တကယ်ဖြစ်ချင်ရင် တကယ်လုပ်ကြပါ



ပညာရေး ဝန်ထမ်းတစ်ဦးဖြစ်ခဲ့သူ စာရေးသူအနေဖြင့် ယခုနိုင်ငံတော်အစိုးရလက်ထက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ပညာရေးဝန်ကြီးဌာနသာမက အခြားဆက်စပ် အဖွဲ့အစည်းအသီးသီး၊ ဝါရင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ Stakeholders ဟုပြောကြသော ပညာရေးကဏ္ဍတွင် ပါဝင်ပတ် သက်နေသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းမှုများ နေရာအသီးသီး၊ အလွှာအသီး သီးတွင် ကျင်းပနေမှုများအပေါ်၊ တက်ကြွစွာဆောင်ရွက်နေမှု များအပေါ် ဝမ်းသာစွာကြိုဆိုပါသည်။

ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတော်အစိုးရက ပွင့်လင်းမြင်သာစွာ တစ်ဆင့်ပြီးတစ်ဆင့် ကဏ္ဍနယ်ပယ် အသီးသီးတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြိုးစား အကောင်အထည် ဖော်ဆောင်နေခြင်းအပေါ် ပြည် သူတစ်ဦးအနေဖြင့်လည်း လေးစားစွာ ဂုဏ်ယူမိပါသည်။

Reform ဟုဆိုကတည်းက ရှိနှင့်ပြီးကျင့်သုံးနေဆဲ၊ သမားရိုးကျ လုပ်ကိုင်နေမှုများမှ ဖောက်ထွက်ကာ အားနည်းချက်များကို သုံးသပ်ပြီးအကျင့်၊ အလေ့အထတို့ကိုပါ ပြုပြင်ြေ့ပာင်းလဲရန်ဟူ၍ နားလည်သ ဘောပေါက်ပါသည်။

နိုင်ငံတကာ ပညာရေးစနစ်ကို လေ့လာကြည့်ပါက ယခင်လက်ခံထားကြသော သင်ကြားရေးစနစ်ပုံစံ သည်သမားရိုးကျ ဘယ်သူလဲ၊ ဘာကြောင့်လဲ၊ ဘယ်အရာလဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်အချိန်ကလဲ စသည့်မေးခွန်းများကို ဖြေကြားသည့် နည်းစနစ်သာဖြစ်ပြီး စနစ်တကျသီအိုရီကို လေ့လာကာကျိုး ကြောင်းပြမေးမြန်းသော အဘယ်ကြောင့်နည်း မည်သည့်အရာနည်းတို့ကို ဖြေကြားနိုင်စွမ်းမရှိကြောင်း ပညာရှင်တို့ကသုံးသပ်ကြသည်။

ပညာရေးသည် ယေဘုယျအားဖြင့် မျိုးဆက်တစ်ခုတစ်ခုသို့ သင်ကြားခြင်း၊ လေ့ကျင့်ခြင်း၊ သုတေသန ပြုခြင်းတို့မှသည် ဗဟုသုတအတွက်၊ ကျွမ်းကျင်မှုအတွက် အလေ့အထအတွက် သင်ယူခြင်းပုံစံမျိုးဖြစ် ပေရာနိုင်ငံများ၌ ပြုပြင်ပြောင်းလဲမှုပြုလုပ်ကြရာတွင် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ပို၍ဦးစား ပေးလုပ်ဆောင်လေ့ရှိသည်ကို နိုင်ငံတကာမှတ်တမ်းများအရ တွေ့ရှိရပေသည်။

ယခုအခါ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံများတွင် ပညာရေးကို accountability-responsibility ဟူသော စံပေတံများနှင့် တိုင်းတာလာကြသည်။ ထို့အပြင် Education Management Information System စနစ်ကိုလည်း နိုင်ငံအတော်များများက ကျင့်သုံးနေကြသည်။ ကျောင်းသားများ၏ အောင်မြင်ဖြစ်ထွန်း မှုနှင့်အတူ ကမ္ဘာတစ်လွှားရှိပညာရေးစနစ် ပုံစံတို့ကိုချိန်ထိုးယှဉ်ကြည့်လာနေကြပြီ ဖြစ်သည်။ သတင်း အချက်အလက်များ လုံလောက်စွာဖြန့်ဖြူးပေးကာ ရွေးချယ်နိုင်မှု၊ ပါဝင်ဆောင်ရွက်နိုင်မှု၊ ထုတ်ဖော်ဖွင့် ဟမှုတို့သည် ၂၁ ရာစုနှစ်၏ accountability ဟူသောတာဝန်ခံမှုကို ပြသနိုင်သော၊ ပညာရေးဆိုင်ရာ ဆောင်ရွက်ပေးနေကြသော လမ်းကြောင်းများပင်တည်း။

ပညာရေးစနစ်မြှင့်တင်ပေးရန်ဟုဆိုရာတွင် အရေအတွက်ပညာရေးမျိုး (ဥပမာ-ကျောင်းနေကာလတိုး မြှင့်ခြင်းမျိုး၊ ကျောင်းအပ်နှံမှုမြင့်မားတိုးတက်လာမှုမျိုးမဆိုလိုပါ) မဟုတ်ဘဲစာတတ်မှုနှုန်း၊ ကိန်းဂဏန်း ဆိုင်ရာနှင့် အခြားသိမြင်တတ်စွမ်းသောစွမ်းရည် မြင့်မားလာမှုများ မြင့်မားလာရန်ကို ဆိုလိုပါသည်။

မိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသော ပညာရေးစနစ်နှင့်ပတ်သက်၍ သုတေသီများစွာက နိုင်ငံများစွာတွင် အချက်အလက်များကို နမူနာကောက်ခံကာ စံပြုနိုင်သောစစ် ဆေးမှုများ benchmark tests နှင့်စစ်ဆေး၍ကျောင်းသားပျမ်းမျှ ကျောင်းတက်ရောက်မှုအဆင့်နှင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အကြား အပြန်အလှန်ဆက်စပ်မှုရှိ၊ မရှိကိုသုတေသနပြုခဲ့ကြ သည်။ တွေ့ရှိချက်များအရ ကွဲပြားသောသိမြင်တတ်စွမ်းသော စွမ်းရည်များ (Congnitive Skills) ပျမ်းမျှသည်တစ်ဦးချင်း ဝင်ငွေတိုးတက်မှု (per capita income growth) နှင့်အမြဲတမ်း အပြန်အလှန် ဆက်စပ်မှုမြင့်မားစွာရှိနေသည်ကို တွေ့ရှိကြကြောင်းဖော်ပြကြပါသည်။

အလယ်အလတ်နှင့် ဝင်ငွေရနည်းပါးသောနိုင်ငံများတွင် အနှစ် ၂၀ ခန့်သုတေသန ပြုစုချက်မှရရှိသော အသုံးများပြီးတာဝန်ခံမှုကို ပြသနိုင်သည့်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းဗျူဟာများအနက် အသုံး များသော အောက်ပါနည်းဗျူဟာ (၃) ခုကိုကောက်နုတ်ဖော်ပြလိုပါသည်။

(က) တာဝန်ခံမှုကို ပြသနိုင်သည့်သတင်းအချက်အလက်
(Informations for accountability)

(ခ) ကျောင်းကိုအခြေခံပြုသော စီမံခန့်ခွဲမှု
(School-based Management)

(ဂ) ဆရာများအတွက် မက်လုံးများ
(Teacher Incentives)

အဆိုပါအချက်များအနက် ဆရာများအတွက် မက်လုံးများနှင့်ပတ်သက်၍ တွေ့ရှိချက်ကို အထူးဖော်ပြ လိုပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပညာရေးအခြေအနေကျရှုံးရခြင်းကို ဆန်းစစ်လေ့လာပါက ဆရာများ စာသင်ခန်းအတွင်း ထိရောက်သောစာသင်ကြားမှုမရှိခြင်း၏ အကြောင်းရင်းသည် ဆရာများအတွက် လုံလောက်သော မက်လုံးမပေးနိုင်ခြင်းဟူသောအချက်က အခိုင်အမာထောက်ပြနေပါသည်။ ပညာ ရေး စနစ်ပုံစံများစွာထဲတွင် စာသင်ကြားမှုကောင်းစွာ ဆောင်ရွက်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့ကို ဆရာ များ အတွက်ဆောင်ရွက်ရာတွင် ဆရာများ၏ထူးခြားစွာ ကြိုးပမ်းအားထုတ်မှု၊ တီထွင်ကြံဆမှုနှင့် ကောင်းသော ရလဒ်များရရှိမှုတို့ကိုမူ ဆုချီးမြှင့်မှုမရှိခြင်းနှင့် ရလဒ်မကောင်းခြင်းများအတွက် အပြစ်ပေး ခြင်းမျိုးလည်း မတွေ့ရပေ။

ထို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစည်းတို့က ဆရာများနှင့်ဆိုင်သော ပြုပြင်ပြောင်းလဲရေးမူ (၂) ချက်ကိုစမ်းသပ်ကာ သင်ကြားရေး မြှင့်တင်ဆောင်ရွက်ရန် ကြိုးပမ်းနေကြကြောင်း ဖတ်ရှုနေရပါသည်။ အဆိုပါဆရာများ၏ စာသင်ကြား ရေးဆောင်ရွက်ရာတွင် တာဝန်ခံမှုတိုးတက်ခိုင်မာလာစေရန် အောက်ပါပြုပြင်ပြောင်းလဲရေးမူများကို ဖော်ပြထားပါသည်-

(၁) သဘောတူ စာချုပ်ငှားရမ်းစနစ်

(၂) စွမ်းဆောင်မှုအတွက် ချီးမြှင့်သည့်စနစ်

အဆိုပါပြုပြင်ပြောင်းလဲရေးမူတို့ကို စီမံခန့်ခွဲမှုကျစ်လျစ်စွာဖြင့် ပညာရေးပေါ်လစီချမှတ်သူများနှင့် ပံ့ပိုး သူများအကြားတိကျသော မျှော်မှန်းရလဒ်များချမှတ်ကာ ပြတ်သားသောချီးမြှင့်မှုများနှင့် အရေးယူမှု များကိုပါ ပြုလုပ်နိုင်ပေသည်။

ကျောင်းသားများ သင်ယူမှုရလဒ်များ ပိုမိုကောင်းမွန်တိုးတက်လာရေးအတွက်ဆိုပါက မည်သည့်အရပ် ဒေသတွင်ရှိသည့် မည်သည့်စာသင်ကျောင်းများတွင်မဆို နည်းဗျူဟာမျိုးစုံကိုသုံးကာ ဆောင်ရွက်ကြ ရန် လိုပေသည်။ ထိုအထဲမှတချို့ကို ထုတ်နုတ်ပြရသော် ဆရာများကိုလေ့ကျင့် သင်တန်းပေးခြင်း၊ သင်ရိုး ညွှန်းတမ်း ပြုပြင်ပြောင်းလဲခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၊ ဖတ်စာအုပ်များ ထုတ်ပေးခြင်း၊ ကျောင်း များ တွင်နေ့လယ်စာစီစဉ်ပေးခြင်း၊ စာကြည့်တိုက်များနှင့်လိုအပ်သော အခြေခံအဆောက်အအုံများ ဆောက် လုပ်ပေးခြင်း စသည်တို့ပါဝင်ပေသည်။

အရည်အသွေးပြည့်ဝ၍ တက်ကြွပြီးထိရောက်စွာ သင်ကြားနိုင်သည့်ဆရာများတွင် အသိအမှတ်ပြုခြင်း နှင့် သိက္ခာရှိရှိ၊ အပိုဆုကြေးရရှိမှု၊ လစာခြားနားမှုများရရှိမှု၊ အလုပ်အကိုင်တည်ငြိမ်မှု၊ ပင်စင်နှင့်အ ကျိုး အမြတ် ခံစားရမှု၊ ပညာရှင်ဘဝဖြင့်ရှင်သန်မှု၊ လုံလောက်သောအခြေခံအဆောက်အအုံနှင့် သင်ကြားမှု အထောက်အကူများ ပံ့ပိုးရရှိမှု၊ ထူးချွန်ပိုင်နိုင်စွာ တတ်ကျွမ်းမှု၊ လုပ်ငန်းနှင့်ဆက်စပ်ဆောင် ရွက်ရသူများ ကို တုံ့ပြန်နိုင်မှု၊ စိတ်ဓာတ်ကောင်းစွာဖြင့် တက်ကြွစွာဆောင်ရွက်တတ်မှု စသည်တို့လို အပ်ကြောင်းကို သုတေသီတို့က ဖော်ထုတ်လာကြသည်။

မည်သို့ပင်ဆိုစေကာမူ လူတို့၏သဘောသဘာဝအရ မိဘတိုင်းသည်မိမိတို့ သားသမီးများကို အကောင်း ဆုံးစာသင်ကျောင်း၊ အကောင်းဆုံးဆိုသော ဆရာများနှင့်သာသင်ယူစေလို၊ တတ်စေလိုကြသည်။ လို သည်ထက်ပို၍ လုပ်နိုင်တတ်နိုင်သူများက ပို၍ပို၍လုပ်ကြသည်။ လူကိုလူချင်းပင် ဖျက်ဆီး ကြာခြင်းပင်ဖြစ် သည်။ ပုံမှန်ထက်ပို၍ လုပ်ကြခြင်းဖြင့် မူမမှန်များဖြစ်လာကြသည်။ မူမမှန်မှုများ၍ လူမမှန်မှုများလာကြရ သည်။ ဆရာများလောကတွင် စေတနာကောင်းသောဆရာပင် မကျန်လောက် အောင်ကျူရှင်ဝါးလုံး ရှည်ဖြင့်ရမ်းကြသည်။ မူလတန်းမှသည် တက္ကသိုလ်တိုင်အောင် ပြေးမလွတ်နိုင် အောင်ဖန်တီးသူများ ဖြစ်လာကြသည်။ အခကြေးငွေယူ၍သင်သောဆရာများကို မလေးမခန့်ဖြစ်ကုန် ကြသည်။ မကောင်း သူများလာ၍ အကျင့်ကောင်းသော၊ စာသင်ကောင်းသော၊ စေတနာကောင်းသော ဆရာတို့သည်ပင်လျှင် အသပြာဆရာ၊ ကျူရှင်ဆရာဟူသော အမည်နာမအောက်သို့ သက်ဆင်းကုန် ကြသည်။ မြို့ကြီးများတွင် လား၊ မဟုတ်ပါ။ မြို့လတ်၊ မြို့ငယ်လေးများသို့ပါ တောမီးပမာပျံ့နှံ့ခဲ့ကြ သည်။ ဆရာအတော်များများတွင် ကိုယ်ပိုင်စာသင်ဝိုင်း၊ ကိုယ်ပိုင်ဘော်ဒါများ တည်ထောင်လာကြ သည်။ ကျောင်းအုပ်ကြီးတွေကလည်း မသိကျိုးကျွံပြု၊ တီအီးအိုတွေကလည်း မမြင်ချင်ယောင်ဆောင်၊ နယ်လှည့်စစ်ဆေးသူတွေကလည်း မကြား၊ ကျောင်းစာသင်ခန်းများက တိတ်ဆိတ်၍ ကျူရှင်ဝိုင်းများ ကစည်ညံနေတော့သည်။ (အလုပ်က ထွက်၍ သီးသန့်စာသင်ဝိုင်း သင်ကြားနေသူများ၊ မူလကတည်း ကပြင်ပကျောင်း ထူထောင်နေကြသူများ ကို မဆိုလိုပါ)

ဆရာဟူသော အလုပ်သည် အူမ မတောင့်လည်း သီလစောင့်အပ်ပါသည် ဟုရှေးဆရာကြီးများ ပြောလေ့ ရှိကြပါသည်။ ပညာခေတ်ဟုဆိုကြသော ယခုအချိန်အခါတွင် ကျောင်းများတွင် အတတ် ပညာသာမက အတွေးအခေါ်အလေ့အကျင့်များပါ သင်ကြားပေးဖို့နေနေသာသာ သင်ခန်းစာများ ကောင်းမွန်စွာ မသင်ခြင်း၊ တတ်မြောက်အောင်လေ့ကျင့်မပေးခြင်း၊ မြန်မာစာကို မြတ်နိုးစေရန် မသင် ပေးခြင်း၊ မိမိတို့ နိုင်ငံသမိုင်းကို သိရှိနားလည်စေရန် မသင်ကြားခြင်းတို့ကို ရင်နင့်ဖွယ်တွေ့ရှိရပေ သည်။ စနစ်ကိုအပြစ်ချ၊ အုပ်ချုပ်သူများကို ရှုတ်ချ၊ ပညာရေးမူဝါဒအကောင်းမမြင်တို့ကိုသာ တွင်တွင် ပြောကြပါသည်။ တက္ကသိုလ် များတွင် ဘာသာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်သူ ဆရာများသည် ပို့ချချက်စာရွက်များ ထုတ်ဝေခြင်း၊ Lecture Notes မျဉ်းသား၍ မှတ်စေခြင်း၊ ဘာသာပြန်ပေး ၍သင်ကြားကာ သဘောတရား ကိုမူ ကောင်းစွာမရှင်းလင်းခြင်း၊ ကောက်နုတ်ရွေးချယ်ကျက်မှတ်စေ ခြင်းတို့ကိုသာ တွင်တွင်ဆောင်ရွက် ကာ spot ပေးသောဆရာအဖြစ်သာ ခံယူလာကြပြီး ကျောင်းသား အများစုကလည်း အလွယ်ကြိုက်ဖြတ် လမ်းလိုက်ရသည်ကို အကြိုက်ပိုတွေ့လာကြသည်။ တက္ကသိုလ် စာကြည့်တိုက်များသည် ဘွဲ့ရရှိကြ ကုန်သောကျောင်းသား အဆက်ဆက်တို့လာရောက်ခြင်း၊ လေ့လာ ဆည်းပူးခြင်း မပြုအပ်သောနေရာ အလား အထီးကျန်စွာရှိကြသော အဆောက်အအုံတစ်ခုပင်ဖြစ်နေ တော့သည်။

စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် သင်ကြားရေးကို တာဝန်ယူနေကြသူများ အမှန်တကယ် တတ်မြောက်ခြင်းရှိ၊ မရှိ မိလုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိ၊ မရှိတို့ကို ဆန်းစစ်အဖြေရှာကြဖို့လိုပါပြီ။ ကျောင်းသားများကို တကယ်တတ်အောင် သင်ကြားပေးနိုင်ဖို့လိုအပ်ပါပြီ။

အရည်အချင်းမီသော ဆရာများကိုသာ ခန့်ထားခြင်း၊ သင်ကြားရေးဆိုင်ရာ အထောက်အကူ မွမ်းမံသင် တန်းများ စနစ်တကျသင်ကြားပေးဖို့လိုပါပြီ။ ဆရာများ တတ်မြောက်မှုကျွမ်းကျင်မှုရှိရန် လိုအပ်လှပါ သည်။ မိမိတို့နိုင်ငံဖြတ်သန်းလာခဲ့ရသော ခေတ်အဆက်ဆက်တွင် နိုင်ငံခြားပြန်မဟုတ်သော နိုင်ငံ ဖြတ်သန်းလာခဲ့ရသော ခေတ်အဆက်ဆက်တွင် နိုင်ငံခြားပြန်မဟုတ်သော ဆရာကြီး၊ ဆရာမကြီးများ သည် သူတို့၏ရင်နှင့်အမျှ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ အနစ်နာတို့ဖြင့် သင်ကြားပေးခဲ့ကြ၍ မည် သည့်ကျူရှင်၊ မည်သည့်ဝိုင်းမျှမလိုဘဲ၊ မိမိတို့၏ဘိုးဘွား၊ မိဘများ စာကောင်းစွာတတ်မြောက်ခဲ့ကြပါ သည်။ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့သော အချိန်တွင်ပင် မြန်မာစာအဆင့်အတန်းနိမ့်ကျခြင်း မရှိ ခဲ့ပါ။ ဆရာများကကောင်းမွန်စွာ သင်ကြားပေးနိုင်ခဲ့ကြ၍ မိမိတို့လူတစ်လုံးသူတစ်လုံးဖြစ်ခဲ့ကြပါသည်။

ဤသည်တို့ကို ထောက်ထား၍ အပြစ်ပုံချနေကြမည့်အစား စာတကယ်တတ်အောင် သင်နိုင်သူများ များလေ့ကျင့်မွေးထုတ်ရေးမှာ တကယ်လုပ်ရင် တကယ်ဖြစ်မှာပါဟု တိုက်တွန်းလိုက်ရပါသည်။ ။ 


ကြေးမုံသတင်းစာ
ဇွန် (၆) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...