ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်
အစာမကြေ ရောဂါသည် အဖြစ် အများဆုံး ရောဂါ ဖြစ်ပြီး လူတိုင်းလူတိုင်း တစ်နေ့မဟုတ် တစ်နေ့ တစ်ကြိမ် မဟုတ် တစ်ကြိမ်တွင် ဖြစ်ပွား ကြမည် ဖြစ်လေသည်။ သို့မဟုတ် ဖြစ်ဖူးခဲ့ကြမည် ဖြစ်လေ သည်။ အစာမကြေ ရောဂါသည် အစာ အိမ် ရောဂါများထဲတွင် အစဦးရောဂါ ဖြစ်လေ သည်။ မြို့ကြီး ပြကြီးတွင် နေထိုင်ကြ သူများသည် တောလက် ကျေးရွာတွင် နေထိုင်သူ များထက် အစာအိမ် ရောဂါများ ပို၍ဖြစ်ပွားလေ့ ရှိသည်။ လူဦးရေ ထူထပ်ခြင်း၊ စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှု၊ သောကများခြင်း၊ ၀မ်းနည်းဝမ်းသာ ပူဆွေးသောက များခြင်း၊ အလိုကြီး၍ လောဘများခြင်း၊ ရတာမလို၍ လိုတာမရခြင်း စသည်တို့သည် အစာအိမ်ရောဂါ၏ အခြေခံစေ့ဆော်မှု အကြာင်းများပင် ဖြစ်တော့သည်။
စိတ်လှုပ်ရှားမှုဖြစ်သည့်အခါတိုင်း အစာအိမ်တွင် အစာခြေရည်များ ထွက်လာလေ့ရှိသည်။ထိုအစာခြေ ရည်များသည် ခြေရန်အစာ မရှိသောအခါ အစာအိမ်နံရံကို ပြန်၍လောင်ကျွမ်းစေသည်။ အကြိမ်များသော အခါ အစာအိမ်အနာ ဖြစ်လာလေသည်။ အစာအိမ်အနာသည် အချိန်ကြာမြင့်စွာ ကုသရပြီး ပူ၊ စပ်၊ ချဉ်သော အစာများ၊ မာကြောသောအစာများသဖြင့် လူတွင်ပိန်ချုံး၍ အားနည်းလာလေသည်။
အားနည်းသောသူတွင် ပြင်ပမှ ရောဂါအမျိုးမျိုးတို့ ၀င်ရောက်ကပ်ငြိရန် လွယ်ကူလေသည်။ သာမာန်ဥတု အပြောင်းအလဲ ကြောင့်ဖြစ်သော ပူ၊ အိုက်၊ ချမ်းအေးဒဏ်များကိုလည်း အားနည်း၍ ခံနိုင်ရည်မရှိ ဖြစ်လာလေသည်။ ဒေါသကြီးသူ၊ စိတ်တိုသူ၊ စိတ်မြန်သူတို့သည် အစာအိမ်ရောဂါ ဖြစ်ပွားရန် အလွန်နီး စပ်သူများဖြစ်သည်။ အစာကိုမြန်မြန်စားသူ၊ ကြေညက်အောင်မစားသူ၊ အလုပ်တစ်ဖက်နှင့် အစာစားသူ၊ အေးစက်သောအစာ၊ အချိန်လွန်၍ နောက်ကျသောအစာ၊ အရည်သောက်မပါ၊ အခြောက်တိုက် စားရ သောအစာတို့သည် အစာမကြေ ရောဂါဖြစ်စေသည့် အစာများ ဖြစ်လေသည်။ မကြေညက်သော အစာ များသည် အစာအိမ်ကို ပင်ပန်းစေပြီး အူသိမ်အူမတို့မှလည်း အာဟာရကို မစုပ်ယူနိုင်ပေ။ အစာမကြေ လျှင် ၀မ်းချုပ်သည်။ ၀မ်းချုပ်ခြင်း၏နောက်ဆက်တွဲရောဂါများမှာ အကြောတင်းခြင်း၊ ဇက်ကြောတက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းတို့ ဖြစ်လေသည်။
လူအချို့တွင် ဖြစ်ပွားလေ့ရှိသော ခေါင်းကိုက်ရောဂါနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ မျက်ရိုးကိုက်ရောဂါ များသည် အစာမကြေခြင်းကြောင့် ဖြစ်သည်ကများသည်။ ထို့ကြောင့်ပင် ၀မ်းတစ်လုံးကောင်းရင် ခေါင်း တစ်လုံးမခဲ ဟု ဆိုစကားရှိခဲ့ခြင်းဖြစ်သည်။ ခေါင်းကိုက်ပျောက်ဆေးများကို သောက်ကြသောအခါ အစာအိမ်ကို လောင်ကျွမ်းသဖြင့် အစာအိမ်ရောင်ခြင်း၊ အစာအိမ်မှ သွေးယိုစိမ့်ခြင်း၊ အစာအိမ်ပေါက်ခြင်း အထိ ဖြစ်တတ်သဖြင့် ဆေးအတွက် ဘေးမဖြစ်စေရန် အစာဟောင်းများ အောက်သို့ကျစေရန် နေ့စဉ် မှန်မှန် လမ်းလျှောက်ပေးခြင်းဖြင့် ကုစားလျှင် ပျောက်ကင်းနိုင်သော သဘာဝကုထုံးများရှိသည်။
တိုင်းရင်း ဆေးပညာတွင် ခန္ဓာကိုယ်သို့ ရောဂါရောက်ကြောင်း ပညာရပ်ကို သင်ကြားရသည့်အခါ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရား လေးပါးရှိသည်။
ထိုအကြောင်းတရားတို့တွင် လေးခုမြောက်ဖြစ်သော အာဟာရဟူသော အကြောင်းတရားသည် စားသင့် သည့်အစာ၊ မစားသင့်သည့်အစာ၊ စားရမည့်အတိုင်းအတာ၊ စားသင့်သည့်အချိန်အခါ၊ မစားသင့်သည့် အချိန်အခါတို့အပေါ် မူတည်၍ စားတိုင်း အာဟာရမဖြစ်သည့် သဘောတရားကို ညွှန်ပြနေသည်။
အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံလာသော အာယုဗေဒဆေးပညာတွင် လေ၊ သည်းခြေ၊ သလိပ် အကြောင်းတရား များနှင့် အစာစားခြင်းကို ဆက်စပ်သောအခါ…
၁။ နံနက်သလိပ်
သလိပ်ဆိုသည်မှာ ပါးစပ်မှ ထွေးပစ်သည့်သလိပ်ကို မဆိုလိုပါ။ ခန္ဓာကိုယ်အတွင်းရှိ ဆူဖြိုးဝဖြိုးစေသော အေးသည့် ဓာတ်သဘောကို ဆိုလိုခြင်းဖြစ်သည်။ နံနက်စာစားသောအခါ အထူးသဖြင့် အရုဏ်တက် နံနက်စောစောကို ဆိုလိုခြင်းဖြစ်သည်။ ဘုန်းကြီးရဟန်းများ အရုဏ်ဆွမ်း စားချိန်နှင့် ကိုက်ညီသည်။ နံနက်စာစားသူသည် အာဟာရဖြစ်ပြီး ၀ဖြိုးသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ပိန်ချင်သူများသည် နံနက် စောစောအစာကို ရှောင်ရမည်ဖြစ်သည်။ ပိန်ချင်၍ ညစာမစားဘဲနေသည်ဆိုသည်မှာ သဘာဝမကျပါ။ ပိန်လည်းပိန်မည်မဟုတ်ပါ။ ပိန်ချင်လျှင် နံနက်အိပ်ယာထအစာကို ထမင်းမစားနှင့်၊ အ၀မစားနှင့်။ စွပ်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ကော်ဖီ၊ မုန့်တို့ကဲ့သို့ပဲ အစာခံပဲစားရန် သင့်သည်။
၂။ နေ့လည် သည်းခြေ
သည်းခြေဆိုသည်မှာ အစာကြေစေခြင်း၊ လှုပ်ရှားမှုမြန်ဆန်စေခြင်း၊ ခန္ဓာကိုယ်မှ အရောင်အဆင်း ထွက်ခြင်း၊ မှတ်ဥာဏ်ကောင်းခြင်း၊ တွေးခေါ်ဥာဏ်ကောင်းခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊ ပင်ပန်းမှုဒဏ် ခံနိုင်ခြင်း၊ နေ့လည်စာစားသောသူသည် အထက်ပါအကျိုးတရားများကိုရသည်ဟု ဆိုလိုသည်။
၃။ ညနေလေ
ညနေစာစားသောသူများသည် စားလိုက်သည့်အစာကြောင့် အာဟာရမဖြစ်ဘဲ လေဖြစ်သွားသည်။ ခန္ဓာကိုယ်တွင် လေလွန်ကဲလျှင် အစားပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ ယားယံခြင်း၊ ဂနာမငြိမ်စိတ်ပျံ့လွင့်ခြင်း စသောရောဂါများ ဖြစ်ပွားတတ်လေသည်။
၎။ ညအပုတ်
နံနက်စာ၊ နေ့လည်စာများသည် အကျိုးပြုသောအစာများဖြစ်ပြီး ညနေစာ၊ ညစာများမှာ အကျိုးမပြုသော စာများဖြစ်သည်။ ညဥ့်နက်မှ စာသောအစာကို အပုပ်စာဟု ခေါ်သည်။ အပုပ်ဓာတ်သည် အသားအရေ ညစ်နွမ်းခြင်း၊ မွဲခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေသည်းလက်သည်းများကွဲခြင်း၊ ငိုက်မျဉ်းခြင်း၊ ခန္ဓာကိုယ်မှ မကောင်းသောအနံ့အသက်များထွက်ခြင်း၊စသည်တို့ကို ဖြစ်ပွားစေသည်။ ညစာစားပွဲများတွင် ညဉ့်နက်မှ စားသောက်သောအစာများသည် လူကို အကျိုးယုတ်စေသောအစာများဖြစ်သည်။ ချမ်းသာ သော လူကုံထံများတွင် ဆင်းရဲသားများထက် ပို၍ရောဂါများသည်ဟု ပြောကြသည်။ ဤသို့ဖြစ်ရသော အကြောင်းများစွာထဲမှ အကြောင်းတစ်ရပ်မှာ ညစာစားပွဲများကြောင့်ဖြစ်နိုင်သည်။ ချမ်းသာသော အသိုင်း အ၀ိုင်း များတွင် အောင်မြင်မှုတစ်ခုခုကြုံသည့်အခါနှင့် မင်္ဂလာပွဲများတွင် ညစာစားပွဲများ ပြုလုပ်လေ့ရှိ သည်။
အချို့မှာ ညကပွဲ၊ နိုက်ကလပ်များတွင် ပျော်ပါးရင်း စားကြသောက်ကြသည်။ ညစာများကို မခြေနိုင်သည့် အစာအိမ်မှ ရောဂါစဖြစ်လေသည်။ အပုပ်ဓာတ်ကြောင့် ဆံပင်ဖြူခြင်း၊ သားဖုံးကြွပြီး သွားများ ကျိုးလွယ် ခြင်း၊ အသားအရေ ညစ်မွဲခြင်းများ ဖြစ်လာသော်လည်း အပျော်အပါးက ဖုံးလွှမ်းနေသဖြင့် သတိမမူ ကြပေ။ နှစ်ချီကြာပြီး ရောဂါမျိုးစုံဝင်လာမှ သိကြလာသောအခါ နောက်ကျနေလေပြီ။
နိဂုံးချုပ်တင်ပြလိုသည်မှာ-
၁။ အစာကို ဆာမှစားပါ။
၂။ သင့်တင့်သော အစာကိုသာ စားပါ။
၃။ သန့်ရှင်းသောအစာ၊ သဘာဝ အစာများကိုသာ စားပါ။
ဓာတုဗေဒနည်းဖြင့် ပြုပြင်ထားသော အစာများကို ရှောင်ပါ။
၎။ နံနက်စောစော စားသောအစာနှင့် နေ့လည်စားသော အစာများသည် အစာအိမ်မှ ကြေကျက်ပြီး လူကို အကျိုးပြုသည်။
၅။ ညနေစာစားလျှင် လေကိုဖြစ်စေသည်။
၆။ ညစာ(ညဥ့်နက်စာ) စားလျှင် လူကိုအကျိုးမပြု၊ အပုပ်ဓာတ်ကို ဖြစ်စေသည်။
ရောဂါမူလံ အာစိဏ္ဏကံ၊ ရောဂါဟူသမျှ အစာမကြေခြင်းက စသည် ဟူသော စကားကို အမြဲဆင်ခြင်နိုင် ကြပါစေ။
(မှတ်ချက်။ ကြည်လွင်မြင့်(မုဒြာ) ရေးသားသော ရောဂါမှန်သမျှ အစာမကြေခြင်းကစသည် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)
Credit to> MOI

The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook