ဟီရိုရှီးမားကို အဏုမြူဗုံး ကြဲ ခဲ့သည့် လေ ယာဉ် မှ နောက် ဆုံး အသက်ရှင် ကျန်ရစ်သူ ကွယ်လွန်
Photo - Dancallister |
သီအိုဒိုရီ ဗန်ကာ့ခ်သည် အသက် (၉၃)နှစ် အရွယ်တွင် ဂျော်ဂျီယာပြည်နယ်၌ ကွယ်လွန် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယ ကမ္ဘာ စစ်တွင် လေကြောင်းလမ်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗန်ကာ့ခ်ကို မိတ်ဆွေ အပေါင်း အသင်းများက ဒတ်ခ်ျဟု ချစ်စနိုး ခေါ်ဝေါ်လေ့ ရှိသည်။ ၎င်းသည် ဟီရိုရှီးမားကို ဗုံးကြဲခဲ့စဉ်က အသက် (၂၄)နှစ်မျှသာ ရှိသေးသည်။
(၁၉၄၅)ခုနှစ်၊ ဩဂုတ်(၈)ရက်က ဗန်ကာ့ခ် လိုက်ပါခဲ့သည့် Enola Gay ဗုံးကြဲလေယာဉ်သည် ဟီရိုရှီးမား မြို့ပေါ်တွင် အဏုမြူဗုံး ကြဲချခဲ့ရာ လူပေါင်း(၁၄၀၀၀၀)မျှ အသက်ဆုံး ရှုံးခဲ့သည်။
ဗန်ကာ့ခ်က အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ရခြင်းအပေါ် လုံးဝနောင်တ မရကြောင်းနှင့် ဟီရိုရှီးမားတွင် ဗုံးကြဲခဲ့ခြင်းက ဒုတိယက မ္ဘာစစ်ကို အဆုံးသတ်စေရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း မှတ်ချက်ပေးခဲ့ ဖူးသည်။ ဗန်ကာ့ခ်သည် ဇူလိုင်(၂၈)ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ နောက်ဆုံး အချိန်ထိ နံဘေးတွင် ရှိနေခဲ့သော သားဖြစ်သူ တွမ်ဗန်ကာ့ခ်က ပြောကြားခဲ့သည်။
“သူဟာ စစ်သမိုင်းမှာ အထင်ကရ သူရဲကောင်း တစ်ယောက်အဖြစ် မှတ်တမ်းဝင်နေမယ် ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အဓိက အရေးကြီးတာက သူဟာ ဖခင်ကောင်း တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာပါပဲ”ဟု တွမ်က ဆိုသည်။ ဗန်ကာ့ခ်သည် အငြိမ်းစား စစ်မှုထမ်း ခံစားခွင့် အဖြစ် ၎င်းရရှိထားသည့် နေအိမ်တွင်ပင် သဘာဝအတိုင်း ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
Enola Gay လေယာဉ်ပေါ်တွင် လက်နက်ကိုင်တွယ်သည့် လက်ထောက်အမှုထမ်းအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် မော်ရစ်ဂျပ်ဆန် ကွယ်လွန်ခဲ့ပြီးနောက် ဗန်ကာ့ခ်သည် ဟီရိုရှားမီးကို ဗုံးကြဲခဲ့သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသည့် တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူအဖြစ် မှတ်တမ်းဝင်လာ ခဲ့သည်။
Enola Gay ပေါ်မှ ကြဲချခဲ့သော အဏုမြူဗုံးကို Little Boy ဟု အမည်ပေးခဲ့ပြီး ကမ္ဘာ့စစ်သမိုင်းတွင် ပထမဆုံး အဏုမြူလက်နက် အသုံးပြုမှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဟီရိုရှီးမားတွင် ဗုံးကြဲပြီး နောက်ထပ် (၃)ရက် အကြာတွင် အမေရိကန် လေတပ်၏ Bockscar လေယာဉ်က ဂျပန်ပိုင် နာဂါစကီ မြို့ပေါ်သို့ Fat Man ဟု အမည်ပြောင် ပေးထားသည့် ဒုတိယမြောက် အဏုမြူဗုံး ကြဲချခဲ့ပြန်ရာ လူ(၈၀၀၀၀)ခန့် သေဆုံးပြီး ဂျပန်လည်း အကြွင်းမရှိ လက်နက်ချကာ ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့သည်။
_Ref: BBC
7Day Daily
No.455 Wednesday, July 30, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook