အနာဂတ်ကို မုန်းနေသည့် ကလေးငယ်များ
တီဗီမှာ ကြည့်ရတာနဲ့ တကယ် ဖြစ်နေတာနဲ့ ဘာမှကို မဆိုင်ပါဘူး ဂါဇာ ကမ်းမြောင် ဒေသတွင် နေထိုင်သူ အသက် (၁၂) အရွယ် ဆေယက်က ပြောဆို ခဲ့ခြင်း ဖြစ်သည်။ ပိန်ပိန် သေးသေး ဆေယက် ကလေးသည် သူ့ရှေ့ရှိ ကွန်ကရစ် နံရံကို ကြည့်ပြီး ပြောဆို နေခြင်းသည်။ သူ့မျက်လုံး များ၏ ကြည့် အားကြောင့် နံရံတွင် အပေါက်ကြီး ပေါ်လာပြီး ယင်းအပေါက်မှ သူ လွတ်မြောက်ခွင့် ရတော့မည့် ပုံစံဖြင့် ကြည့်ပြီး ပြောဆို လိုက်ခြင်း ဖြစ်သည်။
လူနာတင် ကားပေါ်မှာ လိုက်ပါ သွားတုန်းက ဘာပဲဖြစ်ဖြစ် ညီလေး အသက်ရှင်မှာ ပါပဲလို့ တွေးမိတယ် လေဟု ဆေယက် က ပြောဆိုခဲ့သည်။ သို့သော် ဆေးရုံရောက်ရှိချိန်တွင် သူ့ညီလေးမိုဟမ္မဒ်မှာ သေဆုံး ခဲ့ပြီး ဖြစ်သည်။ ကံဆိုးလှသည့် ဇူလိုင် (၁၆) ရက်နေ့တွင် ဂါဇာဆိပ်ကမ်းနား၌ သူနှင့် ညီ အစ်ကိုတစ်စု ကစားနေစဉ် အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဆေယက်၏ ညီသုံးဦး သေဆုံးခဲ့သည်။ အစ္စရေးလေတပ်သည် ဆေယက်တို့ ဆော့ကစားနေရာ သို့ နှစ်ကြိမ် တိုင်တိုင် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေးကတော့ အရပ်သားတွေကို ပစ်မှတ်မထား မတိုက်ခိုက်ပါဟု ပြောဆိုခဲ့သည်။ သို့သော် ဂါဇာမှာ လူဦးရေ ထူထပ်သော နေရာတစ်ခုဖြစ် သောကြောင့် အရပ်သားနှင့်လက်နက်ကိုင်နေရာများဆိုပြီး ခွဲခြားလို့ ရကောင်းသော နေရာတစ်ခုမဟုတ်ခဲ့ပါ။ယခုဆိုလျင် စစ်ပွဲကြောင့် ဂါဇာမှာ အန္တရာယ် များသော နေရာတစ်ခုဖြစ်နေပြီဖြစ်ပြီး ကလေးငယ်များမှာလည်း ပြေးစရာမြေရှိဖြစ်နေကြပြီဖြစ်သည်။ ဟာ့မာ့စ်နှင့် အခြား လက်နက်ကိုင် အဖွဲ့များက အရပ်သားများအား လူသားဒိုင်းများအဖြစ် အသုံးပြုခြင်း မရှိကြောင်း ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ ဒုံးကျည်များအား လူနေ အဆောက်အဦ များထဲမှ ပစ်ခတ်နေ ခဲ့သည်။
ရန်သူဖြစ်သွားသော သူငယ်ချင်းများ
ယနေ့ဖြစ်ပွား နေသော စစ်ပွဲများမှာ စစ်မြေပြင်ရှိ တိုက်ခိုက်မှုများကို လမ်းများနှင့် စာသင်ကျောင်းများ ထဲသို့ ဆွဲသွင်းနေသည့် စစ်ပွဲများ ဖြစ်ကြသည်။ ကလေးငယ်များစွာ သေဆုံးခဲ့ပြီးဖြစ်ကာ မသေဆုံးဘဲ ကျန်ရှိနေသည့် ကလေးငယ်များ၏ ကလေးဘ၀များမှာလည်း ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။ ဂါဇာ၌ တစ်နာရီ လျှင် ကလေးငယ်တစ်ဦး သေဆုံးနေပြီဟု ကုလသမဂ္ဂက လွန်ခဲ့သော အပတ်တွင် ပြောဆိုခဲ့သည်။
ဂါဇာနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးက အာရုံမစိုက်မီတွင် ဆီးရီးယားရှိ ကလေးငယ်များနှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံး က ရင်တမမ ဖြင့် စောင့်ကြည့်ခဲ့ရသည်။ လေးနှစ်အတွင်း ၀င်ရောက် နေသည့် ဆီးရီးယားစစ်ပွဲတွင် အသက်အငယ်ဆုံး ဆီးရီးယား နိုင်ငံသားလေးများပင် လက်ဖြောင့် တပ်သားများ၏ ပစ်ခတ်ခြင်းကိုခံနေရပြီဖြစ်သည်။ မွေးကင်းစက လေးငယ်များပင် နှိပ်စက်မှုမှ သက်သာခွင့် မရခဲ့ကြ။ ကလေးငယ်သန်းပေါင်းများစွာသည် ငတ်ပြတ်မှုကို ရင်ဝယ်ပိုက်ပြီး အကြောက် တရားနှင့် ရှင်သန်ရသည်။ ဆီးရီးယား ပြည်တွင်းစစ် နှစ်ရှည်ကြာလာသည် နှင့်အမျှ ကလေးငယ်များ ဆိုသည်မှာ မြင်ရသူ နှလုံးကြေကွဲရသည့် မျက်ရည်များ ကျဆင်းတတ်ပြီး ကူးစက်ရောဂါ သဖွယ်ပြန့်နှံ့ သွားနိုင်သည့် အပြုံးပိုင်ရှင်များ မဟုတ်သည်ကို သိနားလည် လာခဲ့ရသည်။ ကလေးငယ်များ ကိုယ်၌က ရှေ့တန်း စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်နေရပြီး ကိုယ့်ကစားဖော် ကိုပင် ပြန်သတ်နေ သူများ ဖြစ်လာနေ ပြီဖြစ်သည်။
ဆီးရီးယား ကလေးငယ်များ၏ ဘ၀ဇာတ်လမ်းသည် သူတို့ နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေး မြေပုံ၏ ပုံကြမ်းများဖြစ် နေပြီး သူတို့နိုင်ငံ၏ စိတ်ပျက်စရာ အနာဂတ်ကို ရောင်ပြန်ဟပ်နေသည်။ အသက်အရွယ် နှင့် လူပုံပန်းကို ကြည့်လျှင် ကလေးငယ် တစ်ဦးဟု ဆိုလို့ရနိုင်သော်လည်း ကိုယ် ကျင့်တရားနှင့် လူသား ဘ၀ ရှုထောင့်များ ကြည့်လျှင်တော့ ကလေးမဟုတ် တော့ကြောင်း၊ ယခင်တုန်းက ဆိုလျှင် အသက် (၁၂) နှစ်ကို ကလေးဟုခေါ် ဆိုခဲ့ကြ သော်လည်း ယခုအချိန်တွင် (၁၂) နှစ်ဆိုသည်မှာ ဂျီဟတ်စစ်ပွဲတွင် တိုက်ပွဲ ၀င်နေသူများ ဖြစ်နေကြပြီ ဖြစ်ကြောင်း အသက် (၉) နှစ်အရွယ် အဲဇာဒင်က လူကြီးဆန်ဆန် ပြောဆိုခဲ့သည်။
အဲဇာဒင်မှာ အခြားကလေးငယ်များ ကဲ့သို့ပင် စာသင်ကျောင်းဝင်းအတွင်း ပြေးလွှားဆော့ ကစားနေ ရမည့် ကလေးငယ်တစ်ဦး ဖြစ်သည်။ သို့သော် သူလေးမှာ တူရကီနိုင်ငံ တောင်ပိုင်းရှိ ဒုက္ခသည် စခန်းတွင် ခိုလှုံနေရသူဖြစ်သည်။ ဆယ်ကျော်သက်အရွယ် သူ့အစ်ကိုမှာ လွတ်လပ်သော ဆီးရီးယား တပ်မတော် အမည်ရှိ သူပုန်အဖွဲ့တွင် ပါဝင်တိုက်ခိုက်နေသူ ဖြစ်သည်။
မိုင်ရာပေါင်းများစွာ ဝေးသည့် ဒမာ့စကတ်မြို့တွင်လည်း အသက် (၁၄) နှစ်အရွယ် ဂျလယ်ဆိုသူ ကလေးငယ်မှာလည်း သမ္မတဘာရှား အယ်လ်အာဆတ်ကို ထောက်ခံသည့် အနေဖြင့် သူပုန်များကို တိုက်ခိုက်နေသည့် စစ်ပွဲတွင် ပါဝင်နေခဲ့ရသည်။ သူ့အဖေ၊ ဦးလေးများနှင့် လက်တွဲပြီး ဒေသ ကာကွယ်ရေး တပ်ခွဲတွင် ပါဝင်ကာ လက်နက်ကိုင်တိုက်ပွဲ ၀င်နေရသည်။ ပြည်တွင်းစစ်က သူတို့ကို ပြောင်းလဲစေခဲ့ကြောင်း၊ ယနေ့တွင် သူအပါ အ၀င် ကလေးငယ်များသည် ဂိမ်းများအကြောင်း ပြောဆိုရ မည့်အစား နိုင်ငံရေးကိုသာ ပြောဆိုနေကြကြောင်း ဂျလယ်က ပြောဆိုခဲ့သည်။
ဘာရှား အယ်လ် အာဆတ် ဆက်လက် အာဏာတည်မြဲဖို့ အရေး လုပ်ဆောင်မှုတွင် သူ့ခြေတစ်ဖက်ကို အဆုံးရှုံးခံခဲ့ရကြောင်း အသက် (၉) နှစ်အရွယ် မေရီယမ်ဆိုသူ မိန်းကလေးက ပြောဆိုခဲ့သည်။ ဟွမ်စ်မြို့ အပြင်ဘက် ရှိကျေးရွာရှိ သူ့နေအိမ်ဘက် ဆီသို့ ဆီးရီးယား အစိုးရတပ်မှ လေယာဉ် များ ဦးတည်ပျံသန်း လာသည့်နေ့ကို မေရီယမ်ကောင်းကောင်း မှတ်မိနေသည်။ လေယာဉ်တွေ ပျံသန်းလာသည်ကို ပြတင်းပေါက်မှ လှမ်းမြင်နေရပြီး လေ ယာဉ်တစ်စင်းသည် စည်ပိုင်းပုံစံ အရာတစ်ခုကို ပစ်ချပြီးဆက် လက်ပျံသန်းသွားခဲ့ကြောင်း သူက ပြောပြသည်။
ယင်းစည်ပိုင်းပုံစံ ဗုံးပေါက်ကွဲခဲ့မှုကြောင့် မေရီယမ်လေး ယခုအချိန်အထိ ထိုင်လို့မရ သေးချေ။တူရကီနိုင်ငံ တောင်ပိုင်းရှိ ဒုက္ခသည် စခန်းတွင် အခြားကလေးငယ်များနှင့် အတူ ဆော့ကစားလို့ မသေးဘဲ ဒုက္ခိတ ဘ၀ဖြင့် ရှင်သန်နေရသည်။
အနာဂတ်ကို မုန်းတယ်
အသက်ရှစ်နှစ် အရွယ် ဘာရာမှာ မိသားစုနှင့်အတူ ဟွမ်စ်မြို့ဟောင်းမှ ထွက်ပြေးလာခဲ့သူဖြစ်သည်။ စာရေးစာဖတ် နေရမည့် အရွယ်တွင် လက်နက်အမျိုးအစားများ အကြောင်းကို လေ့လာသင်ယူနေပြီး ယခုအချိန်တွင် လက်နက်များ၊ ကျည်ဆန်များ၏ အမည်ကို သိရှိနေပြီဖြစ်ကြောင်း ဘာရာက နားလည် သိတတ်လွန်းစွာ ပြောဆိုခဲ့သည်။
ဒမာ့စကတ်မြို့ အစွန်ရှိ ယာမောက် ပါလက်စတိုင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် အသက် (၁၃) နှစ်အရွယ် ကီဖာက နေ့စဉ်ဘ၀ကို ပုံမှန်လည်ပတ်နေကြောင်း ပြောဆိုခဲ့သည်။ ဘာတွေကို စားသောက် အသက်ရှင်သန်နေသလဲ ဆိုသည့် မေးခွန်းကို မေးမြန်းကြည့်သည့် အခါတွင်တော့ မျက်နှာတည်တည်နှင့် ပြောဆိုတတ်သည့် ကီဖာ ဟန်မဆောင်နိုင်တော့ဘဲ မျက်ရည် အရွှဲသားနှင့် စားစရာ မရှိကြောင်း ပြောဆို ခဲ့သည်။ စစ်ဖြစ်နေသည့် အရပ်တွင် နေထိုင်ရသည့် ကလေးငယ်များ အတွက်တော့ စိုးရိမ်ပူပန်ရခြင်း၊ ငတ်ပြတ်ခြင်းဆိုသည်မှာ ပုံမှန်ဖြစ်နေကျ အရာများသာ ဖြစ်နေခဲ့သည်။
ကလေးတွေမကြောက်ကြဘူးလားဟု ဂါဇာရှိ ဇေတိုအရပ်တွင် နေထိုင်သည့် အမာအိုဒါဆိုသူ လူကြီး တစ်ဦးကို မေးမြန်းကြည့်မိသည်။ အမာ အိုဒါ၏ နောက်တွင် အရွယ်မျိုးစုံ ပါဝင်သော ကလေးငယ်များက မျက်လုံးအ၀ိုင်ားးနှင့် ကြည့်နေခဲ့သည်။ လမ်းတစ်လျှောက်သို့ အစ္စရေးမှ လက်နက်ကြီး ကျည်ဆန်များ၊ သံချပ်ကာကားများ ပစ်ခတ်လိုက်သည့် ကျည်ဆန်အသံများ ထိမှန်သံ ကိုကြားနေရ သည်။ ဟာ့မာ့စ် အဖွဲ့က အစ္စရေးဘက်သို့ ဒုံးကျည် ဖြင့်ပစ်ခတ်လိုက်သည့် အသံကြီးများကိုလည်း ကြားရတတ်သည်။ အာမာ အိုဒါသည် နေရပ်မှ ထွက်ခွာပေးရန် အစ္စရေးက သတိပေးချက်ကို ဆန့်ကျင်ပြီး မိသားစုဝင် (၄၅) ဦးနှင့်အတူ နေရပ်တွင်ပင် ဆက်လက်နေထိုင်ခဲ့သည်။
ကျွန်တော်တို့ ဘယ်ကိုသွားရမှာလဲဗျာ၊ စစ်ပွဲကသာ ကလေးတွေ အတွက် နေ့စဉ်ဘ၀ ဖြစ်နေပါပြီ၊ သူတို့တွေ ဒါတွေကိုပဲ သိကြတယ်လေ ဟု သူက အသက်လေးနှစ် အရွယ် ဒီမာဆိုသူ ကလေးငယ်ကို ချီထားရင်းပြောသည်။ ဒီမာမှာ ဂါဇာစစ်ပွဲ နှင့် နှစ်ကြိမ်ကြုံခဲ့ဖူးသူ ဖြစ်သည်။ အသက်ခြောက် နှစ် နှင့် အထက် ဂါဇာသား အားလုံးသည် ဂါဇာစစ်ပွဲကို သုံးကြိမ်နှင့် သုံးကြိမ် အထက် ကြုံခဲ့ရဖူးသူများ ဖြစ်ကြ သည်။ အစ္စရေးဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်နေ့တွင် ကလေးငယ်များ ဘာလုပ်နေကြ သည်နှင့် ပတ်သက်ပြီး မိုဟမ္မဒ်နှင့် ဆေယက်တို့၏ ဖခင် ရာမီဇ်ဘာကာအား မေးမြန်းကြည့်မိ သည်။
ကစားရန်အတွက် သံချောင်းလိုက ကောက်နေကြကြောင်း၊ အာရပ်နှင့် အစ္စရေး စစ်ပွဲဖြစ်ပွားနေပုံကို အတုယူပြီး ကစားနေကြခြင်း ဖြစ် ကြောင်း သူကရှင်းပြသည်။ ယနေ့ ဖြစ်ပွားနေသည့် စစ်ပွဲများ အတွင်း ကလေးငယ်များ ကစားနေသည့် ကစားနည်း အမျိုးအစားသည် သူတို့အနာဂတ်ကို ပြောင်းလဲပေးမည့် အဓိကတွန်းအားများ ဖြစ်လာနိုင်သည်ကို သတိပြုလိုက်မိသည်။ အနာဂတ်ကို သိပ်မုန်းတာပဲ၊ သေချင် လည်း သေမယ်၊ ရှင်ချင်လည်း ရှင်မှာပဲလေ ဟုဆီးရီယားရှိ အသက် (၁၁) နှစ်အရွယ် ဒါယက်က ပြောဆိုခဲ့သည်။
Ref: No place to hide for children of war in Gaza and Syria:BBC

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook