ဝတာ အပြစ်လား


ကိုထိုက်

အလွန်အမင်း အ၀လွန်သူများကို မသန်စွမ်းသူအဖြစ် စာရင်းသွင်း သတ်မှတ် သင့်မသင့်ကို ဥရောပ သမဂ္ဂတွင် အချေအတင် ဖြစ်နေသည်။ တရားစွဲဆိုမှု တစ်ခုမှ တစ်ဆင့် ထိုကိစ္စသည် ဥရောပသမဂ္ဂ တစ်ဝန်း လုံးနှင့် ဆိုင်သော ဆုံးဖြတ်စရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ မသန်စွမ်းသူများအဖြစ် ဥပဒေအရ သတ်မှတ် လိုက်မည်ဆိုပါက အ၀လွန်သူများ အတွက် အထူးသီးသန့် ခံစားခွင့်များပါ ထပ်တိုး ရရှိအောင် ဥပဒေအရ စီမံပေးမည် ဖြစ်သည်။ သို့သော် အ၀လွန်သူများကမူ ၎င်းတို့ကို မသန်စွမ်း စာရင်း ထည့်သွင်း မည်ကို မလိုလားဘဲ ဖြစ်နေသည်။

ဒိန်းမတ် နိုင်ငံတွင် နေ့ကလေးထိန်း ကျောင်း၌ အလုပ်လုပ်သော လူတစ်ယောက် ကို အ၀လွန်မှုကြောင့် အလုပ်မှ ထုတ်ပစ်သဖြင့် ထိုလူက တရားစွဲ ဆိုခဲ့သည်။ ထိုအမှုကို ဥရောပ တရားရုံးက ဆုံးဖြတ်ပေးပါရန် ဒိန်းမတ် နိုင်ငံက တင်သွင်း လာခြင်းဖြစ်သည်။

အလုပ်ထုတ် ခံခဲ့ရသော ကာစတန် ကဲတော့သည် ၁၆၀ ကီလိုဂရမ် (ပေါင် ၃၅၀) ကိုယ်လေးချိန် ရှိသည်။ စားသောက် နေထိုင်မှု ပုံစံကြောင့် ယခုလို ၀နေခြင်းဖြစ် ကြောင်းကဲတော့က ပြောသည်။ သို့သော် ၀ခြင်း သည် အလုပ်အတွက် ပြဿနာဟု ၄င်း မသတ်မှတ်ကြောင်း ကဲတော့က ပြောသည်။

ဥရောပ တရားရုံးသည် စီရင်ချက် မချမှတ်ရသေး။ တရားရုံးက ဆုံးဖြတ်သည့် ဖြတ်ထုံးသည် ဥရောပ သမဂ္ဂတစ်ဝန်း နိုင်ငံများ အလားတူ ကြုံလာရပါက စံအဖြစ်ယူကာ ကျင့်သုံးရမည့် ဖြတ်ထုံးတစ်ခု ဖြစ်လာ မည်။

အ၀လွန်ခြင်း နှင့် အလုပ်ခွင် အကြား ဆက်စပ်မှု ပြဿနာသည် ယခု နောက်ပိုင်းပိုလို့ ကြီးမား လာနေသည်။ ဥရောပ၊ အမေရိက သာမက ကမ္ဘာ့ဒေသ အများအပြားမှာပါ အ၀လွန် ပြဿနာ ဖြစ်ပွားလာသည်။ အင်္ဂလန် တွင် ၂၀၁၂ ခုနှစ်က ကောက်ထားသော စစ်တမ်းတစ်ရပ် အရလည်း အင်္ဂလန်တွင် အရွယ်ရောက်ပြီးသူ ထက်ဝက်ခန့်သည် အ၀လွန် နေကြကြောင်း တွေ့ရသည်။

အလုပ် ကောင်းကောင်း လုပ်နိုင်ရင် မဖြစ်ဘူးလား

နေ့ကလေးထိန်း ကျောင်းတွင် အလုပ် လုပ်သော မစ္စတာကဲတော့ က ၄င်းသည် ကလေးတွေ ဖိနပ်ကြိုးကို ကုန်းပြီး ချည် ပေးလို့ မရနိုင်လောက် အောင်ကို ၀နေကြောင်း စွပ်စွဲပြောဆို ခံထားရသည်။ မစ္စတာ ကဲတော့ ကမူ ထိုစွပ်စွဲချက် မမှန်ကန်ကြောင်း ဘီဘီစီ သတင်းဌာန နှင့် တွေ့ဆုံရာတွင် ဖြေရှင်းသည်။

““ကလေးတွေ နဲ့ ကြမ်းပေါ် တူတူထိုင် ပြီး ကျွန်တော် ကစားနိုင်တယ်။ ဖိနပ်ကြိုးလည်း ချည်ပေးနိုင်တယ်။ အလုပ်မှာ ဘာချို့ယွင်းချက်မှ မရှိဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် မသန်စွမ်းသူ တစ်ယောက်အဖြစ် မသတ်မှတ်ပါဘူး။ လူတစ်ယောက် ၀နေလို့ အလုပ် ထုတ်ပစ်တယ် ဆိုတာမျိုးကတော့ လုံးဝ မမျှတတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ၀ပေမယ့် ကိုယ့် အလုပ်ကိုယ် ကောင်းကောင်း လုပ်နိုင်တယ်ဆိုရင် အလုပ် ဆက်လုပ်ခွင့် ပေးသင့်ပါ တယ်””ဟု မစ္စတာကဲတော့က ပြောသည်။

အလုပ်ရှင် ဖြစ်သူကို ဆက်သွယ် မေးမြန်းသည့် အခါတွင်ကား မစ္စတာကဲတော့ ၀ိတ်ချနိုင်အောင် ကျန်း မာရေးစင်တာ စရိတ် သုံးလစာကို အလုပ်က ထောက်ပံ့ ပေးခဲ့ကြောင်း ပြောသည်။

““ပုံမှန် လေ့ကျင့်ခန်းတွေ ကျွန်တော်လည်း လုပ်ပါတယ်။ မာရသွန် လောက်ထိတော့ မပြေးနိုင်ပေမယ့် ကျွန်တော် ပြေးနိုင် သလောက် လည်း ပြေးပါတယ်။ လေ့ကျင့်ခန်း လုပ်ရတာလည်း အဆင်ပြေပါ တယ်”” ဟု မစ္စတာကဲတော့က ပြောသည်။

မစ္စတာကဲတော့ သည် Billund နေ့ ကလေးထိန်းကျောင်း အတွက် ၁၅ နှစ် တိတိ အလုပ် လုပ်ခဲ့သူ ဖြစ်သည်။ ထို့နောက်တွင် အ၀လွန် နေမှုကြောင့်ဆိုကာ အလုပ် ထုတ်ခံခဲ့ရသည်။ မစ္စတာကဲတော့ ကို အလုပ်ထုတ်ခြင်းမှာ ကျောင်းသို့ လာအပ်နှံသည့် ကလေး ဦးရေ ကျဆင်း လာခြင်းကြောင့်ဟုသာ အလုပ် တာဝန်ရှိသူများက ပြောသည်။ အားလုံးထဲ မှရွေးကာ မစ္စတာကဲတော့ကို ဘာကြောင့် ဖြုတ်ပစ်ကြောင်း ကား အသေးစိတ် မပြော။

အ၀လွန်ခြင်းကို မသန်စွမ်းမှု ပုံစံတစ်ခုအဖြစ် ဥရောပ တရားရုံးက ဆုံးဖြတ်ခဲ့ပါက ဥရောပ တစ်ဝန်း အလုပ်ရှင်များသည် အ၀လွန်သူများကို ဆက်ဆံနေရာပေးမှု ပုံစံ အချို့ကိုလည်း ပြောင်းလဲကြရမည် ဖြစ်ကြောင်း အလုပ်ခွင်တွင်း ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအဖွဲ့Eversheds မှ အန်ဒရီ ၀ီလီယံက ပြောသည်။

အ၀လွန်ခြင်းကို မသန်စွမ်းမှု ပုံစံတစ်ခုအဖြစ် တရားရုံးက ဆုံးဖြတ်လိုက်ပါက အလုပ်ရှင်များ၊ လုပ်ငန်းများ အနေဖြင့် အ၀လွန်သူများ အဆင်ပြေပြေ ကားရပ်နိုင်မည့် သီးသန့် ကားပါကင်များ၊ အဆင်ပြေစွာ ထိုင်နိုင်စေမည့် ကျယ်ကျယ် ၀န်းဝန်း ရုံးစားပွဲများပါ ပံ့ပိုးပေးကြ ရမည်ဖြစ်ကြောင်း မစ္စ၀ီလီယံက ပြော သည်။

ဥရောပသမဂ္ဂ တစ်ဝန်း တစ်ပြေးညီ သတ်မှတ် ထားသည့် အလုပ်ခွင်တွင်း မျှတစွာ ဆက်ဆံရေး ရည်ညွှန်းချက်များထဲတွင် အ၀လွန်ခြင်းကို မသန်စွမ်းမှု ပုံစံ တစ်ခုအဖြစ် ထည့်သွင်းသင့် မသင့်ကိုလည်း ဥရောပ တရားရုံးက ဆုံးဖြတ် ပေးရမည်ဖြစ်သည်။ မသန်စွမ်းမှုကို အရင်းခံ၍ အလုပ်ခွင်တွင်း ခွဲခြား ဆက်ဆံခြင်းများကို ဥရောပတစ်ဝန်း ဥပဒေဖြင့် တားမြစ်ထားသည်။

Ref: EU may define obesity as disability (BBC Health News)

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...