သဘာဝ ဘေးဆိုးတွေက အာရှကို ပိုပိုပြီး ခြိမ်းခြောက်လာနေပြီ

ဟန်လင်းအောင်
ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်း အဆိုးလွန် ရာသီဥတုများ ပေါ်ပေါက် လျက်ရှိရာ ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ဖို့က အရေး ပါသထက် ပါလာနေပြီ။ အထူးသဖြင့် အာရှဒေသတွင် ဖြစ်သည်။ အာရှနိုင်ငံများ မြန်မြန် ဆန်ဆန် မဆောင်ရွက်ကြပါက အာရှပြည်သူ သန်းရာပေါင်းများစွာ၏ ဘ၀များ ထိခိုက် နစ်နာကြရမည်။
ကမ္ဘာ့ရာသီဥတုများ ပြောင်းလဲ နေကြောင်းကို ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင် ပေါင်းများစွာကလည်း တစ်ညီတည်း လက်ခံထားကြပြီ ဖြစ်သည်။ ပူလွန်းခြင်း အေးလွန်းခြင်း၊ နှင်းကျမှု မိုးရွာသွန်းမှုများ ပုံမ မှန်ခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်း၊ ဆိုးဝါးသော ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပွားသည့် ကြိမ်ရေ စိပ်လာခြင်းများ စသဖြင့် အကြောင်းရာ အားလုံးသည် လူသားများကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ များ တိုးမြင့်ထွက်ရှိလာခြင်း နှင့် ဆက်စပ်နေကြောင်း ပညာရှင်များက အတည်ပြု လက်ခံထားပြီ ဖြစ် သည်။
ရာသီဥတု ပြောင်းလဲခြင်း၏ ဆိုးကျိုးများကို အပြင်းထန်ဆုံး ခံရနိုင်သည့် ဒေသမှာ အာရှပစိဖိတ် ဒေသဖြစ်သည်။ မြေနိမ့်သော ကမ်းရိုးတန်းများ ပေါများခြင်း၊ ကျွန်းစုနိုင်ငံများ ပေါများခြင်းတို့ကြောင့် အာရှပစိဖိတ်ဒေသသည် သဘာဝ ဘေးဒဏ် ခံရနိုင်ခြေ အများဆုံးဒေသလည်း ဖြစ်သည်။
အာရှနိုင်ငံများ အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း မရှိပါက လာမည့် ၂၁၀၀ ပြည့် နှစ်ရောက်ချိန်ခန့်တွင် ကမ်းရိုးတန်း ရေလွှမ်းမှုများ၊ ရာသီဥတု ဆိုးများကြောင့် ပြည်သူ သန်းရာပေါင်းများစွာသည် နေရပ်စွန့်ခွာ ရွှေ့ပြောင်းကြရဖွယ် ရှိကြောင်း ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာအဖွဲ့ကြီး (IPCC) ၏ ဥက္ကဋ္ဌ ရာဂျန်ဒရာပတ် ချောရီက ဂျာမနီ သတင်းဌာန DW နှင့် အင်တာဗျူးတွင် သတိပေးပြော ကြားသည်။
ရာသီဥတု ပြောင်းလဲမှုဟာ အာရှအတွက် ဘယ်လောက် ကြီးမားလဲ။
အာရှဒေသ အပါအ၀င် ကမ္ဘာ့ဒေသ အားလုံးနီးပါး ရာသီဥတု ပြောင်းလဲခြင်း ဆိုးကျိုးဒဏ် ရင်ဆိုင်နေရ ပါပြီ။ ရာသီဥတု ပြောင်းလဲခြင်းဟာ အလွန်ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုပါ။ အခြေခံကို ပြောရမယ် ဆိုရင်တော့ ရုပ်ကြွင်း လောင်စာတွေ မီးရှို့သုံးစွဲရာကနေ ကမ္ဘာကြီးပူနွေးမှု ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထွက်တယ်။ မြေယာကို မှားယွင်းတဲ့ နည်းတွေနဲ့ သုံးစွဲမှုကြောင့် လည်း သစ်ပင် သစ်တောတွေ ပြုန်း တီးပြီး ကမ္ဘာကြီးဟာ သဘာဝမျှခြေ ပျက်ယွင်းပြီး ပူနွေးမှု ဖြစ်လာရတယ်။
ရေနံ၊ သဘာဝ ဓာတ်ငွေ့စတဲ့ ရုပ်ကြွင်း လောင်စာတွေ များများသုံးလေ ကာဗွန်ဒိုင်အောက်ဆိုက် အပါ အ၀င် ကမ္ဘာကြီး ပူနွေးစေတဲ့ ဓာတ်ငွေ့တွေ များများ ထွက်လေပါ ပဲ။ အခု နှုန်းအတိုင်း ဒါမှမဟုတ် အခု နှုန်းထက်ပိုပြီး ဖန်လုံ အိမ်ဓာတ်ငွေ့တွေ ထွက်နေမယ်ဆို မကြာခင် နှစ်ပိုင်း အတွင်းမှာကိုပဲ ကမ္ဘာ့ရာ သီဥတု တွေ သိသိ သာသာ ဆိုးဝါးလာတာ ကြုံကြ ရပါလိမ့်မယ်။ ရေအရင်း အမြစ်တွေ လျော့နည်းလာ မယ်၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ပြီး မြေနိမ့်ဒေသတွေ ရေအောက် ရောက်မယ်။ ပင်လယ်ရေ အက်ဆစ်ဓာတ် ပြင်းထန်လာမယ်။ အခြား ဘေးဆိုးတွေလည်း အများကြီး ဖြစ်လာမယ်။ ဆိုးကျိုး ဖြစ်ပြီဆို ရာစုနှစ်နဲ့ ချီပြီး ကြာမြင့် နိုင်တယ်။
လာမယ့် နှစ်ပိုင်းတွေမှာ ပင်လယ်ရေ ဘယ်လောက် မြင့်တက် လာနိုင်လဲ။
၁၉၀၁ ခုနှစ်က နေ ၂၀၁၀ ပြည့်နှစ် အတွင်း ကမ္ဘာ့ပျမ်းမျှ ပင်လယ် ရေမျက်နှာပြင် အမြင့် (၀ ဒသမ ၉) မီတာ မြင့်တက်ခဲ့တယ်။ တော်တော်မြန်တဲ့နှုန်းပါ။ ၂၁ ရာစုမှာ ပင်လယ် ရေပြင်မြင့်တက်နှုန်းက ပိုတောင် မြန်လာပါလိမ့်ဦးမယ်။ ကမ္ဘာကြီး ပူနွေးမှုကြောင့် ရေခဲမြစ်တွေ၊ ရေခဲပြင်တွေ အရည်ပျော်နှုန်း များလာ တာကြောင့် လည်း ပင်လယ်ရေ မျက်နှာပြင်ဟာ ပိုတောင် မြင့်တက်လာဦးမှာ ဖြစ်ပါတယ်။
အနာဂတ် ပင်လယ်ပြင် မြင့်တက်နှုန်းဟာ ကျွန်တော်တို့ လူသားတွေ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ဘယ်လောက် လျှော့ချနိုင်လဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ IPCC ၏ ခန့်မှန်းချက်အရ ၂၁၀၀ ပြည့်နှစ် ရောက်တဲ့အခါ ပင်လယ်ရေ မျက်နှာပြင် ပျမ်းမျှအမြင့်ဟာ လက်ရှိထက် (၀ ဒသမ ၂၆) ကနေ (၀ ဒသမ ၈၁) မီတာထိ မြင့်တက် လာနိုင်တာ တွေ့ရပါတယ်။
အာရှ အစိုးရတွေ ပြင်ဆင်မှုကောင်း မရှိကြရင် ပင်လယ်ပြင် မြင့်တက်မှုက အာရှဒေသကို ဘယ်လို ရိုက်ခတ်နိုင်လဲ။
ပြင်ဆင်မှုကောင်း ကင်းမဲ့ရင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမယ်။ မြေနိမ့် ကမ်းရိုးတန်း ဒေသတွေမှာ အသက်မွေး ၀မ်းကျောင်းမှုတွေ ထိခိုက်မယ်။ ကျွန်းစု နိုင်ငံငယ်တွေ ရေလွှမ်းခံရမယ်။ ကမ်းရိုးတန်းတွေ ရေလွှမ်းမှု၊ မုန်တိုင်း ဒီရေတက်မှုတွေ ပိုပြင်းပြင်း ထန်ထန် ကြုံရမယ်။
ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်ဖက် ကိုက်ညီမှုမရှိတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်း တော်တော်များများ သဘာဝ ဘေးဆိုးတွေ ဒဏ်ခံရနိုင်တယ်။ လူသား သန်းရာပေါင်း များစွာဟာ ကမ်းရိုးတန်း ရေလွှမ်းမှုတွေကြောင့် မြေယာ ဆုံးရှုံးရနိုင်တယ်။
ကမ်းရိုးတန်း ဒေသတွေမှာလည်း လူအများအပြား နေထိုင်မယ်၊ သဘာဝဘေး ရင်ဆိုင်နိုင်အောင် ကြိုတင် ပြင်ဆင်ဖို့ ပိုက်ဆံလည်း လုံလုံလောက်လောက် မရှိတဲ့ နိုင်ငံတွေ ဘေးဒဏ် ပိုခံရမယ်။ ထိခိုက်နိုင်ခြေ အများဆုံးကတော့ အရှေ့အာရှ၊ အရှေ့ တောင်အာရှနဲ့ တောင်အာရှ ဒေသတွေ ဖြစ်တယ်။
ရာသီဥတု ပြောင်းလဲမှု ဆိုးကျိုးတွေ ခံနိုင်ရည်ရှိအောင် ဘယ်လို ပြင်ဆင် ထားရမလဲ။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရေ မြေ အနေအထား ကွာခြားချက်ကြောင့် ပြင်ဆင်ရပုံခြင်း မတူနိုင်ဘူး။ ဆင်းရဲ တဲ့နိုင်ငံတွေ ပြင်ဆင်မှု မလောက်မငှနဲ့ သဘာဝ ဆိုးကျိုးဒဏ် ပိုခံရနိုင်တယ်။ ချမ်းသာတဲ့ နိုင်ငံတွေ ကတော့ ကောင်းကောင်း ကာကွယ်နိုင်တဲ့ အတွက် ဒဏ်ခံရ သက်သာမယ်။
ရာသီဥတု ပြောင်းလဲမှု ဆိုးကျိုး ရိုက်ခတ်မှု သက်သာအောင် အာရှနိုင်ငံတွေ ဘာလုပ်ရမလဲ။
ရာသီဥတု ပြောင်းလဲပြဿနာ ကိုင်တွယ်ရေးက ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာ အဆင့်ဆိုပြီး ရှိ တယ်။ ဒေသအဆင့်၊ နိုင်ငံအဆင့် တွေမှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ကြိုးပမ်းနေကြ တဲ့ နိုင်ငံ အတော်များများကို တွေ့လာရတဲ့ အတွက် အားရမိတယ်။ ကိုယ်စီကိုယ်စီ တာဝန် သိတတ်ကြ မယ်ဆိုရင် ၂၀၁၅ ခုနှစ်မှာ ပါရီမှာကျင်းပမယ့် ကုလသမဂ္ဂ ရာသီဥတု အရေးဆွေးနွေးပွဲမှာ ကမ္ဘာလုံးချီ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး သဘောတူညီချက် ရယူနိုင်မယ်လို့ ယုံကြည်တယ်။
ရာဂျန်ဒရာ ပတ်ချောရီသည် ကုလသမဂ္ဂက ဖွဲ့စည်း ပေးထား သော ရာသီဥတု ပြောင်းလဲမှု သိပ္ပံနည်းကျ ဆန်းစစ်ရေး အဖွဲ့ကြီး (IPCC) ၏ ဥက္ကဋ္ဌ ဖြစ်သည်။ IPCC ၏ ကြိုးပမ်းမှုကြောင့် နိုဘယ်ဆုကိုပါ ဆွတ် ခူးနိုင်ခဲ့သည်။ IPCC ကို ၁၉၈၈ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စေသည့် သိပ္ပံနည်းကျ အချက်အလက်များ ဖော်ထုတ်ရေး၊ ရာသီဥတု ပြောင်းလဲမှု၏ ရိုက်ခတ်ချက် များနှင့် အနာ ဂတ်ဆိုးကျိုး သက်ရောက်မှုများ ဖော်ထုတ်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်ဖက်ညီစွာ နေထိုင်ရေး၊ ဆိုးကျိုးသက်ရောက်မှု အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး နည်း လမ်းများကို ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာ အဆင့်အလိုက် IPCC က လမ်းညွှန်ချက်များ ပေးလျက်ရှိသည်။
Ref: Asia under ]increasing threat' from climate change by (DW)
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)