လက်ကိုင်ဖုန်း လိုချင်သည့် ၁၁ နှစ်သား စတိုးဆိုင် ဖောက်ထွင်း

မော်လမြိုင်၊ ဇူလိုင် ၃၀
ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီး ပေါ်တွင် ရှိသည့် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ အလယ်ပိုင်းရှိ စတိုးဆိုင်ကို အသက် ၁၁ နှစ် အရွယ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးက လက်ကိုင်ဖုန်း ရယူလိုသည့် စိတ်ဖြင့် ဖောက် ထွင်း ခဲ့ခြင်းကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ ညက ဖမ်းဆီး ခဲ့ရကြောင်း ယင်းဒေသခံ များက ပြောကြားသည်။

“အဲဒီနေ့ ည ၁၀ နာရီလောက်က ကားမီးရောင် တွေကို ကွယ်ပြီး ဆိုင်ခန်း တံခါးကို ခဲနဲ့ ထုနေတာတွေ့လို့ စောင့်ကြည့် နေလိုက်တယ်။ ခဏကြာတော့ ဖယောင်းတိုင်မီး တွေ့လို့ ဆိုင်ရှင် တွေကိုခေါ်ပြီး ဖမ်းလိုက်တာ” ဟု ယင်းဆိုင်ခန်းနှင့် မျက်နှာချင်းဆိုင် တွင် နေထိုင်သည့် ဦးစိုးဝင်းက ပြောဆိုသည်။

အဆိုပါ ကလေးငယ်သည် တံခါးတွင် ရိုက်ထားသည့် သံချက်များကို ဝက်အူလှည့်ဖြင့် ထိုးဖွင့်ပြီး ဆိုင်ခန်း အတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆိုင်ခန်းတွင် အဖိုးတန် ပစ္စည်းများစွာ ရှိသော်လည်း ဖုန်းများ ထည့်ထားသည့် မှန်ဗီရိုသော့ကိုသာ ယူထားသောကြောင့် လက်ကိုင်ဖုန်း ရယူလိုသည့် ဆန္ဒတစ်ခု တည်းသာ ဖြစ်နိုင်ကြောင်း စတိုးဆိုင်ရှင် ဦးမြင့်ဆွေက မှတ်ချက်ပြုသည်။

စတိုးဆိုင် ဖောက်ထွင်း ခံခဲ့ရသော်လည်း ကလေးငယ်၏ ရှေ့ရေးအတွက် ရဲစခန်းတွင် အမှုဖွင့်မည် မဟုတ်ကြောင်း၊ သို့သော် ယင်းသို့ ထပ်မံကျူးလွန်မှုမျိုး မလုပ်မိစေရန် အုပ်ထိန်းသူကို ခံဝန်ကတိ လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း စတိုးဆိုင်ပိုင်ရှင် ဒေါ်ခင်သီတာဆွေက ပြောကြားသည်။

“ဖုန်းလိုချင်တယ်လို့ သူ့အမေကို ပြောတယ်။ သူ့အမေက ဆေးလိပ်လိပ်တဲ့ အလုပ်ကနေ ငွေစုပြီး ဝယ်ပေးမယ်။ ၁၀ ရက်လောက် စောင့်ပါလို့ ပြောထားတာကို မစောင့်နိုင်လို့ အခုလို ဖြစ်ရတာ” ဟု ကလေးငယ်၏ အဘွားဖြစ်သူက ပြောကြားသည်။

စတိုးဆိုင်ကို ဖောက်ထွင်းခဲ့သည့် ကလေးငယ်၏ ဖခင်သည် လွန်ခဲ့သည့် သုံးနှစ်ခန့်က သေဆုံးခဲ့ကြောင်း၊ ယင်းကြောင့် မိခင်ဖြစ်သူမှာ ဆေးလိပ်လိပ်သည့် အလုပ်ဖြင့် မိသားစုဘဝ ရပ်တည်ကြရသူများ ဖြစ်ကြောင်း၊ မိခင်ဖြစ်သူ၏ တစ်ရက်လုပ်အားခမှာ ကျပ် ၁၅၀၀ ဝန်းကျင်သာ ရှိကြောင်း ယင်းကလေး ငယ်၏ ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိရသည်။ ဖောက်ထွင်းခံရသည့် စတိုးဆိုင် ပိုင်ရှင်များက အမှုဖွင့် တိုင်ကြားခဲ့ခြင်း မရှိသော်လည်း ကလေးငယ်ကို ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း ပေါင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာထမ်းတစ်ဦးက ပြောကြားသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...