ကြိမ်...

Written by အောင်ကျော်ညို (ဆင်ချဆိပ်)
ယမထာ ရွှေကြိမ်လုံး ရယ်နှင့် ထွန်တုံး ကိုတဲ့ ခြေတော် တင် နွားကြန်စုံရှင် . . .

ကြိမ်နှင့် ဆက်နွယ်သော ရှေးခေတ် လင်္ကာလေး တစ်ပိုင်း တစ်စ၊ လယ်ယာ လုပ်ငန်း ခွင်မှာ လယ်ထွန် စပါးသယ် တလင်းနယ်နှင့် လုပ်ငန်း မျိုးစုံ ပုံမှန် လည်ပတ် အချိန်မီ ပြီးမြောက်နိုင်ဖို့ ကြိမ်လုံးကို နှင်တံအဖြစ် နှင့် ယနေ့ထိတိုင် သုံးစွဲနေဆဲ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကြိမ်သည် လယ်ယာ လုပ်ငန်းခွင်သုံး အထောက် အကူပြု ပစ္စည်းတစ်ခု၊ ထို့အတူ မိဘနှင့် သားသမီးကြား တပည့်နှင့် ဆရာကြား ဆက်ဆံရေး နယ်ပယ် တွင် လည်း ကြိမ်သည် တစ်ခါတရံ ကြားခံ ပစ္စည်းဖြစ်နေ ခဲ့သည်။ ပြောမရ ဆိုမရ နဝေတိမ် တောင် ယောင်ခြောက်ဆယ် လေးများ လမ်းကြောင်း မှန်စေဖို့ တွန်းတင် ရာတွင်လည်း အထောက်အကူ ပေး တတ်သည်။

ကြိမ်နှင့် ပတ်သက်၍လည်း မိမိဘဝမှာ အမှတ်တရ များစွာရှိခဲ့သည်။ ကြိမ်ဒဏ်ကို ကိုယ်တိုင်လည်း ခံစားခဲ့ ရသည်။ ကိုယ်တိုင်လည်း ကြိမ်ကိုင်ခဲ့ ရသည်။ အဖေ့ကြိမ်ဒဏ်၊ ဆရာ့ကြိမ်ဒဏ်များကြားမှာ ကျောင်းသား ဘဝ ငယ်ကာလကို ဖြတ်သန်းခဲ့ရသည်။

ကိုယ်တိုင်မိဘဖြစ်လာသောအခါလည်း သားများအပေါ် ကြိမ်ကိုင်လမ်းပြ လုပ်ခဲ့သေးသည်။ ဒေါသအ လျောက် ရိုက်မိချိန်ဝင်ပြေးမည့် ရင်ခွင်မရှိ၊ တားမည့်ဆီးမည့် ကာကွယ်ပေးမည့်သူနတ္တိ၊ တငိုငိုတရှိုက် ရှိုက်နှင့် ရိုက်သမျှခံနေရသည့် သားလေးတွေကိုကြည့်ရင်း နင့်ကနဲခံစားခဲ့ရသည်။ ဤသို့ဖြင့်ကြိမ်ကို ရာသက်ပန် တောကျောင်းဆရာဘဝမှာကား ကြိမ်ကိုနောက်ဆုံးအချိန်ထိ လက်ကမချခဲ့။

ကြိမ်ကိုင်ဆရာများ၏ စွမ်းပကားကို တောကျောင်းဆရာများက ပိုသိသည်။ အငိုမတိတ် အာသံပြဲနှင့် တအီးအီးတအားအားဖြစ်နေသော ကလေးများပြောမရ ဆိုမရဂျီကျလွန်းသော ကလေးများ “ဟိုမှာ နင့်တို့ ဆရာလာပြီ” ဟုသာပြောလိုက် ငိုနေသောကလေး ချက်ချင်းရပ်သည်။ ဂျီကျနေသောကလေး ငြိမ်ကုတ် သွားရသည်။ ကလေးများအတွက် ကြောက်ချစ်ရိုသေ တောကျေးလက်မှ ဆရာများ၊ တော ဘက်မှ ဆရာများ စာသင်ရုံနှင့် မလုံလောက်။ ညအချိန်ကြိမ်ကိုင်ရွာရိုးလျှောက်လျက် စာကျက်စာအံ ကြီးကြပ်ပေး ရသေးသည်။ တောကျောင်းဆရာများ၏ စေတနာ။ ဆရာ့အသံကြားမှ စာဖတ်ကြသည့် ကလေးများ။ တချို့ဆရာပြန်သည်နှင့်အိပ်ပြီ။ တစ်ကြော့ပြန်လာ အိမ်ပေါ်တက်ရိုက်လုပ်ရသေးသည်။ ဤသို့လုပ်၍ မိဘများစိတ်ဆိုးလိမ့်မည်မထင်နှင့်။ လာရိုက်သည့်ဆရာကို ကွမ်း၊ လက်ဖက်၊ ရေနွေး ကြမ်းနှင့်ဧည့်ခံ ဝမ်းသာအားရရှိနေကြသည်။ ပညာရေးမှာ တောကျောင်းဆရာနှင့် ကျေးလက်မိဘများ တစ်သားတည်း။

“စာမရရင် ရိုက်သာရိုက်၊ မကျိုးမကန်းရင်တော်ပြီ။” မိဘတိုင်းပြောနေကျစကား။ ကျေးလက်၏ ရိုးသား ပွင့်လင်းမှု၊ နှစ်ပေါင်း ၄၀ ကျော်တောကျောင်း ဆရာဘဝမှာ ကလေးများ ပညာရေးအတွက် ကြိမ်ကိုင် လမ်းညွှန် အနုနည်းအကြမ်းနည်း နည်းစုံသုံးခဲ့ရသည်။ ပေါက်မြောက်အောင်မြင်မှုလည်း ရှိခဲ့သည်။ သို့သော်ကြိမ်နှင့် ကိုင်တွယ်ဖြေရှင်း၍ မရခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်နှင့်လည်း ကြုံခဲ့ဖူးသည်။ ကြည့်မြင့်တိုင်၊ လှိုင်မြစ် အနောက်ဘက်ကမ်း ကျောင်းတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်သည်။ စာသင် ချိန် စာသင်ခန်းမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်သည့် ကလေးတချို့နှင့်ဆုံသည်။ ဤကဲ့သို့နေရ ကောင်းမလား စိတ်ဆိုးမာန်ဆိုး ရိုက်နှက်မိသည်။ သူတို့လေးတွေ ဘဝအခြေအနေမှန်ကို သိလာချိန်မှာ နောက်ထပ် မရိုက်ရက်တော့ပါ။ ည ၁ နာရီဆိုလျှင် သူတို့လေးတွေ မိဘများနှင့်အတူ ရန်ကုန်ဘက်ကမ်း သို့ကူးရသည်။ တစ်ညလုံး ရောင်းဝယ်ဖောက်ကား လျက်ရှိနေသော သီရိမင်္ဂလာဈေး၊ ဗားကရာ အုန်း ငှက်ပျောတန်း၊ ကမ်းနားဈေး ငါးဒိုင်များတွင်သွားလာလှုပ်ရှား အိပ်ချိန်မရှိ။ မိုးလင်းတော့အိမ်ပြန်၊ ၉ နာရီ ဆိုကျောင်းတက်၊ ကျောင်းမှာစာသင်ရင်း အိပ်ပျော်။ သူတို့လေးတွေ၏ ပုံမှန်ဘဝ၊ အရွယ်နှင့်မ လိုက်အောင် ရုန်းရင်းကန်ရင်း ပညာသင်ကြားနေ ကြသူများ၊ မကြာလိုက်ပါ။ တချို့ဝမ်းရေးကိုဦးစားပေး ကျောင်းမှအပြီးအပိုင် ထွက်သွားကြသည်။ ကလေးများပညာရေးတွင် အကြိမ်ကြိမ် ကြိမ်ကိုင်တားဆီး ကာကွယ်ပေးနိုင်ခဲ့သမျှ ဤတစ်ကြိမ် မစွမ်းဆောင်နိုင်ခဲ့ပါ။ သူတို့လေးတွေ ပညာတစ်ပိုင်းတစ်စနှင့် ‘ညမင်းသားလေးတွေ’ ဖြစ်သွားသည်။

ကြိမ်နှင့်ပတ်သက်သမျှ ခံစားခဲ့ရ၊ ကျင့်သုံးခဲ့ရ၊ နာကျင်ခဲ့ရ အမှတ်တရများ။ ယခုအခါ မိမိတို့နိုင်ငံတွင် ၁၉၀၉ ခုနှစ်မှအစပြုခဲ့သည့် အပြစ်သားများအား ကြိမ်ဒဏ်ပေးခြင်း အက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီဟု သိရသည်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၁ ရက်ထုတ်သတင်းစာတွင် ဖတ်လိုက်ရသည်။ လက်ရှိအခြေခံပညာ ရေး၏ကလေးဗဟိုပြု သင်ကြားရေးနယ်ပယ်တွင်လည်း ကလေးများအတွက် ကြိမ်မလိုအပ်တော့။ MRTV-4 မှပုံမှန် လွှင့်ထုတ်ပေးနေသော မူကြိုလေးများအတွက် ဂီဂဲလ်ကမ္ဘာ Giggle Land သင်ကြား မှုနမူနာ ကိုကြည့်လျှင် အနာဂတ်ပညာသင်ကြားမှုပုံစံကို သိနိုင်ပါသည်။ ကြိမ်ကို လိုအပ်သေးသည်ဆို လျှင်လည်း Blackboard မှစာများကို လှမ်းထောက်ပြသည့် တစ်ရံတစ်ခါ စာသင်ခုံကို ရိုက်သတိပေးရသည့် သင်ထောက်ကူ ပစ္စည်းတစ်မျိုးသာ ဖြစ်လာပါတော့မည်။ ကလေးများအတွက် ကြိမ်ဟူသည် အမှတ်တရ ပြတိုက်သုံး ပစ္စည်းဖြစ်သွားပြီ။

နိဂုံးချုပ်ရပါလျှင် ကြိမ်သည်လယ်ယာလုပ်ငန်းခွင်မှ ကျွဲ၊ နွားများအတွက်ကား မသုံးမဖြစ် သုံးနေရဦး မည်။ အသိမဲ့သော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် လူ့နယ်ပယ်တွင်ကား ကြိမ်မလိုအပ်တော့ပါပြီ။


ကြေးမုံသတင်းစာ
ဇူလိုင် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...