။ ကားသည် ကျည်ဒဏ်၊ ဓာတု လက်နက် တိုက်ခိုက်ခြင်း ဒဏ်ပါ ခံနိုင်ရည် ရှိသည်။
သမ္မတစီး Boeing 747 အမျိုးအစား Air Force One လေယာဉ်သည် ပျံသန်းနေချိန်တွင် လုပ်ငန်းဆောင်တာ အ၀၀ အတွက် တစ်နာရီ ဒေါ်လာ(၁၈၀၀၀၀) လောက် ကုန်ကျသည်။ လေယာဉ်သည် လေထဲမှာပင် ဆီဖြည့်နိုင်သည်။ လေယာဉ်ပေါ်တွင် တပ်ဆင်ထားသော အီလက် ထရောနစ် ကိရိယာများသည် လူသားတို့ နည်းလမ်းဖြင့် အီလက်ထရောနစ် မုန်တိုင်းဆင် တိုက်ခိုက်ခြင်း အမျိုးမျိုးကို ခံနိုင်ရုံ သာမက နေပေါက်ကွဲခြင်းများမှ ထွက်လာသော လျှပ်စစ်သံလိုက် လှိုင်းဒဏ်များကိုပါ ခံနိုင်အောင် ဖန်တီးထားသည်။
လေယာဉ်ပေါ်တွင် မစ္စတာအိုဘားမား အတွက် သီးသန့်ခန်း ရှိသည်။ ရုံးခန်းနှင့် အစည်းအဝေးခန်းလည်း ရှိသည်။ သမ္မတ အနေဖြင့် လေယာဉ်ပေါ်ကနေပင် နိုင်ငံ၏ လျှို့ဝှက်မှတ်တမ်း မှတ်ရာများကိုပါ ကြည့်ရှုနိုင်သည်။ လေထဲတွင် ရှိနေစဉ် အမေရိကန် မြေတိုက်ခိုက်ခံရခြင်း သို့မဟုတ် သဘာဝ ဘေးဒဏ်တစ်ခုခု ကျရောက်ခြင်းမျိုး ကြုံရပါက လေယာဉ်ပေါ်ကနေပင် စစ်ဘက်ဆိုင်ရာ အကြီးအကဲများထံ တိုက်ရိုက်ဆက်သွယ် ညွှန်ကြားနိုင်သည်။
ဗြိတိသျှတွေမှာ ဆိုရိုးစကား တစ်ခွန်း ရှိသည်။ “ဘုရင်မကြီး ရောက်လေရာ ဆေးရောင် အသစ်ချည်းသာ”ဟူသော စကား ဖြစ်၏။ ဘုရင်မကြီး ကြွချီမည့် နေရာတိုင်းကို ဆေးသစ်သုတ်ကာ တောက်ပြောင် သားနားအောင် ဖန်တီးထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အမေရိကန် သမ္မတသည်လည်း တော်ဝင်များနှင့် မခြား ဆက်ဆံခံရသည်သာ ဖြစ်သည်။
Air Force One ပေါ် မည်သည့် အခါတက်တက် လယ်သာသားရေ အကောင်းစား အနံ့က လွင့်ပျံ့လို့ လာလိမ့်မည်။ ထိုင်ခုံတွေက ကျယ်ကျယ်ဝင့်ဝင့် ရှိသည်။ သမ္မတ ခရီးသွားလျှင် လေယာဉ်ပေါ်မှာ သတင်းထောက် အဖွဲ့လည်း ပါရသည်။ အရေးတကြီး အခြေအနေမျိုးမှာ ချက်ချင်း သတင်း ထုတ်လွှင့်နိုင်ရန် ဖြစ်သည်။ ဥပမာ သမ္မတ လုပ်ကြံခံရခြင်း ကိစ္စမျိုး ဖြစ်သည်။
စာရေးသူသည်လည်း သတင်းအဖွဲ့ဝင် တစ်ဦးအဖြစ် သမ္မတ၏ လုံခြုံရေး ကွန်ချာထဲဝင်ကာ လိုက်ပါခဲ့ရဖူးသည်။ Air Force One ပေါ် စာရေးသူတို့ ထိုင်လိုက်ပြီးနောက် လေယာဉ်ဝန်ထမ်းက ပ၀ါဖြူ ကမ်းကာ သစ်သီးခြင်း လှမ်းပေးသည်။ စပျစ်၊ ငှက်ပျော၊ လိမ္မော်သီး စုံနေသည်။ လေယာဉ်ပေါ်တွင် လိုက်ပါသူ အားလုံးသည် သန့်ရှင်းသူများ ဖြစ်ရမည်။ သန့်ရှင်းဟူသည် လုံခြုံရေး စကားလုံးဖြစ်ပြီး၊ အန္တရာယ်ရှိ လက်နက် မကိုင်ဆောင် ထားသူများကို ဆိုလိုသည်။ စာရေးသူတို့ကို သတ္တု အာရုံခံ စက်တွေနဲ့လည်း စစ်သည်။ အနံ့ခံ ဂျာမန် အမဲလိုက် ခွေးတွေနဲ့လည်း ရှူစစ် စစ်ထားသည်။ ကွန်ချာထဲ ရောက်သွားလျှင် ကွန်ချာ ပြင်ဘက်က လူများနှင့်ပင် စကားပြောခွင့် မရှိ။ ကွန်ချာပြင်ဘက်က လူများသည် သန့်မည် မသန့်မည် မသေချာသူများ မဟုတ်ပါလား။
သမ္မတ လုံခြုံ ဘေးကင်းစေရေး အတွက် ပြင်ပကမ္ဘာနှင့် အဆက်ဖြတ် ထားသည်။ ကမ္ဘာကြီးနဲ့ပါ အဆက် ဖြတ်ထားသည်။ ကွန်ချာထဲမှာ ကမ္ဘာငယ် ပြည့်စုံဖွယ်ဖြစ်အောင် ဖန်တီးပေးထားသည်။ သမ္မတ အိုဘားမား အနေဖြင့် ရဟတ်ယာဉ်ပေါ်မှ ဆင်းလျှင် အပေါက်ဝတွင် ခေါင်းမဆောင့်မိအောင် ဒူးကွေးပြီး ခေါင်းမော့ကာ ခပ်ရို့ရို့ အနေအထားနဲ့ ဆင်းဖို့ လေ့ကျင့်ထားရသည်။ အကြောင်းမှာ သမ္မတ တစ်ယောက် အနေဖြင့် ခေါင်းငုံ့ပြီး ဆင်းခွင့်မရှိ။
မန်ဟတ်တန်မှာ သမ္မတ အိုဘားမား ယာဉ်တန်း ဖြတ်သန်းမည့် လမ်းတစ်လျှောက် လမ်းတွေ ပိတ်ထားသည်။ အချို့လမ်းတွေမှာ မိုင်ချီ ယာဉ်တန်းကြီး ပိတ်မိနေသည်။
လမ်းတစ်လျှောက် ရဲတပ်ဖွဲ့က တန်းစီး ခြံရံ ရပ်နေသည်။ သမ္မတ ဖြတ်သန်းမည့် လမ်းကြောင်းပေါ်က စာတိုက်ပုံးကိုပင် သမ္မတ လုံခြုံရေးအဖွဲ့က ယာယီ သော့ခတ် ချိတ်ပိတ်ထားသည်။ စာတိုက်ပုံးထဲ ပေါက်ကွဲပစ္စည်း ထိုးထည့်ထားမှာမျိုးကို ကြိုကာ ကွယ်ရန် ဖြစ်သည်။
တချို့နေရာတွေမှာ အမှိုက်ကားကြီး တွေနဲ့ ပိတ်ရပ်ထားသည်။ လုံခြုံရေး သံသယရှိရသော နေရာများကို ၀င်နေရာ ယူထားလိုက်ခြင်းဖြစ်၏။ သောကြာနေ့ မနက်က နယူးယောက် မန်ဟတ်တန် ဗဟို ပန်းခြံကြီးထဲ မစ္စတာ အိုဘားမား ပီကေ၀ါးပြီး သမီးနဲ့အတူ လမ်းလျှောက်သည်။
“ဒို့ အချစ်တော်ကြီး အိုဘားမား”ဟု တစ်ယောက်က လှမ်းအော်သည်။
သမ္မတ လမ်းမလျှောက်ခင်ကတည်းက ကိုယ်ရံတော်တပ်ဖွဲ့သည် သမ္မတ လမ်းလျှောက်ဖို့ သတ်မှတ် ပေးထားသော နေရာတွင် ခြုံပုတ်ကြားပါမကျန် လိုက်စစ် ဆေးထားသည်။ ခြုံကြားမှာ ဗုံးထောင်သူ၊ ခြုံကြားကစောင့် လုပ်ကြံသူ မရှိစေရန်။ ပန်းခြံပြီးတော့ မစ္စတာ အိုဘားမား ဘရော့ဝေးကို သွားသည်။
ဘရော့ဝေးက ပြင်သစ် စားသောက်ဆိုင်ရှင်က “တစ်နာရီ နှစ်နာရီလောက်တော့ ဆိုင်ကို လူသစ် အ၀င်မခံဘဲ ပိတ်ထားလိုက်ရတယ်။ သိပ်များများ စားစားတော့ မဆုံးရှုံးပါဘူး။ လုံခြုံရေး အဖွဲ့တွေအတွက် စားပွဲဝိုင်း တစ်ဝိုင်း နှစ်ဝိုင်းစာလောက် ပေးထားလိုက်ရတာ လောက်ပါပဲ”ဟု ဆို သည်။
မိုက်ကယ် ဆိုသူတစ်ဦး ကော်ဖီအေးခွက်လေး ကိုင်ပြီး အပေါ်ထပ် ဆိုင်တစ်ဆိုင်ကို တက်ဖို့လုပ်သည်။ ရဲက တားထားသည်။ အပေါ်ထပ်ဆိုင်ကို ရှိသည့်လူတွေ စစ်ထားပြီး အထဲမှာ ဟန်မပျက် နေခိုင်းထားသည်။ နောက်ထပ် လူဝင်မခံတော့။
သမ္မတအဖို့ အထက်ပါကဲ့သို့ လုံခြုံရေး ကွန်ချာသည် သက်သောင့်သက်သာ မရှိမှု ဆိုတာထက်ပင် ပိုနေသေးသည်။ အဆိုးဆုံးမှာ အပြင်ထွက် လမ်းလျှောက်သော သမ္မတ ကိုယ်တိုင်သည်ပင် လူတိုင်းနဲ့ ရောခွင့်မရ။ အများအမြင်တွင် ပုံမှန် သွားလာနေသူများနှင့် သမ္မတ လမ်းလျှောက် ရင်း ဖြတ်သွားဖြတ်လာ လှမ်းအော် နှုတ်ဆက်ကြသည် မှန်သော်လည်း တကယ်တမ်းတွင်ကား ထိုသူများသည် သန့်ပြီးသူများ ဖြစ်၏။ လုံခြုံရေးအဖွဲ့က ကြိုတင်စစ်ဆေးကာ သွားလာခွင့် ပေးထား သူများသာ ဖြစ်၏။ သမ္မတနှင့် လိုက်လိုက်လျောလျော ရှိမည့် သူများကိုသာ ရွေးထား၏။ သို့ဖြစ်ရာ သမ္မတအနေဖြင့် အပြင်ထွက် လမ်းလျှောက်သည် ဆိုသည့်တိုင် စိတ်တူသူများနဲ့သာ တွေ့ခွင့်ရလိမ့်မည်။
နယူးယောက်၏ ကမ္ဘာကျော် တိုင်းမ်စကွဲကို သမ္မတ ကားတန်း ဖြတ်သန်းတော့ လမ်းတစ်ဖက် တစ်ချက်စီမှာ လူတန်းကြီးက လှမ်းအော် နှုတ်ဆက်နေကြသည်။ ယာဉ်တန်းမှ ကားအားလုံး မှန်တင် ထားသည်။ ပြင်ပကမ္ဘာသည် ကားထဲက လူအဖို့ ဖြတ်သွားသော အသံတိတ် ပုံရိပ်သာသာ။ သမ္မတအနေဖြင့် လူအုပ်ကို မြင်နိုင်သည်။ အသံတွေကိုကား ကောင်းစွာ ကြားခွင့်မရ။ လူအုပ်ကြီး ကြားက ဖြတ်သန်း စီးမျော သွားရုံမျှသာ။
Ref: When the US president travels,the world stands still by TARA McKELVEY (BBC)
The Messenger Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+