လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုအမူများအတွက် ပြစ်ဒဏ်များသတ်မှတ်


ကိုင်ရို

သန်းထိုက်စိုး

အီဂျစ်နိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုအမူများ ပြုလုပ်ပါက ချမှတ်မည့် ပြစ်ဒဏ်များကို ကြာသပတေးနေ့ က သတ်မှတ် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံတွင် ယခုထိတိုင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုအမူ ဆိုသည်မှာ မည်သည့် အပြုအမူများ ဖြစ်ကြောင်းကို ဥပဒေဖြင့် တရားဝင် အဓိပ္ပာယ် ဖွင့်ဆိုထားခြင်းမျိုး မရှိသေးဘဲ ဖြစ်နေသည်။ ကုလ သမဂ္ဂ၏ ၂၀၁၃ ခုနှစ် စာရင်းများအရ အီဂျစ် အမျိုးသမီး (၉၉) ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ မဖွယ် မရာ အပြုအမူမျိုး လုပ်ပြခြင်းကို ခံကြရကြောင်း သိရသည်။ သို့ဖြစ်သောကြောင့် ယခုအခါ လိင်ပိုင်းဆိုင် ရာ မဖွယ်မရာ ပြုမူမှုများကို ကြားဖြတ် အစိုးရသမ္မတ အဒီ မန်ဆာက တရားဝင် သတ်မှတ်၍ ဥပဒေ ပြင်ဆင်ချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ပြစ်ဒဏ်များထဲတွင် ထောင်ဒဏ်၊ ငွေဒဏ်နှင့် နှစ်မျိုးလုံး ချမှတ်မည့် ပြစ်ဒဏ်များ ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော စကားလုံးများ၊ သင်္ကေတပြမှုများ၊ အပြုအမူများ ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လထိ ချမှတ် နိုင်တော့မည် ဖြစ်သည်။ ငွေဒဏ်အားဖြင့်လည်း အီဂျစ်ပေါင်ငွေ သုံးထောင် (၄၁၉ ဒေါ်လာ) ဒဏ်ရိုက်ခံရ မည်ဖြစ်သည်။

လိင်ဆိုင်ရာ အမြတ် ထုတ်လိုမှုဖြင့် ပြုလုပ်ကြောင်း ထင်ရှားပါကလည်း ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ ဒဏ်ငွေ အီဂျစ်ပေါင် တစ်သောင်းမှ နှစ်သောင်းထိ ပူးတွဲဒဏ်ရိုက် ခံရမည်ဖြစ်ကြောင်း သိရသည်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုသူသည် အလုပ်အကိုင် အရလည်းကောင်း၊ ပညာရေး အရ လည်းကောင်း၊ မိသားစုအရေး အရလည်းကောင်း အပြုခံရသူကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် ဖိအားပေးကြောင်း ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်မှ ငါးနှစ် အထိအပြင် ငွေဒဏ်လည်း အီဂျစ် ပေါင်ငွေ နှစ်သောင်းမှ ငါးသောင်းထိ ပူးတွဲ ဒဏ်ရိုက်ခံရ မည်ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အီဂျစ်သမ္မတ ဟိုစနီ မူဘာရတ်ကို ဖြုတ်ချခဲ့ပြီး နောက်ပိုင်းတွင် အီဂျစ်၌ အမျိုးသမီး များအား လိင်ဆိုင်ရာ မဖွယ်မရာ လုပ်မှုများ တိုးသတက် တိုးလာကြောင်း စာရင်းများအရ သိရသည်။ မူဘာရတ်နှင့် နောက်ထပ် သမ္မတ မိုဟာမက်မော်ရ်စီ ကို ဖြုတ်ချရေး ဆန္ဒပြပွဲများ အလယ်မှာပင် အကြမ်းဖက်သော လူငယ်စုများ က အမျိုးသမီးများကို မဖွယ်မရာ လုပ်မှုများ ရှိခဲ့ကြောင်း သိရသည်။

မိန်းကလေးများ အ၀တ်အစား မတတ်၍ မဖွယ်မရာ ဆက်ဆံ ခံရသည်ဟု အီဂျစ် အဓိက တက္ကသိုလ်ကြီး တစ်ခုမှ အဆောင်မှူး တစ်ဦးက မှတ်ချက် ပေးခဲ့သဖြင့်လည်း နိုင်ငံတစ်ဝန်း ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။

Source: AFP
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...