ကျောင်းဆက်မတက်နိုင် သူများအတွက် အခမဲ့ ရွေ့လျားပညာရေးဝန်ဆောင်မှု စတင်မည်

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက် မတက်နိုင်သော လူငယ်များ၊ ရေးတတ် ဖတ်တတ်အဆင့်ရှိ သော လူငယ်များအတွက် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့မှ အသက်မွေးဝမ်းကျောင်း ပညာများကို ၁၀ ရက်ကြာ အခမဲ့ လာရောက်သင်ကြားပေးမည့် ဝန်ဆောင်မှုကို ဇွန်လနောက်ဆုံးပတ်တွင် စတင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
စေလွှတ်
ဒေသခံပြည်သူများ၏ ဒေသအလုပ်အကိုင် လိုအပ်ချက်နှင့်အညီ သင်ကြားပေးစေလိုသည့် ဘာသာရပ် သင်တန်းအမျိုးအစားများကို သင်တန်းသား ၃၀ ထက်မနည်း စုစည်းပေးနိုင်ရမည်ဖြစ်ပြီး တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရမှတစ်ဆင့် တောင်းဆိုပါက အဆိုပါရွေ့လျားအထူးလုပ်ငန်းအဖွဲ့ကို စေလွှတ်သင် ကြားပေးမည်ဖြစ်သည်။
စီစဉ်ထား
‘တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကနေတစ်ဆင့် တောင်းဆိုရမှာဖြစ်ပြီး လိုအပ်တဲ့ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လာရောက်သင်ကြားပေးမှာ ဖြစ်ပါတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ပါ။ ဒါပေမဲ့ သွားလာ ရခက်ခဲတဲ့ ဒေသတွေက ကလေးတွေအတွက်ကို ကျွန်တော်တို့ ကျောင်းတွေမှာ တက်ရောက်နိုင်ဖို့ စီစဉ်သွားပေးသွားမှာပါ’ ဟုစက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားမှူးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်သူက စံတော်ချိန်သို့ပြောဆိုခဲ့သည်။
လျှပ်စစ်ပညာသင်တန်း၊ ပိုက်ဆက်ပိုက်ပြင်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်း၊ မော် တော်ယာဉ် လျှပ်စစ်ပြင်သင်တန်း၊ လျှပ်စစ်မော်တာပြုပြင်နည်းသင်တန်း၊ သံဂဟေဆက်သင်တန်း၊ ဓာတ်ငွေ့ဂဟေဆက်သင်တန်း၊ အခြေခံလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း၊ သံထည်နှင့်သံပြားလုပ်ငန်း သင်တန်း၊ စိုက်ပျိုးရေးလုပ်ငန်း အသေးစားအင်ဂျင်နှင့် ပန့်များပြုပြင်ခြင်း သင်တန်း၊ တီဗွီနှင့် ဒီဗွီဒီအခြေ ခံပြုပြင်ခြင်းသင်တန်းစသည့် သင်တန်းများကို စက်မှုဝန်ကြီးဌာနအနေဖြင့် လာရောက်သင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။
အခမဲ့
‘ဇွန်လနောက်ဆုံးပတ်မှာ ပခုက္ကူမှာ သင်တန်းစပေးမယ်’ ဟု ၎င်းကပြောသည်။ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှလည်း အသက်မွေးဝမ်း ကျောင်းပညာရပ်များကို ရွေ့လျားစနစ်ဖြင့် အခမဲ့ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းများကို စိတ်ဝင်စားသူများအနေဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဖုန်း-၀၆၇-၄၀၄၅၀၅၊ ၀၆၇-၄၀၄၅၀၆၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဖုန်း-၀၉-၈၅၂၀၃၄၄၊ စက်မှုဝန်ကြီးဌာန ဖုန်း-၀၆၇-၄၀၅၁၇၃ နှင့် မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း-၀၉-၂၅၀၂၈ ၂၂၁၀ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
စံတော်ချိန်သတင်းစာ
ဇွန် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)