ဆင်းရဲခြင်း ၀င်္ကဘာ
မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်မှ စတင်၍ ကမ္ဘာ့  အဆင်းရဲဆုံး နိုင်ငံပေါင်း (၄၈) နိုင်ငံတွင် ပါဝင် ခဲ့ရာ ယခုအခါ အဆိုပါ အဆင်းရဲဆုံးနိုင်ငံ အဖြစ်မှ လွတ်မြောက်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဇူလိုင်လ (၂၄) ရက်နေ့တွင် ပြုလုပ် သည့် မြန်မာနိုင်ငံ ဖွံ့ ဖြိုးမှု အနည်းဆုံး နိုင်ငံအ ဖြစ်မှ လွတ်မြောက်ရေး အကောင် အထည် ဖော် ဆောင်ရွက်ရေး ကော်မတီ အစည်း အဝေးတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့ သည်။ သမ္မတ ဦးသိန်းစိန်ကလည်း ၎င်း သမ္မတ သက်တမ်း အတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုကို (၂၆) ရာခိုင်နှုန်းမှ (၁၆) ရာခိုင်နှုန်းအထိ လျှော့ချ သွားမည်ဟု ပြောကြား ထားခဲ့သည်။ သို့ သော် ၎င်းတာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေမှုသည် မည်သည့် ရာခိုင်နှုန်းသို့ရောက်ရှိ နေကြောင်း လက်ရှိ အချိန်ထိ ထုတ်ပြန် ပြောဆိုခြင်း မရှိသည်ကို တွေ့ရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခ များကြောင့် ဆင်းရဲ မွဲတေမှုသည် လျှော့ကျလာခြင်း မရှိဘဲ ပို၍တိုးလာသည့် အခြေအနေတွင် ရှိနေ ကြောင်း စီးပွားရေး ပညာရှင်များနှင့် နိုင်ငံရေး လုပ်ဆောင်သူများက ဝေဖန်ကြသည်။
ဆင်းရဲမွဲတေမှု လျှော့ကျအောင် ဘယ်လို တိုင်းတာတွက်ချက်လဲဆိုတာ ပြည်သူကို လက်တွေ့ ချပြသင့် တယ်။ တစ်ခါတစ်ရံ ကိန်းဂဏန်းတွေက လက်တွေ့မဆန်တာတွေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်ပွားနေတဲ့ လူထုလှုပ်ရှားမှုတွေက ဆင်းရဲမွဲ တေမှုကို ပြန်တက်နေတယ်လို့ တွေ့ရှိရ တယ် ဟု စီးပွားရေးအကြံပေး ဦးရဲမြင့် (စွန့် ဦးတီထွင်) က ပြောသည်။
လက်ရှိ အခြေအနေအရ လယ်သမားများက လယ်ယာမြေ ပြန်လည်ရရှိရန် တောင်းဆိုနေမှုများနှင့် အလုပ်သမားများက လုပ်ခလစာ အပြည့် အ၀ရရှိရေးကို တောင်းဆိုနေမှုများသည် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု နှုန်းလျှော့ကျခြင်း မကျခြင်းတို့နှင့် ဆက်စပ်နေကြောင်း ဦးရဲမြင့်က ထောက်ပြပြော ဆိုသည်။
ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲမွဲတေမှု ကျဆင်းလာ သော်လည်း ဖွံ့ ဖြိုးဆဲ နိုင်ငံပေါင်း (၉၁) နိုင်ငံရှိ လူဦးရေ (၁ ဒသမ ၅) ဘီလီယံသည် ဆင်းရဲမွဲ တေစွာ နေထိုင်ရပြီး သန်း (၈၀၀) နီးပါးသည် ဆင်းရဲမွဲတေလု နီးပါး ဖြစ်နေကြောင်း ၂၀၁၄ ခုနှစ် ကုလသမဂ္ဂ ဖွံ့ ဖြိုးမှု အစီအစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ မြန်မာနိုင်ငံသည် လူသား ဖွံ့ ဖြိုးတိုးတက်မှု ဆိုင်ရာ အညွှန်းကိန်းတွင် အဆင့် (၁၅၀) ဖြင့် ရပ်တည်နေပြီး လူလေးဦးလျှင် တစ်ဦး (သို့) လူသုံးဦးလျှင် တစ်ဦးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ဆင်း ရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းစဉ်တွင် လယ်ယာကုန် ထုတ် လုပ်မှု၊ မွေးမြူရေးနှင့် သားငါး ထုတ်လုပ်မှု၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား ပုဂ္ဂလိက ငွေစု ငွေချေး လုပ်ငန်းများ၊ သမ၀ါယမ လုပ်ငန်းများ၊ ကျေးလက် လူမှုစီးပွား ဖွံ့ ဖြိုး တိုးတက်ရေး၊ ကျေးလက် စွမ်းအင် ဖွံ့ ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ပါဝင်ပြီး ၂၀၁၁ ခုနှစ် မှ စတင်လုပ်ကိုင် ခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ တို့က ဆိုသည်။
ထိုပြင် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်များ ဟူ၍ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်း ပါးမှု ပပျောက်ရေး၊ တစ်ကမ္ဘာလုံး ဆိုင်ရာ မူလတန်း ပညာ တတ်မြောက် အောင်မြင်ရေး၊ ကျားမတန်းတူ ရည်တူ ရှိမှုနှင့် အမျိုးသမီးများ အခွင့်အလမ်း ရရှိမှု တိုးမြှင့်ရေး၊ ကလေးသူငယ် သေဆုံးမှု လျှော့ချရေး၊ သားဖွားမိခင် ကျန်းမားရေးကို မြှင့်တင်ရေး၊ HIV/AIDS နှင့် အခြားရောဂါများ တိုက်ဖျက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု ရေရှည်တည်တံ့ရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှု အတွက် ကမ္ဘာ နှင့်တစ်ဝန်း လက်တွဲပူးပေါင်းဆောင်ရွက်မှု ဖွံ့ ဖြိုးရေးတို့ ကို ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးအောင် ဆောင်ရွက် မည်ဟု သတ်မှတ်ထားသည်။
မြို့ကြီးတွေတော့မသိဘူး ကျေးရွာတွေတော့ အခုချိန်ထိကို အစိုးရက ဘာမှ ထိထိရောက်ရောက် လုပ်ပေး တာမရှိဘူး၊ အဓိကတောင်သူတွေ နဲ့ အလုပ်သမားတွေကိုတောင် ထိရောက်အောင် ဆောင်ရွက်ပေးမှု မရှိသေးဘူး။ ဘယ်လိုလုပ် ဆင်းရဲမွဲတေမှု ပျောက်မှာလဲ ဟု ကယားလူမျိုးစု ဒီမိုကရေ စီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က မေးခွန်းထုတ်သည်။ အစိုးရ အထက်ပိုင်းမှ ဆောင်ရွက်ပေး သော်လည်း အောက်ခြေ ၀န်ထမ်းများ၏ အကျင့်ပျက် ခြစားမှုများသည်လည်း ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အနှောင့်အယှက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်သူများသည် လူကုန်ကူးခံရခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ပြားလာခြင်း၊ အကြမ်းဖက်မှု များပြားလာခြင်း၊ ရာဇ၀တ်မှုများပြား လာပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာခြင်းတို့ သည် လည်း ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အဆိုပါ နောက်ဆက်တွဲ ပြဿနာများကို ပိုမိုခံစားလာရကြောင်း တွေ့ရှိလာရသည်။
ယခင်အစိုးရလက်ထက်တွင် လုပ်ဆောင်ချက်များဖြစ်သည့် စီးပွားရေး စီမံကိန်းများကြောင့် မြေယာ သိမ်းပိုက်မှုများ၊ စီမံကိန်းများ၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးပေါ် ထိခိုက် သက်ရောက်မှုများ၊ သဘာဝ သယံဇာတများအပေါ် ထိန်းချုပ်ခြင်းများကြောင့် တိုင်းရင်းသားဒေသများတွင် ဆင်းရဲ မွဲတေမှုနှင့် ဖွံ့ ဖြိုး တိုးတက်မှုများနောက်ကျကျန်ရစ်ခဲ့ရာ ယခုအစိုးရသစ် လက်ထက်တွင် ပွင့်လင်းမြင်သာမှုများ ရှိလာခြင်းကြောင့် သိမ်းဆည်းထားသော မြေယာများ ပြန်လည် တောင်းခံခြင်း၊ သဘာဝ ပတ်ဝန်းကျင် များ ထိခိုက် နစ်နာသည့် စီမံကိန်းများ မပြု လုပ်ရန် လူမှု အဖွဲ့အစည်းများ နှင့် ဒေသခံများ ပူးပေါင်း၍ တားမြစ်ခြင်း၊ သဘာဝသယံဇာတ ခွဲဝေရရှိရန်နှင့် ရရှိလာသည့် အကျိုးအမြတ်များကို တိုင်းရင်းသား ဒေသတွင်း ဖွံ့ ဖြိုးတိုးတက်ရန် လုပ်ဆောင် ခြင်းများကို တောင်းဆိုလာခဲ့သည်။
ဖွံ့ ဖြိုးမှုက အပြောသက်သက်နဲ့ တော့ မရဘူး၊ သယံဇာတပေါများတဲ့ မြန်မာနိုင်ငံက ဘာကြောင့် ဆင်းရဲ တွင်းကို ရောက်သွားလည်း ဆိုတာ ကြည့်ရမယ်၊ အာဏာရှင် စနစ်ကြောင့် ဆင်းရဲတွင်းကို ရောက်တာ လေ၊ ပြည်တွင်းစစ်ကို ငြိမ်းချမ်းအောင် အရင် လုပ်ပြီးမှ ဆင်းရဲတွင်းက ရုန်းထွက်နိုင်မှာဟု ရခိုင် အမျိုးသား ပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။ ဆင်းရဲမွဲ တေမှုကို အဓိက ရင်ဆိုင် ရသူများသည် တိုင်းရင်းသားများဖြစ်ပြီး ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲကို ခံစားရသည်များ မှာလည်း တိုင်းရင်းသား လူမျိုးများသာ ဖြစ်ကြောင်း ၎င်း က ဆိုသည်။
မြန်မာနိုင်ငံတွင် ကျေးလက်နေထိုင်သူ ပြည်သူသည် (၇၂) ရာခိုင်နှုန်း ရှိပြီး (၂၈) ရာခိုင်နှုန်းသည် မြို့နေ လူတန်းစားဖြစ် သောကြောင့် အစိုးရ မှပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ချေးငွေများကို အတိုး သက်သာစွာဖြင့် ချေးငှားခြင်း၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အသက်မွေး ၀မ်းကျောင်း ဆိုင်ရာ ပစ္စည်းများကို အရစ်ကျ ရောင်းချပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းများကို ဆောင်ရွက်ရန်အတွက် နိုင်ငံခြားငွေ အမြောက် အများ ချေးယူ၍ ဆောင်ရွက်နေသည်။
သို့သော် ထိုသို့ငွေချေးမှုများ သက်သက်ဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည် မဟုတ်၊ မြန်မာနိုင်ငံ၏ အဓိက ဖြစ်သည့် တောင်သူများနှင့် အလုပ်သမားများ အားကာ ကွယ်ပေးမည့် ဥပဒေများ၊ သီးနှံဆုံးရှုံး မှုများ အတွက် အာမခံများကို လျင်မြန်စွာ ပြုလုပ်ပေးပြီး အလုပ်သမားများ ခေတ်နှင့် အညီ ကိုက်ညီသည့် လုပ်ခလစာတို့ကို လျင်မြန်စွာ သတ်မှတ်နိုင်ရေးတို့လည်း အရေးကြီးသည်။ ထိုပြင် တိုင်းရင်းသား ဒေသများ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် လက်ရှိဖြစ်ပွားနေသော ပြည်တွင်း စစ်ငြိမ်းချမ်းရေးကို အလျင် အမြန် ရပ်စဲရန်လည်း လိုအပ်နေသည်။

ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook