ကမ္ဘာ့အရှည်ကြာဆုံး ဟန်းနီးမွန်းခရီးစဉ်



ချစ်သူနှစ်ဦး ထိမ်းမြားလက်ထပ်ပြီးနောက် ဟန်းနီးမွန်း အပျော်ခရီး ထွက်ကြခြင်းမှာ ဓလေ့ထုံးစံ တစ်ခု အနေဖြင့် ဆန်းကျယ်လှသည် မဟုတ်ချေ။ သို့သော်လည်း ရက်ပေါင်း(၇၀၀)နီးပါးမျှ ကြာမြင့်ခဲ့သည် ဆိုသော ဟန်းနီးမွန်း ခရီးစဉ်မျိုး ဆိုသည်မှာမူ စိတ်ဝင်စားစရာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။ အမေရိကန် လူငယ်စုံတွဲတစ်တွဲသည် ၎င်းတို့၏ ပျားရည်ဆမ်းကာလ ဟန်းနီးမွန်း ခရီးစဉ်ကို တိုက်ကြီး (၆)တိုက်သို့ လှည့်လည်သွားရောက်ကာ စုစုပေါင်း (၃၃)နိုင်ငံထိ လည်ပတ်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း အမှတ်တရ နေရာပေါင်း (၃၀၂)ခုထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ မိုက်ခ်ဟောင်းဝပ်နှင့် အန်နာဟောင်းဝပ်တို့သည် ဟန်းနီးမွန်း ခရီးစဉ် တစ်ခု၏ ပျမ်းမျှရှည်ကြာမှု (၈)ရက်ဆိုသော ကန့်သတ် ချက်ကို ရိုက်ချိုးရန် ဆုံးဖြတ်ခဲ့ကြသည်။


၎င်းတို့နှစ်ဦး၏ ဟန်းနီးမွန်း ခရီးစဉ်တွင် ဆာဖာရီ လည်ပတ်မှု (၄၁)ကြိမ်၊ ဘတ်စ်ကား တက်စီးသည့် (၁၀၅)ကြိမ်၊ စကူဘာ ရေငုပ်အတွေ့အကြုံ (၃၉)ကြိမ်နှင့် ခြေလျင်သွားလာမှု (၁၁၀)တို့လည်း ပါဝင်ခဲ့ သည်။ မိုက်ခ်တို့ အနေဖြင့် ထိုမျှကြာရှည်သည့် ခရီးစဉ်အတွက် ကုန်ကျစရိတ်ကိုလည်း ကန့်သတ်သုံးစွဲ ခဲ့ရသည်။ ၎င်းတို့နှစ်ဦးသည် တစ်နေ့လျှင် တစ်ဦးချင်း ပျမ်းမျှ (၃၅)ဒေါ်လာခန့်သာ သုံးစွဲရန် ဆုံးဖြတ်ခဲ့ရ သည်။ ထိုခရီးစဉ်အတွင်း ၎င်းတို့သည် ဓာတ်ပုံပေါင်း (၂၂၆၁၅၂)ပုံ ရိုက်ခဲ့ကြသည်။ ခရီးတာ (၅၇၃၉၇) မိုင်ထိ ပေါက်ရောက် သွားလာခဲ့ကြသည်။ 


“ကျွန်တော်တို့မှာ ကမ္ဘာပတ်ပြီး ခရီးသွားချင်တဲ့ သူငယ်ချင်း တော်တော်များများ ရှိနေတယ်ဗျ။ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ကျွန်တော်တို့ အတူစဉ်းစားမိတယ်။ ရှိတဲ့ငွေတွေနဲ့ အိမ်တစ်လုံး၊ ဒါမှမဟုတ် ကားတစ်စင်း ဝယ်လိုက်မလား။ တခြားနည်းတစ်ခုက လူတိုင်းလိုလို အလုပ်ကနေ ပင်စင်ယူမှ အကောင် အထည်ဖော်နိုင်မယ့် ကိစ္စကို ဟန်းနီးမွန်းကာလမှာ စလုပ်မလား ဆိုတာပါပဲ။ ကိုယ့်အသက် (၃၀)ဝန်း ကျင်လောက်မှာ ဒါမျိုး ခရီးထွက်လို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ခုဆိုရင် ဒီခရီးစဉ်ရဲ့ အမှတ်ရစရာ အားလုံးက တစ်သက်တာ တည်မြဲနေတော့မှာ မဟုတ်လား”ဟု မိုက်ခ်က ဆိုသည်။



အန်နာသည် မဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်ပြီး မိုက်ခ်ကမူ ဓာတ်ပုံဆရာ တစ်ဦးဖြစ်သည်။ ၎င်းတို့နှစ်ဦး ပူးပေါင်းပြီး HoneyTrek.com?TropCoach ဆိုသော ဝက်ဘ်ဆိုက်ကို ထူထောင်ကာ ဟန်းနီးမွန်း ခရီးစဉ် ၏ အမှတ်တရ ဖြတ်သန်းမှုများကို မျှဝေခဲ့သည်။ တောင်အမေရိကမှ စတင်သော ခရီးစဉ်သည် အာဖရိက၊ အာရှ၊ ဥရောပ ဒေသများသို့ပါ ဖြန့်ကျက်သွားခဲ့သည်။ ၎င်းတို့နှစ်ဦး အနှစ်သက်ဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ညွှန်းဆိုထားပြီး မြန်မာနိုင်ငံသားများသည် ခင်မင်နှစ်လိုစရာ ကောင်းကြောင်းနှင့် မြန်မာ့ ရိုးရာ ယဉ်ကျေးမှုများ၊ ဝတ်စားဆင်ယင်မှုများမှာ အလွန်စွဲမက်ဖွယ်ကောင်းကြောင်း သုံးသပ်ဖော်ပြ ထားသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...